ပစ်ချခံရသည့် မလေးရှားလေယာဉ် MH17 နှစ်ပတ်လည် ဝမ်းနည်းကြောင်းအောက်မေ့ဖွယ် အထိမ်းအမှတ်များပြုလုပ်

ပစ်ချခံရသည့် မလေးရှားလေယာဉ် MH17 နှစ်ပတ်လည် ဝမ်းနည်းကြောင်းအောက်မေ့ဖွယ် အထိမ်းအမှတ်များပြုလုပ်

ယူကရိန်းအရှေ့ပိုင်းတွင် ပစ်ချခံရသဖြင့် ပျက်ကျသွား၍ စီးနင်းလိုက်ပါသူ ၂၉၈ ဦးစလုံးသေဆုံးခဲ့သည့် မလေးရှားလေကြောင်း လိုင်း MH17 လေယာဉ်ပျက်ကျမှု ဇူလိုင် ၁၇ ရက်တွင် ပထမဆုံးတစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အထိမ်း အမှတ်များပြုလုပ်ခဲ့ကြသည်။

လေယာဉ်ပျက်ကျရာ အနီးရှိရွာတွင် သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ပြုလုပ်သကဲ့သို့ နယ်သာလန်နှင့် သြစတြေးလျ တို့တွင် လည်းအောက်မေ့ဖွယ် အခမ်းအနား များပြုလုပ်ခဲ့သည်။

သြစတြေးလျနိုင်ငံ ကင်ဘာရာရှိ ပါလီမန်လွှတ်တော်ဥယျဉ်အတွင်း လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူများ၏ အမည်များရေး ထိုးထားသည့် မော်ကွန်းစာကို ဖွင့်လှစ်ပြသခဲ့သည်။

တစ်ချို့သော အောက်မေ့ဖွယ် အခမ်းအနားများတွင် သေဆုံးသူများအတွက် နေကြာပန်းများ ချထားကာ ဝမ်းနည်းကြောင်း ကိုပြသခဲ့သည်။

မလေးရှားနိုင်ငံတွင် နှစ်ပတ်လည်အောက်မေ့ဖွယ်အခမ်းအနားကို ဇူလိုင် ၁၁ ရက်ကစောစီးစွာကျင်းပ ခဲ့ခြင်းဖြစ်သည်။ နှစ်ပတ် လည်းနေ့က မွတ်စလင်ဥပုသ်ထွက်သည့်နေ့နှင့် တိုက်ဆိုင်နေသဖြင့် ယခုကဲ့သို့ အချိန်စောကျင်းပခဲ့ခြင်းဖြစ်သည်။

ဝမ်းနည်းကြောင်းအထိမ်းအမှတ်ပြုလုပ်ရာတွင် သေဆုံးသူများအတွက် တဒင်္ဂတိတ်ဆိတ်နေကာ ဖော်ပြခဲ့ကြခြင်းဖြစ်သည်။

မလေးရှားလေကြောင်းလိုင်းမှ ဘိုးရင်း ၇၇၇ MH17 လေယာဉ်သည် ၂၀၁၄ ဇူလိုင် ၁၇ ရက်က အမ်စတာဒမ်မှ ကူလာလမ်ပူသို့ ပျံသန်းစဉ် သူပုန်ကြီးစိုးရာ ယူကရိန်အရှေ့ပိုင်းတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

အနောက်နိုင်ငံများက လေယာဉ်ကို ရုရှထောက်ပံ့သည့် ဒုံးကျည်ဖြင့် သူပုန်များက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။

ရုရှဖက်ကမူ လေယာဉ်ပျက်ကျမှုအတွင် ယူကရိန်းအစိုးရတွင် အပြစ်ရှိသည်ဟု ငြင်းဆန်စွပ်စွဲခဲ့သည်။

အဆိုပါ လေယာဉ်ပျက်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာတွင် နယ်သာလန်လုံခြုံဘေးကင်းရေးဘုတ်အဖွဲ့၏ ပျက်ကျရသည့်အကြောင်းရင်း နောက်ဆုံးအစီရင်ခံစာကို အောက်တိုဘာလအတွင်း ထုတ်ပြန်သွားရန်ရှိသည်။

နယ်သာလန်နိုင်ငံက လေယာဉ်ပျက်ကျမှုများကို ဘယ်လ်ဂျီယမ်၊ သြစတြေးလျနှင့် ယူကရိန်းတို့၏ အကူအညီဖြင့် စုံစမ်းစစ်ဆေးမှု များကို ဦးဆောင်လုပ်ဆောင်နေခြင်းဖြစ်သည်။

လေယာဉ်ပေါ်လိုက်ပါခဲ့သူ ခရီးသည်စာရင်းကိုထုတ်ပြန်ထားပြီးဖြစ်ရာ နယ်သာလန်နိုင်ငံသား ၁၉၃ ဦး (တစ်ဦးမှာ အမေရိကန်နိုင်ငံ သားအဖြစ်ပါ နှစ်နိုင်ငံသားခံယူထားသူ)၊ မလေးရှားနိုင်ငံသား ၄၃ ဦး ( လေယာဉ်အမှုထမ်း ၁၅ အပါအဝင်)၊ သြစတြေးလျနိုင်ငံသား ၂၇ ဦး၊ အင်ဒိုနီးရှား ၁၂ ဦးနှင့် ဗြိတိန်နိုင်ငံသား ၁၀ ဦး( တစ်ဦးမှာ တောင်အာဖရိကနိုင်ငံ သားအဖြစ် ပါ နှစ်နိုင်ငံသားခံယူထားသူ) တို့ဖြစ်ကြသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly