မြေနီကုန်း ခုံးကျော်တံတားကို လှပပြီး ပြည်သူများ အပန်းဖြေနိုင်သည့် နေရာဖြစ်အောင် ပြုလုပ်သွားမည်ဟု တိုင်းအစိုးရပြော

မြေနီကုန်း ခုံးကျော်တံတားကို လှပပြီး ပြည်သူများ အပန်းဖြေနိုင်သည့် နေရာဖြစ်အောင် ပြုလုပ်သွားမည်ဟု တိုင်းအစိုးရပြော
ကစားကွင်းသဖွယ်သုံးနေရသည့် ခုံးကျော်တံတားအောက် နေရာများ

မြေနီကုန်းခုံးကျော်တံတားကို လှပပြီး  ပြည်သူများ အပန်းဖြေနိုင်သည့် နေရာဖြစ်အောင် ပြုလုပ်သွားမည်ဟု ရန်ကုန်တိုင်း၊ ကရင်လူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသင်ဇာမျိုးက မင်္ဂလာပါပွဲတော် (Mingalarbar Festival) နှင့်ပတ်သက်သည့် ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။                                

အမျိုးသားကဇာတ်ရုံရှိ ရုပ်သေးရုပ်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် မြေနီကုန်း ခုံးကျော်တံတား ပြန်လည် မွမ်းမံခြင်းစီမံကိန်းများအကြောင်း ရှင်းလင်းသည့် အဆိုပါသတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ ၂၃ ရက်က အမျိုးသားကဇာတ်ရုံ၌  ပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ပြီးစီးမည့် အချိန်နှင့်ပတ်သက်၁င ဒေါ်နော်ပန်းသင်ဇာမျိုးက "ဒီပွဲတော်နဲ့အတူ ကျင်းပဖို့ဖြစ်ပါတယ်။ မြေနီကုန်းခုံးကျော်တံတားကိုလှပအောင် ဒီဇိုင်းလုပ်တဲ့အခါ ပညာရှင်တွေ၊ နည်းပညာ တက္ကသိုလ်က ကျောင်းသားတွေနဲ့ဖိတ်ခေါ်ပြီးလုပ်ခဲ့ပါတယ်" ဟု ဆိုသည်။

မင်္ဂလာပါပွဲတော်တွင် ပြင်သစ်နှင့် မြန်မာပြည်မှ အနုပညာရှင် အချင်းချင်း အနုပညာများကို ဖလှယ်ခွင့်ရပြီး  ဖန်တီးမှုအသစ်များကို ရန်ကုန်မြို့သစ် တည်ဆောက်သည့် အခါ အနုပညာကဏ္ဍမှ ပူးပေါင်းပါ၀င်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြေနီကုန်း ခုံးကျော်တံတား ပြန်လည်မွမ်းမံခြင်းစီမံကိန်း၏ လက်ရှိဆောင်ရွက်နေမှုများနှင့် ပက်သက်၍ တာဝန်ရှိသူတစ်ဦးက "ဒီခုံးကျော်တံတားအောက်ဘက်မှာ ကစားကွင်း၊ ခြင်းလုံးခတ်ဖို့နဲ့၊ အနုပညာတွေလုပ်ဖို့ နေရာပေးချင်ပါတယ်၊ ဘောလုံးကွင်းလုပ်တဲ့အခါမှာလည်း လူတွေထိုင်ကြည့်လို့ရအောင် ထိုင်ခုံနေရာလေးတွေ လုပ်ပေးမှာပါ။ လူတွေ လွယ်လွယ်ကူကူနဲ့ လမ်းကူးလို့ရအောင်လည်း ခုံးတံတားအောက်မှာ သံပန်းတွေဖယ်ပေးမှာ ဖြစ်ပါတယ်။ အနားယူဖို့ ထိုင်ခုံတွေလည်းလုပ်ပေးမှာပါ၊ ရန်ကုန်မြို့ကို စိမ်းလန်းတဲ့ မြို့ဖြစ်အောင် ခုံးတံတားအောက်မှာ အပင်စိုက်ပြီးတော့ အပင်မစိုက်ခဲ့ရင်လည်း အစိမ်းရောင်ပန်းချီလေးတွေပြန်ဆွဲမှာဖြစ်ပါတယ်"ဟုဆိုသည်။                 

မင်္ဂလာပါပွဲတော်ကို ပြင်သစ်-မြန်မာ ယဉ်ကျေးမှုချင်း မိတ်ဖက်ဆက်ဆံရေး (၅၅) နှစ်မြောက်  အထိမ်းအမှတ် အဖြစ် ပြင်သစ်ယဉ်ကျေးမှုဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ ပူးပေါင်းပြီး ဒီဇင်ဘာလ ၂ ရက်မှ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly