အမျိုးသမီးများကို လူမြင်ကွင်းများတွင် အကြမ်းဖက်ခြင်း (နိဂုံးပိုင်း)

23 November 2016
အမျိုးသမီးများကို လူမြင်ကွင်းများတွင် အကြမ်းဖက်ခြင်း (နိဂုံးပိုင်း)

မပျိုးလက်ဟန်

မမီးရေ ခုနကတုန်းက မခင်လေးပြောသွားတဲ့ ဥပဒေက မြန်မာပြည်မှာ ရေးဆွဲနေပြီပေါ့။ ဒါကတော့ အမျိုးသမီးတွေအတွက် အားတက်စရာကောင်းတယ်ပေါ့။ ဒါပေမယ့်လည်း ကောင်းတာနဲ့ ဆိုးတာ ရှိတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကြန့်ကြာနေသေးတယ်။ တရားဥပဒေက မပေါ်လာသေးဘူးပေါ့။ အဲသလိုအတောအတွင်းမှာ ကျွန်မတို့ အမျိုးသမီးတွေ လူပုံအလယ်မှာ အကြမ်းဖက်ခံလာရပြီဆိုရင် ပြည်သူလူထုကရော ဘယ်လို ပူးပေါင်းပြီးတော့ ဝိုင်းဝန်းပြီးတော့ ကာကွယ်ပေးလို့ရမလဲ။ များသောအားဖြင့်က ပြည်သူလူထုကလည်း ကြောက်တတ်တယ်။ ငါတို့က အမှုအခင်းဖြစ်သွားတယ် ငါတို့ပါ ပါသွားတယ်၊ သက်သေခံရရင် ဘယ်လိုလုပ်မလဲ စသဖြင့်ပေါ့နော်။ အဲဒီအမြင်တွေ ပျောက်အောင်ရော ပြည်သူလူထုက ဘယ်လိုမျိုး ကိုယ့်ရှေ့မှာ အကြမ်းဖက်တာခံရပြီ ဆိုလို့ရှိရင် ကာကွယ်ပေးလို့ရမလဲ၊ ကူပေးလို့ရမလဲပေါ့။ အဲဒါလေးလည်း ပြောပေးပါဦး။

မမီးမီး

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း

အမျိုးသမီးတွေကို အကြမ်းဖက်မှုမှ ကာကွယ်ပေးတဲ့ဥပဒေပေါ့နော်။ ကျွန်မတို့ အမျိုးသမီးအဖွဲ့တွေရော နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ရေးဆွဲနေတာက အမြန်ဆုံး ပေါ်လာဖို့တော့ လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ လက်ရှိ တည်ဆဲဥပဒေက ခုနက ဆရာမတွေ ဆွေးနွေးထားသလိုပဲပေါ့။ လုံလောက်မှုမရှိဘူး။ ပြစ်မှုပြစ်ဒဏ်ကလည်း အရမ်းနည်းတယ်။ နောက်တစ်ခုကကျတော့ ငွေဒဏ်ချတဲ့အခါမှာလည်း သူက မြို့နယ်တရားသူကြီးတို့ ဒုတိယတရားသူကြီးတို့ အဆင့်လိုက်မှာ မြို့နယ်တရားသူကြီးဆို သောင်းဂဏန်းချတာမျိုး ဒုတိယတရားသူကြီးက ထောင်ဂဏန်းချတာမျိုးပဲရှိတယ်။ နောက်တစ်ခုကကျတော့ ဒီတရားသူကြီးရဲ့ ဆင်ခြင်တုံတရားပေါ်မှာ မူတည်တယ်ဆိုတဲ့ မရေမရာတဲ့ဟာလေးတွေ ချတာပေါ့။

အဲတော့ ကျွန်မတို့ ပြည်သူတွေအနေနဲ့ကလည်း ခုနကပြောသလို ရဲအရေးပိုင်တဲ့အမှုတွေဖြစ်တယ်။ အမှုတစ်ခုမှာ သက်သေတအားလိုအပ်တယ်။ ဘက်စ်ကားပေါ်မှာသော်လည်ကောင်း ဒါမှမဟုတ်ရင် အများပြည်သူရဲ့နေရာ ပန်းခြံတွေဘာတွေမှာ အမျိုးသမီးတစ်ယောက်ကို ကာအိန္ဒြပျက်ပြားအောင် ကိုယ်ထိလက်ရောက် နှုတ်အားဖြင်သော်လည်ကောင်း အရာဝတ္ထုတစ်ခုအားဖြင့်သော်လည်ကောင်း လုပ်နေပြီဆိုရင်တော့ ပတ်ဝန်းကျင်က ဝိုင်းဝန်းကူညီဖို့က အရမ်းအရေးကြီးပါတယ်။ ဘက်စ်ကားတွေပေါ်မှာ တွေ့တတ်တယ်ဆိုရင် များသောအားဖြင့် အမျိုးသမီးကိစ္စကို အမျိုးသမီးတွေကပဲ ဒါတောင်မှ ကြောက်နေတဲ့ အမျိုးသမီးအချင်းချင်းဆိုရင် များသောအားဖြင့် မသိချင်ယောင် ဆောင်ကြတယ်ပေါ့။ အဲတော့ ကူညီရင်လည်း ကူညီတဲ့သူက အမျိုးသမီးပဲဖြစ်တယ်။ ပြန်ပြီးကူညီတဲ့သူကလည်း အမျိုးသမီးပဲဖြစ်တယ်။ အမျိုးသမီးတစ်ယောက် အမျိုးသားတွေ အများကြီးကြားထဲမှာ အဲဒီအမျိုးသားတွေက ကျူးလွန်တာကိုလည်း မြင်တယ်။ တွေ့တယ်။ ဒါပေမယ့် မပါဝင်ကြဘူး။ တချို့ဆိုရင် ဘယ်လောက်ထိသိလဲဆိုရင် ဒီ စပါယ်ယာတွေကိုယ်တိုင်က နေ့စဉ် ဒီလူတွေနဲ့ ဖြတ်သန်းပြီးတော့ ဒီပတ်ဝန်းကျင်နဲ့ပဲ ကားလိုင်းဆွဲနေရတဲ့အခါကျတော့ ဘယ်သူက ခါပိုက်နှိုက် ဘယ်သူဟာ ဒီလိုမျိုး ကျူးလွန်တဲ့သူဆိုတာ စပါယ်ယာတွေက ကောင်းကောင်းသိတယ်။ ဒါပေမယ့် လုံးဝမပြောဘူး။ နောက်ပြီးတော့ ကူညီမှု ကာကွယ်မှုလည်း မပေးဘူူး။ မပေးတဲ့အခါကျတော့ ကျွန်မတို့အမျိုးသမီး အထူးသဖြင့် အမျိုးသမီးငယ်လေးတွေဆိုရင် အများဆုံးခံရတယ်။

အဲဒီတော့ အဓိကက ကျွန်မတို့ ဒီအမှုမှာ ဒီဖြစ်စဉ်တွေမှာ အဓိကကျတာကတော့ ပတ်ဝန်းကျင်ပေါ့။ ပတ်ဝန်းကျင်မှာ ဖြစ်တဲ့အမှု ဖြစ်တဲ့အတွက်ကြောင့် လူ့အသိုင်းအဝိုင်းတစ်ခုလုံး ဒီပတ်ဝန်းကျင်မှာ ဖြစ်တဲ့သူဟာ ကျားမမခွဲခြားပဲနဲ့ အားလုံး ဝိုင်းဝန်းကူညီပေးဖို့လိုတယ်။ ဒီအမျိုးသမီး ခံရတဲ့တစ်ယောက်ကို ကိုယ့်ရဲ့ နှမသားချင်းလေးလို သဘောထားပြီးတော့ စောက်ရှောက်ပေးဖို့လိုတယ်။

မခင်လေး

Trangle Women Support Group

ကျွန်မနည်းနည်းလေး ဖြည့်ပြောချင်တာပေါ့နော်။ ဒါကတော့ ရုံးရောက်သွားမှ တိုင်ကြားမှဆိုတဲ့ အဲဒါမျိုးကို ကျွန်မတို့ ပြီးခဲ့တဲ့ လွှတ်တော်မှာတုန်းက လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အမျိုးသားလွှတ်တော်က ဥပဒေကြမ်းကော်မတီတို့ ကျွန်မတို့ အကြံပြုပေးတာရှိတယ်။ အဓိကကတော့ ဒီ ဥပဒေလေးခုပေါ့နော်။ မျိုးစောင့်ဥပဒေလို့ခေါ်တဲ့ ဥပဒေလေးခု ပေါ်လာမယ်ဆိုတော့ ကျွန်မတို့က အကြံပြုတယ်။ အဲဒီဥပဒေလေးခု လုပ်တာကလည်း သူ့ရည်ရွယ်ချက် ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်မယ်။ ဒါပေမယ့် တကယ်တမ်း အကြမ်းဖက်မှုဆိုတာက တကယ်တမ်း လူမျိုးဘာသာ အသားအရောင် ဘယ်သူ့ကိုမှ မရွေး အကြမ်းဖက်မှုတိုင်းကို အရေးယူပါ။ ကျွန်မတို့ သဘောတူတယ်။ အဲလိုမျိုး အရေးယူနိုင်ဖို့အတွက်ကိုဆိုရင်လည်း ဒီထက်ပိုကောင်းတဲ့ လုပ်ထုံးလုပ်နည်းတွေကို လုပ်ရမယ်။ အဲတော့ မြို့နယ်တိုင်း ရပ်ကွက်တိုင်းမှာ ရဝတရုံးတို့ ရှိကြတယ်။ အဲလိုရုံးတွေမှာ ဒီလိုအကြမ်းဖက်မှုတွေကို တိုင်ကြားနိုင်မယ့်အဆင့် အဖွဲ့ငယ်လေးတွေ ကျွန်မတို့ ဖွဲ့ထားပြီးတော့ ဖြေရှင်းရင်တောင် တချို့ဟာတွေက မကြီးးသွားတော့ဘူးပေါ့နော်။ ကိုယ့်ရပ်ကွက်အတွင်းမှာပဲ ဖြေရှင်းလို့ရမယ်။

ဖြေရှင်းတယ်ဆိုတာက အရေးယူသင့်တယ်ဆိုရင် အရေးယူပစ်လိုက်မယ်၊ ချက်ခြင်း မြန်မြန်ဆန်ဆန် လုပ်လို့ရမယ့်ဟာမျိုး စောင့်ကြည့်နိုင်တဲ့ အဖွဲ့မျိုး ထားလို့ရှိရင် အခုဟာက ကျွန်မတို့ ခုနကပြောသလို အမျိုးသမီးတွေကိုယ်တိုင်က ကြောက်လို့မတိုင်ရဲတာ ဖြစ်နေတယ်။ ဒါပေမယ့် အဲလိုအဖွဲ့ငယ်လေးတွေ ရှိတယ်ဆိုရင် အဲဒီအဖွဲ့တွေကမှ ဒီပြဿနာဖြစ်တာ သူတို့ကိုယ်တိုင်ကိုက တရားလိုလုပ်ပြီးတော့ တိုင်ကြားလို့ရတဲ့အဆင့်မျိုးဖြစ်အောင် ကျွန်မတို့ လွယ်ကူအောင်လုပ်ပေးမယ်ဆိုရင် ဘာပဲပြောပြော အဲဒီအမှုတွေက ဖြစ်လာရင်လည်း အလွယ်တကူ အရေးယူလို့ရမယ်။ တကယ်လို့လည်း ကာကွယ်ပေးဖို့ ဒီလိုကော်မတီတွေထားလိုက်ပြီ ဒီလိုအဖွဲ့လေးတွေ ထားလိုက်ပြီဆိုရင် ဘာပဲပြောပြော လုပ်ချင်တဲ့သူကတောင်မှ နည်းနည်းလေး အဟန့်လေးဖြစ်သွားမယ်။ အဲလိုမျိုးလေး လုပ်ပေးနိုင်ရင်တော့ ပိုကောင်းမယ်လို့ ကျွန်မ ယူဆပါတယ်။

မမီးမီး

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း

အဲဒီနေရာမှာ ကျွန်မရဲ့အတွေ့အကြံုအရ ပြောရမယ်ဆိုရင်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ဆိုတာက အစိုးရနဲ့ ပတ်သက်နေတာပေါ့နော်။ အစိုးရဘက်က အဖွဲ့အစည်းတွေဆိုတော့ ဒီကိစ္စတွေမှာ အဓိကကပေါ့နော် ပေါ်လစီချထားတယ်၊ တာဝန်လည်းချထားတယ်ဆိုတာက လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနရဲ့ သူတို့ချထားတဲ့ ပေါ်လစီထဲမှာကိုလည်း ပါတယ်။ ကလေးသူငယ်တွေပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် အကြမ်းဖက်တာမျိုး ပတ်ဝန်းကျင်မှာ ကြံုလာလို့ရှိရင် သူတို့အနေနဲ့ ကူညီပေးရမယ် ကယ်တင်ပေးရမယ် တကယ်လို့ အမှုဖွင့်တဲ့သူ မရှိရင်တောင်မှ သူတို့က လူမှုဝန်ထမ်း ဦးစီးဌာနအနေနဲ့ အမှုဖွင့်ရမယ်။

အခု ကျွန်မတို့ ဗိုလ်မှူးကျော်ညွှန့်တို့ဆီမှာ ကျူးလွန်ခံရတဲ့ ကလေးဆိုရင် ဒါ လူမှုဝန်ထမ်းက အမှုဖွင့်ထားတယ်။ အခုဆိုရင်လည်း အင်းဝအပ်ချုပ်ဆိုင်ကိစ္စကိုလည်း လူမှုဝန်ထမ်းက အမှုဖွင့်ထားတယ်။ အဲလိုမျိုး သူတို့ရဲ့ပေါ်လစီကိုမှာမှ ပါတဲ့အတွက် အဲဒီ ဝန်ကြီးဌာနကနေပြီးတော့ ခုနက ဆရာမပြောသလို ဒေသဆိုင်ရာအဆင့်ထိ တိုင်ကြားမယ့်စင်တာလေးတွေ နောက်တစ်ခုက အဲလိုမျိုးနေရာမှာ တိုင်ကြားလို့ရှိရင် ချက်ခြင်း အရေးယူနိုင်တဲ့ဟာလေးတွေ ပေါ်လာမယ်ဆိုလို့ရှိရင်တော့ အကောင်းဆုံးပဲပေါ့။

မခင်လေး

Trangle Women Support Group

တကယ်တော့ အစိုးရတာဝန်ရှိတဲ့သူတွေရော ရပ်ရွာထဲမှာရှိတဲ့ တကယ့် လူရိုသေ ရှင်လူသေရှိတဲ့ ပုဂ္ဂိုလ်တွေရော ဒီလိုမျိုး ပူးပေါငး်ပြီးတော့ ယုံကြည်လောက်တဲ့အဖွဲ့အစည်းလေးတွေ ဖွဲ့ထားပြီးတော့ လုပ်ထားမယ်ဆိုရင်တော့ အဆင်ပြေသွားမယ်လို့ ထင်ပါတယ်။

မပျိုးလက်ဟန်

ကျွန်မတို့ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲဖို့ဆိုတာကရော အစိုးရ အခန်းကဏ္ဍမပါပဲနဲ့ ကျွန်မတို့တွေက မဖြစ်နိုင်ဘူးပေါ့နော်။ အဲတော့ အစိုးရက ဦးဆောင်ပြီးတော့ရော ဒီ ဥပဒေ ခုနကပြောသွားတဲ့ ယန္တရားတွေ ဥပဒေဆိုင်ရာ ဝန်ထမ်းတွေ စသဖြင့်ပေါ့နော် ဥပဒေဆိုင်ရာ အဆောက်အအုံကြီးထဲမှာ ရှိနေတဲ့သူတွေအနေနဲ့ရော ဘာတွေ ပြုပြင်ပြောင်းလဲသင့်လဲပေါ့။ အစိုးရကနေ ဦးဆောင်ပြီးတော့ပေါ့။

မမီးမီး

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း

အဓိကကျတာကတော့ အစိုးရပိုင်းမှာ တရားဥပဒေပေါ့နော် တရားဥပဒေ ဘက်တော်သားတွေလို့ပဲ ပြောရမှာပေါ့နော်။ ရဲဝန်ထမ်းတွေရှိမယ်ပေါ့နော်။ နောက်ပြီးတော့ ဒီ တရားသူကြီးတွေ ရှေ့နေတွေ နောက်ပြီးတော့ ဥပဒေဝန်ထမ်းတွေပေါ့ အဲဒီအပေါ်မှာ ကျွန်မတို့က သွားပြီးတော့ ဥပဒေဆိုင်ရာ ပညာပေးလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျွန်မတို့ထက် တတ်ကျွမ်းလို့ ဥပဒေပညာရှင်တွေ လုပ်နေကြတာပါ။ အဲတော့ အဓိကက သူတို့ တစ်သက်လုံးစွဲလာတဲ့ အကျင့်ပျက်ချစားမှုတွေ နောက်တစ်ခုက သူတို့ရဲ့ စိတ်နေစိတ်ထားတွေ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားက တော်တော်ကို ပြောင်းလဲရခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပညာရပ်တွေက သင်ပေးလိုက်လို့ရတယ်။ ဒီအတိုင်းပဲ လုပ်ကြဆိုပြီးတော့ ကိုယ်က စည်းရုံးလို့လဲရတယ် လှုံ့ဆော်လို့လည်းရတယ် သင်ပေးလို့ရတယ်။

လူတစ်ယောက်ရဲ့စိတ်ကို ပြောင်းဖို့ဆိုတာက သင်ပေးလိုက်လို့မရဘူး။ အဲဒီလူရဲ့ ကျင့်တဲ့ ကိုယ်ကျင့်တရား လူ့အသိုင်းအဝိုင်းရဲ့ ယဉ်ကျေးမှု အဲဒီအပေါ်မှာပဲ မူတည်တယ်။ အဲတော့ ကျွန်မတို့ အစိုးရအနေနဲ့ပေါ့နော် တကယ်ကို ထိထိမိမိနဲ့ ဥပဒေဆိုင်ရာ ဝန်ထမ်းတွေအပေါ်မှာ လုပ်နိုင်မယ်။ နောက်တစ်ခုကကျတော့ အစိုးရကနေ ဦးဆောင်ပြီးတော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးကိုပေါ့နော် တကယ့်ကို ထိထိရောက်ရောက် လုပ်ဖို့လိုတယ်။ ကျွန်မတို့ ကြားလိုက်ရတယ် ရက် ၁၀၀ စီမံကိန်းမှာ လူကုန်ကူးမှု လျော့ပါးရေး ပပျောက်ရေးဆိုပြီးတော့ လူကုန်ကူးမှု တားစီးရေးအဖွဲ့က ဦးဆောင်ပြီးတော့ လုပ်လိုက်တယ်။ သက်ဆိုင်ရာမြို့နယ်တွေမှာ ပွိုင့်တွေထားပြီးတော့ တစ်မြို့နယ်မှာ တစ်နေရာ တစ်မြို့နယ်မှာ တစ်နေရာ လုပ်သွားတယ်။ ဘာမှ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မလာဘူး။ အများကြီးလည်း မတားလိုက်နိုင်ဘူး။ တချို့တွေဆိုရင် သိတောင်မသိလိုက်တဲ့ဟာတွေ အများကြီးရှိတယ်။

အဲလိုမျိုးမဟုတ်ပဲနဲ့ တကယ်ပဲကို ကျွန်မတို့ပြည်သူထဲကို ထိထိရောက်ရောက်နဲ့ စိမ့်ဝင်နိုင်တာ၊ ထိထိရောက်ရောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် အလုပ်နိုင်ဆုံးက အစိုးရပါ။ INGO တွေလည်း မလုပ်နိုင်ဘူး။ NGO တွေလည်း မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ သူတို့သတ်မှတ်ထားတဲ့ အကြောင်းအရာရှိတယ်။ သူတို့သတ်မှတ်ထားတဲ့ နေရာရှိတယ်ပေ့ါနော်။ တစ်တိုင်းတစ်ပြည်လုံး အနှံ့ လုပ်ဖို့ဆိုတာကလည်း လူအင်အားမရှိဘူး။ ကျွန်မတို့နိုင်ငံမှာက အစိုးရဝန်ထမ်းအင်အားက အရမ်းများပါတယ်။ အဲတော့ အစိုးရကနေသာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ထိထိမိမိ သူတို့ရဲ့ စိတ်သဘောထားတွေ ပြုပြင်ပြောင်းလဲမှုတွေ သူတို့ရဲ့ ဝန်ထမ်းရေးရာ အရေးယူမှုတွေကိုသာ ထိထိရောက်ရောက် လုပ်နိုင်မယ်ဆိုလို့ရှိရင်လည်း ဒါ ကျွန်မတို့က တရားဥပဒေဆိုင်ရာ ကာကွယ်မှုတစ်ခုအနေနဲ့လည်း ဖြစ်လာနိုင်ပါတယ်။

မပျိုးလက်ဟန်

ကျေးဇူးတင်ပါတယ်။ အမခင်လေးရေ အမကတော့ အရပ်ဖက် အဖွဲ့အစည်းအနေနဲ့ပေ့ါနော် ခုနကပြောတဲ့ အစိုးရကိုရော မီဒီယာကိုရော ပြည်သူလူထုကိုရောပေါ့ ကျွန်မတို့ နိုင်သလောက်လေး ခုနက မမီးပြောသလိုပဲ ကျွန်မတို့လက်တံက သိပ်မရှည်ဘူး အဲတော့ နိုင်သလောက်လေး ကျွန်မတို့ ဘာတွေလုပ်နိုင်လဲပေါ့။

မခင်လေး

Trangle Women Support Group

အဲတော့ ခုနက မမီးပြောတာကိုပဲ ထပ်ဖြည့်ပြောရရင် ဥပဒေတွေ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့က ပထမဦးစားပေးအလုပ်ပေါ့။ အခု ကျွန်မတို့ ပြည်သူ့အစိုးရလက်ထက်မှာလည်း ပြည်သူလူထုက အရမ်းကိုမျှော်လင့်တယ်။ အနည်းဆုံးတော့ အမှိုက်ပုံကြီးကို မရှင်းနိုင်ရင်တောင်မှ အပေါ်ပိုင်းက မူဝါဒလေးတွေကို ပြုပြင်ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်တော့ ကျွန်မတို့ တည်ဆဲဥပဒေတွေကို ပြန်ပြီးတော့ သုံးသပ်ဖို့လိုတယ်။ သုံးသပ်ပြီးတော့ ခေတ်နဲ့မလျော်ညီတဲ့ ပြစ်မှုပြစ်ဒဏ်တွေ အများကြီးရှိတယ်။ ဒါတွေကို ပြန်လည်ပြင်ဆင်းပေးဖို့လိုသလို ခေတ်နဲ့လျော်ညီစွာ လိုအပ်တဲ့ ဥပဒေအသစ် ခုနကပြောတဲ့ အမျိုးသမီးများ အကြမ်းဖက်မှုကို ကာကွယ်တဲ့ ဥပဒေလိုမျိုး ဒီလိုဥပဒေတွေကိုလည်း ပြဌာန်းပေးဖို့လိုတယ်။ ဒါက အစိုးရလုပ်နိုင်တာ။

နောက်တစ်ခါ ဒါကတော့ လွှတ်တော်လုပ်နိုင်တာပေါ့နော်။ အစိုးရအနေနဲ့ဆိုရင်တော့ ခုနကပြောတဲ့ ဒီ အုပ်ချုပ်ရေးယန္တရားနဲ့ တရားစီရင်ရေးကို ခိုင်ခိုင်မာမာဖြစ်အေင် အကျင့်ပျက်ချစားမှုတွေကို တက်နိုင်သလောက် နည်းအောင်လုပ်ရမယ်။ အဲလိုလုပ်တဲ့အခါမှာလည်း တရားရုံးတွေရဲ့ အခြေအနေ ဥပတိရုပ်တွေကို ပြောင်းလဲဖို့လိုတယ်။ တရားရုံးတစ်ရုံးက ကျဉ်းကျဥး်လေး၊ အဲဒီကျဉ်းကျဥး်လေးထဲမှာ အမှုပေါင်းများစွာကို တစ်နေ့တည်းမှာစစ်မယ်။ ဥပမာ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ကိစ္စဆိုတာ ဒီအမျိုးသမီးတွေဟာ သူတို့ တကယ်ခံစားရတဲ့ ဟာတွေကို ပြန်ပြောပြနိုင်ဖို့အတွက် သူတို့မှာ လုံလောက်တဲ့ပတ်ဝန်းကျင် သက်တောင့်သက်သာ ရှိဖို့လိုတယ်။ အဲတော့ အများစုက တရားသူကြီး ရှေ့နေဆိုတာက အမျိုးသားတွေဖြစ်နေတယ။် ဒီအမျိုးသမီးတွေက သူတို့ရဲ့ ခံစားရတဲ့ဟာကို ဘာလို့လဲဆိုတော့ တရားခွင့်မှာ တစ်တစ်ခွခွပြောမှလည်း အမှုက မြောက်မှာဖြစ်တဲ့အတွက် ဒီလိုပြောနိုင်ဖို့အတွက် အမျိုးသမီးတွေနဲ့ အမျိုးသမီးတရားသူကြီး၊ အမျိုးသမီး တရားရေးဝန်ထမ်းတွေ ရှိဖို့မလိုဘူးလား။ နောက် တရားခွင်ကလည်း ဒီလူတွေအတွက် စိတ်ချယုံကြည်ရတဲ့ တရားခွင်တွေဖြစ်ဖို့ လုံခြံုတဲ့တရားခွင်တွေ ဖြစ်ဖို့လိုတယ်။ ဒါတွေကိုလည်း လုပ်ဖို့လိုတယ်လို့ ထင်ပါတယ်။

နောက်တစ်ခါ ခုနက ညီမလေးတို့လည်းပြောသွားတဲ့ ပြန်ကြားရေးပေါ့။ ပြန်ကြားရေးကလည်း သိပ်အရေးကြိးပါတယ်။ မီဒီယာတွေက အခုချိန်မှာဆိုလို့ရှိရင် ဘာပဲပြောပြော အစိုးရမီဒီယာတွေဖြစ်တဲ့ ကြေးမုံတို့ မြန်မာ့အလင်းတို့ MRTV တို့ဆိုတာကလည်း အထိုက်အလျောက် အရင်ထက်စာရင် အများကြီး တိုးတက်ပြောင်းလဲလာတယ်။ ဒီအတွက် ကျွန်မတို့ကိုယ်တိုင်ကတော့ ကျွန်မတို့ လက်ဦးမှုရအောင်ယူတယ်။ ပြန်ကြားရေးဌာနနဲ့ ဝန်ကြီးနဲ့လည်း တွေ့ပြီးသွားပြီ အမျိုးသမီးတွေအတွက် မီဒီယာတွေမှာ အမျိုးသမီးတွေကို ကာကွယ်ပေးဖို့ အကြမ်းဖက်မှု ပပျောက်ဖို့အတွက် အမျိုးသမိးအခွင့်အရေးဆိုတာ ဘာတွေလဲဆိုတာကို ဖော်ပြပေးဖို့ အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ နေ့ကြီးရက်ကြီးတွေမှာ အထိန်းအမှတ်တွေ လုပ်တဲ့ကိစ္စတွေကို Stage Media တွေကနေတဆင့် ဖော်ပြပေးဖို့ ဒါတွေကို ကျွန်မတို့ ဆွေးနွေးနေတယ်။

အဲဒီတော့ ဝန်ကြီးကလည်း ဘာပဲပြောပြော ကျွန်မတို့ ပြည်သူကြားထဲကနေသွားတဲ့ တကယ့် ပညာရှင်တစ်ယောက် ဖြစ်တဲ့အတွက် သူကလည်း ဒါတွေကို အပြုသဘောနဲ့ ကြိုဆိုပြီးတော့ ယေဘုယျအားဖြင့်တော ့လက်ခံထားတယ်။ ကျွန်မတို့ ရှေ့လျှောက်ဆွေးနွေးမယ်။ ဘာလို့လဲဆိုတော့ ကြေးမုံ မြန်မာ့အလင်းက တစ်နိုင်ငံလုံးအတိုင်းအတာကို အချိန်သိပ်မနှောင်းပဲ ရောက်နိုုင်တယ်။ ကျွန်မတို့ အခု Eleven ပဲဖြစ်ဖြစ် 7 Day ပဲဖြစ်ဖြစ်က နေ့ကျော်မှ နယ်တွေကိုရောက်နိုင်တယ်။ အဲတော့ သူတို့ရဲ့ ဖောက်ထွင်းနိုင်မှုက အရမ်းအားကောင်းတဲ့အတွက် ဒီလိုမီဒီယာတွေမှာ ကျွန်မတိုု့ အမျိုးသမီးတွေကို အကာအကွယ်ပေးမယ့် Message တွေ သတင်းစကားတွေကို ထည့်ပေးမယ်ဆိုရင် ပိုပြီးတော့ကောင်းတယ်။ နောက်ပြီးတော့ MRTV တို့ ဘာတို့မှာ ဒီပညာပေးဇာတ်လမ်းလေးတွေပဲဖြစ်ဖြစ် ဇာတ်လမ်းလေးတွေပဲဖြစ်ဖြစ် ထည့်ပေးဖို့ သိပ်ကိုမှ အရေးကြီးနေတယ်။ သူတို့ လုပ်ပေးဖို့လိုတယ်။

နောက်တစ်ခုကတော့ ကျွန်မတို့ ပြည်သူလူထုအနေနဲ့ပေါ့ ပြည်သူလူထုအနေနဲ့ ကျွန်မတို့က လုပ်နိုင်တဲ့ ခုနက မမီးမီးပြောသလိုပေါ့ တစ်ခုခုကြံုခဲ့ရင် ဘေးက ငါနဲ့မဆိုင်ဘူးဆိုပြီးတော့ ဘေးဖယ်မနေပါနဲ့၊ ဝိုင်းဝန်းကူညီပေးပါ။ အနညး်ဆုံးတော့ ညာသံပေးပြီးတော့ တရားခံကို လိုက်ပေးတာမျိုး ဖြစ်ဖြစ်ပေါ့ ဒါမျိုးလေး လုပ်ပေးဖို့လိုတယ်။ အဲလိုလုပ်ပေးရုံတင်မကဘူး ပြည်သူလူထုအနေနဲ့ ကျွန်မ အခုချိန်မှာ စိတ်မကောင်းဖြစ်နေတာက ကျွန်မတို့ ဒီအကြမ်းဖက်မှုတွေ နေ့စဉ်နဲ့အမျှ ကြားနေရတယ်။ မောင်နဲ့နှမ သားအမိ ကြားလို့မသင့်တော်တဲ့ တစ်သက်လုံးမှာ တစ်ခါမှ မကြားဖူးတဲ့ဟာမျိုး မိသားစုအတွင်းမှာ အကြမ်းဖက်မှုတွေက ရှိနေတဲ့အခါကျတော့ ဒါတွေကို ကျွန်မတို့ ပြန်သုံးသပ်ဖို့လိုပြီ။ ဒါတွေ ဘာကြောင့်ဖြစ်တာလဲ။

ကျွန်မတို့ အစဉ်အဆက်က ပညာရေးတွေ နိမ့်ကျခဲ့တယ်။ နောက်တစ်ခါ အရက်သေစာ မူးယစ်ဆေးဝါးတွေကြောင့် ဒါတွေကြောင့်လည်း ကျွန်မတို့ပါမယ်။ နောက်ပြီးတော့ လူတွေကလည်း ဆင်းရဲမွဲတေလာတာနဲ့အမျှ စိတ်ဓာတ်တွေက အောက်တန်းကျလာပြီးတော့ ထွက်ပေါက်ရှာတဲ့အနေနဲ့ ကျွန်မတို့ အမျိုးသမီးတွေအပေါ်မှာ ထွက်ပေါက်ရှာတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက်တစ်ခုကတော့ ကျွန်မတို့ ဘာသာရေးအဆုံးအမပေါ့နော်။ ကျွန်မတို့ ဘာသာတိုင်းမှာ အဆုံးအမတွေရှိတယ်။ မကောင်းတာကို ရှောင်ဖို့ ကောင်းတာကိုဆောင်ဖို့ဆိုတဲ့ အဆုံးအမတွေက နည်းသွားလို့လား အဲဒီအတွက် ကျွန်မကလည်း ဘာသာရေးနဲ့ပတ်သက်တဲ့ ခေါင်းဆောင်တွေ တာဝန်ရှိတဲ့သူတွေကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ ဒီလိုကိစ္စမျိုးတွေ ဖြစ်နေတာက ဘာသာရေးနဲ့လည်း အများကြီးဆိုင်တဲ့အတွက် ဘာသာရေးအဆုံးအမတွေ ဘာလိုု့လဲဆိုရင် ကျွန်မတို့ ဗုဒ္ဓဘာသာအနေနဲ့ဆိုရင် ပွင့်လင်းရာသီရောက်ပြီဆိုရင် လမ်းတိုင်းလမ်းတိုင်းမှာ တရားပွဲတွေလုပ်ပါတယ်။ အဲလိုတရားပွဲတွေမှာ ဒီလို အမျိုးသမီးတွေကို အကြမ်းဖက်တာဟာ ငါးပါးသီလ ချိုးဖောက်တဲ့အထဲမှာ ပါပါတယ်ဆိုတဲ့ဟာမျိုးတွေကို ဆရာတော်ဘုရားတွေက ဟောပေးမယ်ဆိုရင် အထိုက်အလျှောက် လာပြီးတော့ နားထောင်တဲ့သူတွေသည် ထောင်နဲ့သောင်းနဲ့ ရှိပါတယ်။ သူတို့ရဲ့ ဗီဒီယိုခွေတွေ ဆရာတော်တွေ ဟောတာတွေက နယ်အနှံ့ကို ပြန့်နှံ့ပါတယ်။ အဲလိုမျိုးတွေကနေ လုပ်ပေးမယ်ဆိုရင် ကျွန်မတို့အတွက်လည်း အများကြီး အထောက်အကူပြုတယ်လို့ ကျွန်မကတော့ ပြောချင်ပါတယ်။

မပျိုးလက်ဟန်

ဟုတ်ကဲ့ပါ။ ဒီနေ့အစီအစဉ်လေးကတော့ ဒီလောက်ပါပဲ။ အမျိုးသမီးများကို လူပုံအလယ်မှာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့မှ ရှုထောင့်စုံစုံလင်လင်ကနေ ဆွေးနွေးပေးသွားတဲ့ မခင်လေး၊ မမီးမီးနဲ့ မဝေဝေနုတို့ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

အပိုင်း(၁) အား အောက်ပါတွင် သွားရောက်ကြည့်ရှုနိုင်ပါသည်-http://www.mizzimaburmese.com/article/20476
အပိုင်း(၂) အား အောက်ပါတွင် သွားရောက်ကြည့်ရှုနိုင်ပါသည်-http://www.mizzimaburmese.com/article/20509

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly