လူ့အခွင့်အရေးထက် ပြည်သူ့ဘဝ လုံခြံုရေး ဦးစားပေးဖို့ ကြံ့ခိုင်ရေး ဆုံးဖြတ်

လူ့အခွင့်အရေးထက် ပြည်သူ့ဘဝ လုံခြံုရေး ဦးစားပေးဖို့ ကြံ့ခိုင်ရေး ဆုံးဖြတ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ နိုဝင်ဘာ ၂၃ ရက်က ကျင်းပသည့် ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးတွင် လူ့အခွင့်အရေးထက် ပြည်သူ့ဘဝ လုံခြံုရေးကို ဦးစားပေးရန် အပါအဝင် ပြည်တွင်း ငြိမ်းချမ်းရေး အောင်မြင်အောင် ကူညီမည်ဟူသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။

ပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေး၊ ဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ တက်ရောက်သည့် အစည်းအဝေးတွင် အမျိုးသား အကျိုးစီးပွားကို တိုးတက်အောင် ဦးစားပေး ဆောင်ရွက်မည်ဟူသည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်ဟု ပါတီ သတင်းစာဖြစ်သော ပြည်ထောင်စုနေ့စဉ် သတင်းစာက နိုဝင်ဘာ ၂၄ ရက်တွင် ဖေါ်ပြသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် “အမျိုးသားရေးနှင့် အမျိုးသား အကျိုးစီးပွား ခိုင်မာတိုးတက်ရေးအတွက် ဦးစားပေး ဆောင်ရွက်မည်၊ လူ့အခွင့်အရေးထက် ပြည်သူလူထု၏ စားဝတ်နေရေးနှင့် လူမှုဘဝ လုံခြံုရေးကို ဦးစားပေးဆောင်ရွက်မည်၊ အခြေခံတည်ဆောက်ထားပြီးဖြစ်သည့် ပြည်တွင်း ငြိမ်းချမ်းရေး အောင်မြင်စေရန် အားပေးကူညီမည်” ဟူသည့် ဆုံးဖြတ်ချက်များ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီဌာနချုပ်တွင် ကျင်းပသည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်က စတင်ကျင်းပခြင်းဖြစ်ရာ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသန်းဋ္ဌေးလည်း တက်ရောက်ကာ အမှာစကား ပြောကြားခဲ့သည်။

ဦးသန်းဋ္ဌေး၏ အမှာစကား ကောက်နုတ်ချက် အချို့ကို ပါတီသတင်းစာဖေါ်ပြရာတွင် “ပြည်ခိုင်ဖြိုးပါတီသည် အမျိုးသားရေးကို ဦးထိပ်ထားသည့် ပါတီဖြစ်ကြောင်း၊ ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံ ရှိနေသရွေ့ ပြည်ခိုင်ဖြိုးပါတီ တည်ရှိနေမည်ဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ ရှိနေသမျှ အမျိုးဂုဏ် ဇာတိဂုဏ် မညိုးနွမ်းစေကြောင်း ပြည်ခိုင်ဖြိုး ပါတီ ရှိနေသမျှ မြန်မာပြည်နယ်နိမိတ် မပြောင်းလဲစေရ” စသည့် ကောက်နုတ်ချက် အချို့ကိုလည်း ဖေါ်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly