အမျိုးသမီးများကို လူမြင်ကွင်းများတွင် အကြမ်းဖက်ခြင်း (အပိုင်း ၂)

22 November 2016
အမျိုးသမီးများကို လူမြင်ကွင်းများတွင် အကြမ်းဖက်ခြင်း (အပိုင်း ၂)

မပျိုးလက်ဟန်

ဒီလိုမျိုး အကြမ်းဖက်မှုတွေကို မဖြစ်အောင် အမျိုးသမီးတွေကို ယဉ်ကျေးမှုဆိုင်ရာ ပြောင်းလဲဖို့ဆိုရင်ရော မိသားစုအတွင်းမှာ ဘယ်လိုမျိုး သင်ကြားပေးနိုင်သလဲ။

မခင်လေး

Trangle Women Support Group

ကျွန်မကတော့ အခု ကျွန်မသမီးကလည်း ငယ်သေးတယ်ပေါ့နော်။ ငယ်သေးတဲ့အခါကျတော့ သူတက်တဲ့ကျောင်းကလည်း နိုင်ငံတကာကျောင်းဖြစ်တဲ့အတွက် သူတို့ရဲ့ကျောင်းတွေက သိပ်အရေးကြီးပါတယ်။ ကျောင်းသင်ရိုးတွေက ဘာလို့လဲဆိုတော့ ကျွန်မတို့မိသားစုနဲ့နေတယ် အမေအဖေနဲ့ နေတယ်ဆိုတဲ့အချိန်က နည်းနည်း နည်းတယ်လေ။ ဒီအရွယ်ဟာ ကျောင်းးနေတဲ့အရွယ်ဖြစ်တဲ့အတွက် ကျောင်းမှာ သူတို့ အများဆုံး အချိန်ကုန်ဆုံးရတယ်။ အဲဒီတော့ အဲဒီကျောင်းတွေက သင်ကြားလိုက်တဲ့ သင်ရိုးတွေထဲမှာ ဒီကလေးတွေအတွက်ကို ကလေးတွေဆိုလည်း ကလေးတွေ Level နဲ့လိုက်အောင် နည်းနည်းမြင့်သွားတဲ့အရွယ်ဆိုလို့ရှိရင်လည်း မူလတန်း အလယ်တန်း သူ့အရွယ်နဲ့သူ လိုက်အောင် ကျားမ တန်းတူညီမျှမှု အမျိုးသမီးကိုလည်း လေးစားရမယ်ဆိုတဲ့ဟာမျိုးပါတဲ့ သင်ရိုးလေးတွေ ထည့်ပေးဖို့ လိုပါတယ်။ ကာတွန်းလေးပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ အခုဖြစ်နေတဲ့ ပြဿနာက မလေးစားလို့ဖြစ်နေတဲ့ ပြဿနာ လုပ်ချင်ရာလုပ်ခွင့်ရှိတယ်ဆိုတဲ့ ပြဿနာဖြစ်နေတဲ့အတွက် ကျားမတန်းတူ လေးစားရမယ်၊ တန်းတူညီမျှမှုရှိတယ်ဆိုတဲ့ Message တွေ ပေးနိုင်တယ်ဆိုတဲ့ဟာလေးကို ကျောင်းသင်ရိုးတွေက ထည့်ပေးနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ International School တွေရဲ့ သင်ရိုးတွေက မဆိုးလှဘူးပေါ့ ဒါမျိုးလေးတွေပါတယ်။ ဒါပေမယ့် ကျွန်မတို့ အများစုက အစိုးရကျောင်းတွေမှာ နေတဲ့သူတွေအတွက်ကတော့ တော်တော်လေးကို အခက်အခဲဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်မက ဒီနေရာမှာ အစိုးရကျောင်းမှာ သင်ကြားနေတဲ့ သင်ရိုးတွေက အမြန်ဆုံး ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲသင့်ပြီလို့ အကြံပြုချင်တယ်။ အဲလိုပြောင်းလဲမှ မိဘတွေကိုယ်တိုင်က ကိုယ့်သားသမီးကို ရင်အုပ်မကွာ ဒီခေတ်ကြီးမှာ ထိန်းကျောင်းနိုင်မှာ။ ဆုံးမနိုင်မှာ။ အားလုံး စားဝတ်နေရေးအတွက် နေ့စဉ် ရုန်းကန်နေကြရတဲ့သူတွေ ဘာပဲပြောပြော သူတို့ကို အများဆုံး လွှမ်းမိုးထားနိုင်တာက ကျောင်းကဆရာမတွေနဲ့ ကျောင်းသင်ရိုးညွှန်းတွေပဲဖြစ်တယ်။ ဒီဆရာဆရာမတွေရဲ့ အမြင်တွေပြောင်းဖို့ သင်ရိုးတွေပြောင်းဖို့ကတော့ အရေးကြီးတယ်။

နောက် အိမ်မှာလည်း အရေးကြီးပါတယ်။ ကိုယ့်မိဘတွေကနေပြီးတော့ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့နဲ့ အကြမ်းဖက်မှုဆိုတာ လုံးဝ လက်သင့်ခံသင့်တာမဟုတ်ဘူး။ အမျိုးသမီးကပဲ အကြမ်းဖက်ဖက် အမျိုးသားကပဲ အကြမ်းဖက်ဖက် ဘယ်အကြမ်းဖက်မှုမျိုးမှ လက်သင့်မခံသင့်ဘူးဆိုတဲ့ မျိုးကို သားသမီးတွေကို ပြောပြ ခေါင်းထဲထည့်ပေးဖို့ လိုပါတယ်။

နောက်တစ်ခါ ကျွန်မတို့အမျိုးသမီးတွေအတွက် အကာအကွယ်ပေါ့နော်။ အကာအကွယ်ဆိုတဲ့အခါမှာ ကျွန်မတို့က မသိဘူးလို့ဆိုပေမယ့် သူ့အရွယ်လောက် သူ့မှာ မှတ်ဉာဏ် အသိဉာဏ်တွေ ရှိပါတယ်။ ကလေးလည်း ကလေးအရွယ်လောက် ရှိတဲ့အတွက် ဒီကလေးအရွယ်မှာ သူ့ကိုယ်သူ ကာကွယ်နိုင်အောင် ကျွန်မတို့ Message လေးတွေ ပေးထားဖို့လိုတယ်။ ကလေးနဲ့ မတန်တဲ့အကြောင်းအရာကြီးတော့ သွားပြောလို့ သူတို့ နားမလည်ဘူးပေါ့။ ဥပမာ ကျွန်မသမီးလေးဆိုရင် ကျွန်မက Ferry စီးခိုင်းရတယ်။ စီးခိုင်းတဲ့အခါမှာ ကျွန်မက စိတ်ပူတာ အရမ်းပဲ။ Ferry ဆိုတာကလည်း အမျိုးသားတွေ မောင်းတဲ့အရာဖြစ်တဲ့အတွက်ကြောင့် မှာထားရတယ်။ သမီး ကိုယ့်ရဲ့ အသားကိုပဲဖြစ်ဖြစ် ဘယ်နေရာကိုပဲမဆို အမျိုးသားတစ်ယောက်က လာထိတာပဲဖြစ်ဖြစ် လုံးဝ အထိမခံပါနဲ့ ထိရင် ဘယ်လိုတုန့်ပြန်ပါ၊ ဒါမျိုးဖြစ်ခဲ့လို့ တစ်ခုခု ဖြစ်ခဲ့ရင်လည်း မေမေကို ပြန်ပြောပါ။ ဒီလိုမျိုးကအစ ကျွန်မတို့က သူသိနိုင်တဲ့ အရွယ်ကလေးနဲ့ လိုက်တဲ့ဟာမျိုးလေးကို ကျွန်မတို့ မှာထားရင် တစ်စုံတစ်ခု မဖြစ်အောင်လည်း ကာကွယ်နိုင်သလို ဖြစ်ခဲ့ရင်လည်း အချိန်မှီသိတယ်ပေါ့။ ဒီလို Message မျိုးကတော့ မိသားစုထဲမှာ ကျွန်မတို့ ပေးသင့်တယ်လို့ ကျွန်မထင်တယ်။ ကလေးတွေက မသိသင့်သေးဘူး ဒါတွေက ရှက်စရာကြီးဆိုပြီးတော့ ကျွန်မတို့က ဓလေ့ထုံးစံကြီးနဲ့ ပိတ်ပြီးတော့ ညစ်ပတ်တယ်ဆိုတဲ့ဟာကြီးနဲ့ တွဲပြီးတော့ မြင်နေရင် ကျွန်မတို့ကလေးတွေ ဒုက္ခရောက်လိမ့်မယ်။

အခုဆိုရင်လည်း ညီမလေးတို့အားလုံးလည်း ကြားမယ် အမတို့ခေတ်က မကြားဝံ့မနာသာ စာသင်ခန်းထဲမှာ ကျောင်းသားအချင်းချင်း ငယ်ရွယ်သူအချင်းချင်း ဖြစ်တဲ့ကိစ္စတွေရှိတယ်။ ဆရာနဲ့ ကျောင်းသူနဲ့ဖြစ်တဲ့ ကိစ္စတွေရှိတယ်။ ဒါမျိုးတွေက Sex Education ဆိုတဲ့ဟာကို လွဲမှားစွာ သိနေပြီးတော့ လွဲမှားစွာ အသုံးပြုလို့ဖြစ်တယ်။ တကယ်သာ သူတို့ မှန်မှန်ကန်ကန်သိထားရင် သူတို့ လိုအပ်တာလေးတွေ သူတို့ အကာအကွယ်ပြုနိုင်မယ်လို့ ကျွန်မကတော့ ယူဆတယ်။

မမီးမီး

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း

မခင်လေးပြောတာနဲ့ တဆက်တည်း ကလေးတွေကို များသောအားဖြင့် ကျွန်မတို့မိဘတွေနဲ့ ထိတွေ့တဲ့အချိန်ဆိုတာက တအားနည်းတယ်ပေါ့။ အခုခေတ်ဆိုရင် ပိုတောင်ဆိုးသေးတယ်။ မျက်စိနှစ်လုံးပွင့်တာနဲ့ ကျောင်းတန်းပို့ရင်ပို့ မပို့ရင် ကျူရှင်ပို့ ကျူရှင်ကနေကျောင်းပို့ ပြန်လာရင် ကျူရှင်ပို့နဲ့ များသောအားဖြင့် ကလေးတွေနဲ့ ထိတွေ့နေရတာက ဆရာသမားတွေ ဖြစ်တဲ့အခါကျတော့ ကျွန်မတို့ အရင်တုန်းကဆိုရင် ကျွန်မတို့တော့ မမှီလိုက်ဘူး။ ဒါပေမယ့် ကျွန်မတို့ခေတ်မှာကျတော့ စာရိတ္တဆိုတဲ့ အချိန်လေးတစ်ချိန် ရှိတယ်ပေါ့နော်။ အဲဒီအချိန်ဆိုလို့ရှိရင် လူ့အဖွဲ့အစည်းတွေမှာ ဘာမလုပ်ရဘူး ဘာမလုပ်ရမယ် ဘယ်လိုနေရမယ်ဆိုတဲ့ ဟာမျိုးလေးတွေ ကျွန်မတို့ သင်ကြားပေးတာတွေ ရှိတယ်ပေါ့။ အရင်တုန်းကဆိုရင် ပြည်သူ့နီတိဆိုပြီးတော့ အခြေခံပညာ မူလတန်းကနေစပြီးတော့ အထက်တန်းထိ သူ့ကလေး ဉာဏ်ရည်အလိုက် အဆင့်ဆင့် တိုးပြီးတော့ သင်ကြားပေးတဲ့ဟာမျိုးတွေ ရှိတယ်ပေါ့။ အဲလိုမျိုး သင်ကြားပုံ သင်ကြားနည်းတွေကို အခု ပြန်ပြီးတော့ အစိုးရကျောင်းတွေမှာ ပြန်ထည့်ဖို့ နိုင်ငံတကာကျောင်းတွေကတော့ ပြောစရာမလိုဘူးပေါ့ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူတို့ နဂိုကတည်းက ကျောင်းသားကို အခြေပြုပြီးတော့ သင်ကြားတဲ့အတွက်ကြောင့် ကျောင်းသားလိုအပ်ချက်ကို သင်ကြားလေ့လာပြီးတော့ သင်ရိုးတွေကို ထုတ်နေတဲ့ဟာတွေ ဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့က နိုင်ငံတကာနဲ့ ပတ်သက်ပြီးတော့ ပြောစရာမလိုပဲနဲ့ အခု ကျွန်မတို့ ဒီ ပြည်တွင်းမှာ အစိုးရကျောင်းတွေမှာဆိုရင် အရင်တုန်းကဆိုရင် ဟိုးအခြေခံပညာမူလတန်းကနေစပြီးတော့ အထက်တန်းအထိ တက္ကသိုလ်အဆင့်ထိ သူ့ရဲ့ဉာဏ်ရည်အလိုက် သူ့ရဲ့အသက်အရွယ်အလိုက် ပြည်သူ့နီတိလိုဟာမျိုးထဲမှာ အကြောင်းအရာလေးတွေ ထည့်မယ်ပေါ့ အဲဒါမျိုးဆိုရင်လည်း ပိုအဆင်ပြေတယ်ပေါ့။

 နောက်တစ်ခုကတော့ ကလေးလေးတွေပေါ့ ခုနက မခင်လေးပြောသွားတာလည်း ဟုတ်ပါတယ်။ Ferry တွေမှာပေါ့ ကလေးဘဝတုန်းကတော့ မသိခဲ့ဘူး။ ဒါပေမယ့် ကြီးတဲ့အခါကျမှ ကျွန်မတို့ ပြန်ကြားရတယ်။ အခုအခါမှာ ပြန်ကြားရတယ်ပေါ့နော်။ ဒီ Ferry သမားတွေက မိန်းကလေး ငယ်ငယ်ရွယ်ရွယ်လေးတွေကို ဥပမာ ၅ တန်း ၆ တန်း ရ တန်း ၈ တန်းလေးတွေကို ကားက မြင့်လို့ ကလေးအန္တရာယ်ဖြစ်မှာစိုးလို့ဆိုပြီးတော့ ကလေးကို ရင်ချင်းအပ်ပြီးတော့ သူတို့ ပစ္စည်းပစ္စယတွေနဲ့ ထိပြီးတော့ တင်တာ ချတာမျိုးတွေ ကလေးဆင်းသွားတာကို နောက်ကနေပြီးတော့ ချစ်စရာလေးဆိုတဲ့ ပုံစံမျိုးနဲ့ တင်ပါးကို ရိုက်လိုက်တာမျိုးပေါ့ ဒါမျိုးတွေလည်း ကျွန်မတို့ အများကြီး ကြံုရပါတယ်။ ကိုယ့်ကလေးကိုယ် ကာကွယ်ထားသင့်တယ်။ နောက်တစ်ခုက အိမ်မှာ အကြမ်းဖက်မှုဆိုတာကို ဘယ်လိုလဲဆိုတဲ့ဟာကို ကလေးက ရှင်းရှင်းပြောလို့ရှိရင် ကလေးက အတုမြင် အတက်သင်တယ်။ အနောက်တစ်ခုက ကလေးက ငယ်ငယ်ကတည်းက စွဲသွားတဲ့ ရင်ထဲက ဒဏ်ရာရှိတယ်၊ ရင်ထဲက ဝေဒနာရှိတယ်၊ ကလေးဆိုပြီးတော့ အမှတ်တမဲ့ လုပ်လို့မရဘူး။ ကျွန်မဆိုလို့ရှိရင် ငယ်ငယ်ဘဝက ကြံုတွေ့ရတာဆိုရင် ကျွန်မတို့ငယ်ငယ်တုန်းက ဗီဒီယိုတွေ ဘာတွေ ဆိုလို့ရှိရင် မကြည့်ရဘူးပေါ့နော်။ တစ်ခါတစ်လေကျရင် သုံးကားလောက် လမ်းထဲကလူတွေ မိုးလင်းတဲ့အထိ စုပြီးတော့ ကြည့်ကြတဲ့အချိန်မှာ ကျွန်မတို့ ၁၄ နှစ် ၁၅ နှစ် လောက်အချိန်မှာ သူတို့တွေကို အိမ်ပြန်ခိုင်းပြီးတော့ ၃ နှစ်အရွယ် ကလေးနှစ်ယောက်ကို ဒီအတိုင်းပဲ လွှတ်ထားလိုက်ပြီးတော့ ယောကျ်ားတွေက ကြည့်ကြတာပေါ့နော်။ မကောင်းတဲ့ကားတွေ ကြည့်ကြတဲ့အခါကျတော့ နောက်နေ့မနက်ကျတော့ အဲဒီကလေးနှစ်ယောက်လုံးက အဲဒီ ညတုန်းကကားအတိုင်း ဆော့တယ်ဆိုပြီးတော့ ဆော့တာကို လူကြီးတွေ အချိန်မှီ ထိန်းသိမး်လိုက်နိုင်ခဲ့တာကို ကျွန်မတို့လမ်းထဲမှာ ကြံုတွေ့ခဲ့ရတာပေါ့။

နောက်တစ်ခုကကျတော့ မိဘအချင်းချင်း ကိုယ့်ရဲ့မိသားစုမှာ မောင်နှမချင်း စကားများတာမျိုးပေါ့ တူတွေ တူမတွေရှေ့မှာပေါ့ ဒါမှမဟုတ်လည်း လင်မယားပြဿနာတက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ရိုက်နှက်တာမျိုးကို အသက်ငယ်ငယ်ရွယ်ရွယ် ကလေးအရှေ့မှာပဲဖြစ်ဖြစ် ကြီးတဲ့ကလေးရှေ့မှာပဲဖြစ်ဖြစ် မလုပ်မိဖို့ပါပဲ။ အဲဒါတွေက သတိထားရမယ့် အချက်တွေပါပဲ။

မပျိုးလက်ဟန်

နိုင်ငံတကာမှာရော ဒီလိုမျိုး လူပုံအလယ်မှာ အကြမ်းဖက်တဲ့ကိစ္စမျိုးတွေကို ဘယ်လိုမျိုး ကာကွယ်ထားလဲပေါ့နော်။ ဘယ်လိုမျိုး ဥပဒေပုဒ်မတွေနဲ့ပေ့ါ။

မဝေဝေနု

Justice For Women

အဓိကကတော့ နိုင်ငံတကာမှာ ယန္တရားတွေ ပြောမယ်ဆိုလို့ရှိရင် ကျွန်မတို့မှာ ပထမဆုံးအချက်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပေါ့။ အဲဒီမှာဆိုလို့ရှိရင် ကျွန်မတို့က အမျိုးသားရော အမျိုးသမီးရော မည်သူမဆို အသားအရောင်၊ လိင်် သူတို့ရဲ့ ဘာသာစကား ကိုးကွယ်မှု စသဖြင့် ဒီကွဲပြားမှုအပေါ် အခြေခံပြီးတော့ ခွဲခြားဆက်ဆံမှု မရှိစေရဆိုတဲ့ဟာမျိုးပါသလို လူတိုင်းလူတိုင်းဟာ မွေးရာပါ လူ့ဂုဏ်သိက္ခာ ရှိတယ်ဆိုတဲ့ဟာကိုလည်း ကျွန်မတို့က ပြောထားပြီးသားဖြစ်တယ်။ အဲဒါကို ကျွန်မတို့က အခရာပေါ့နော် ဒီ အချက်အခြာဆုံး အခွင့်အရေးအနေနဲ့ ကျွန်မတို့ သတ်မှတ်ထားပြီးတော့ ကျွန်မတို့ လူ့အဖွဲ့အစည်း ဘာသာတရားတွေကလည်း အမှန်တကယ်တော့ ဒီလိုတွေပဲ သင်ပေးထားတာပဲ မိန်းမတွေကို ဒါမှမဟုတ်ရင် အခြားသူတွေကို ကိုယ်နဲ့ မတူသလို ခွဲခြားဆက်ဆံတာတို့ နှိမ့်ချဆက်ဆံတာတို့ လူ့ဂုဏ်သိက္ခာကို ကျဆင်းအောင် ဆက်ဆံတာတို့ ဘယ်ဘာသာတရားမှလည်း ကျွန်မတို့က ခွင့်မပြုသလို ခုနက နိုင်ငံတကာ ယန္တရားတွေမှာလည်း ခွင့်မပြုပါဘူး။ လူတိုင်းလူတိုင်းမှာ လူ့ဂုဏ်သိက္ခာ ရှိတယ်ပေါ့နော်။ အဲဒါက တစ်ချက်ပေါ့နော်။

နောက်တစ်ချက်ကကျတော့ ကျွန်မတို့ ဒီ အဲလိုရှိရုံနဲ့ မလုံလောက်လို့ ကျွန်မတို့မှာ ကုလသမဂ္ဂကနေပြီးတော့ ပြဌာန်းပေးတဲ့ အမျိုးသမီးများ အကြမ်းဖက်မှု နည်းပေါင်းစုံနဲ့ ခွဲခြားဆက်ဆံမှုဆိုင်ရာ ပပျောက်ရေး စာချုပ်ဆိုတာ ရှိပါတယ်။ အဲဒါကို ကျွန်မတို့ စီဒေါလို့ ခေါ်ပါတယ်။ စီဒေါ ဆိုလို့ရှိရင် မြန်မာနိုင်ငံဟာ လက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်ခု ဖြစ်တယ်ပေါ့နော်။ လေးနှစ်တစ်ကြိမ် လေးနှစ်တစ်ကြိမ် အမျိုးသမီးတွေရဲ့ ခွဲခြားဆက်ဆံရမှုတွေကို အစိုးရကနေပြီးတော့ အစီရင်ခံစာ တင်ရပါတယ်။ ကျွန်မတို့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေကနေပြီးတော့လည်း လူ့အဖွဲ့အစည်းမှာ ဖြစ်နေတဲ့ အမျိုးသမီးတွေ ခွဲခြားဆက်ဆံရမှု အကြမ်းဖက်ခံရမှု အပါအဝင်ပေါ့နော်။ အဲဒါတွေကို ကျွန်မတို့ အစီရင်ခံစာတွေကို ကုလသမဂ္ဂကို တင်သွင်းလေ့ရှိပါတယ်။ အဲလိုလုပ်ရတဲ့တာဝန်က မြန်မာနိုင်ငံတစ်ခုတည်းမှာတင် ရှိတာမဟုတ်ပါဘူး။ အခြားနိုင်ငံ တော်တော်များများမှာ ဒီ စီဒေါကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတော်တော်များများဟာ ဒီလိုလုပ်လေ့ရှိပါတယ်။

နောက်ထပ်တစ်ခု ကျွန်မတို့ ထပ်ရှိတာက ဘာလဲဆိုတော့ နောက်ထပ် အမျိုးသမီးတွေက အဲလောက်နဲ့ မလုံလောက်သေးပဲနဲ့ ကျွန်မတို့ လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံတွေမှာ အမျိုးသမီးတွေက ခွဲခြားဆက်ဆံခံနေရတယ်။ နောက်တစ်ခါ ဖိနှိပ်မှုတွေ ခံရတယ်။ အကြမ်းဖက်မှုတွေခံရတယ်။ လုံခြံုရေးတွေ မရှိဘူးဆိုပြီးတော့ နောက်ထပ် နောက်ထပ် ကျွန်မတို့ ဟို ကုလသမဂ္ဂကနေပြီးတော့ ဒီ ဆုံးဖြတ်ချက်တွေ ထုတ်လာတာတွေ ရှိပါတယ်။ အဲဒီဆုံးဖြတ်ချက်တွေထဲမှာ နည်းနည်း နာမည်ကြီးတဲ့ အရေးကြီးတဲ့ တစ်ခုက ဘာလဲဆိုရင် ဆုံးဖြတ်ချက် ၁၃၂၅ ပေါ့နော် အဲဒီဆုံးဖြတ်ချက်အရဆိုရင် အမျိုးသမီးတွေကို လုံခြံုမှု ခုနကလို နည်းပေါင်းစုံကနေ အကြမ်းဖက်ခံရမှုကို ကာကွယ်ပေးရမယ်။ အထူးသဖြင့် ပဋိပက္ခဒေသတွေမှာပေါ့နော်။ နောက်ပြီးတော့ အမျိုသမီးတွေအတွက် ကာကွယ်မှုနဲ့ လုံခြံုမှုကို ပေးရမယ်ဆိုတဲ့ ယန္တရားတွေ ရှိထားပြီးသား ဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း အမျိုးသမီး အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ ဥပဒေတွေ ရေးဆွဲနေပြီလို့ သိရပါတယ်။ ကျွန်မတို့အနေနဲ့ မျှော်လင့်တာက ဘာလဲဆိုရင် အဲဒီဥပဒေဟာ ခုနက အမျိုးသမီးတွေကို တကယ်ပဲ ကာကွယ်မှုပေးနိုင်ပြီးတော့ နိုင်ငံတကာ စာချုပ်စာတမ်းတွေနဲ့ အညီပေါ့ အဆင့်အတန်းနဲ့အညီ ရေးဆွဲထားတဲ့ ဥပဒေဖြစ်ပြီးတော့ အမျိုးသမီးတွေကို တကယ်ကာကွယ်ပေးတဲ့ ဥပဒေမျိုး ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ အမြန်ဆုံးလည်း ဒါကို ကျွန်မတို့ ပြဌာန်းပေးနိုင်ဖို့ မျှော်လင့်တယ်ပေါ့နော်။

မပျိုးလက်ဟန်

ဟုတ်ကဲ့ပါ။ ဒီမြန်မာပြည်မှာလည်း ကျွန်မတို့ အမျိုးသမီးအဖွဲ့တွေရော အရပ်ဖက်အဖွဲ့အစည်းတွေရော စုပေါင်းပြီးတော့မှ ဆွဲနေတဲ့ ပိုပေါင်းနော်ဆိုတာ ရှိတယ်လို့ ကျွန်မတို့ ကြားဖူးပါတယ်။ အဲတော့ ဒီဥပဒေကရော ဥပဒေရေးဆွဲတဲ့ဘယ်အဆင့်ထိ ရောက်သွားပြီလဲ တကယ်လို့ ဥပဒေသာ အသက်ဝင်လာခဲ့ပြီဆိုရင် ကျွန်မတို့အမျိုးသမီးတွေ တကယ်အားထားရမယ့်ဟာ ဖြစ်ရဲ့လား။ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ရော ကိုက်ညီရဲ့လားဆိုတာလေးကိုလည်း အမအနေနဲ့ ဆွေးနွေးပေးပါဦး။

မခင်လေး

Trangle Women Support Group

ကျွန်မတို့ အတိုကောက် အလွယ်ပေါ့နော်။ (pro vaw )ပရိုဗောလို့ခေါ်တယ်။ အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ပေးတဲ့ ဥပဒေကို ရေးဆွဲတာဆိုလို့ရှိရင် ကျွန်မတို့ အစိုးရဌာနနဲ့ ဝန်ကြီးဌာနတွေပါတယ်။ အမျိုးသမီးအဖွဲတွေ ပါတယ်။ နောက် နိုင်ငံတကာက ကျွမ်းကျင်တဲ့အဖွဲ့တွေ ပါတယ်။ ဥပဒေပညာရှင်တွေ ပါတယ်။ ကုလသမဂ္ဂတွေလည်းပါတယ်။ INGO တွေလည်းပါတယ်။ ကျွန်မတို့တော့ မပါဘူးပေါ့နော်။ ဒါပေမယ့် တော်တော်များများ အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ အဖွဲ့တွေပါပြီးတော့ ရေးဆွဲထားတာဖြစ်တယ်။ သူတို့က ဥပဒေကြမ်းကို ရေးဆွဲတာတောင်မှ အချိန် ၃ နှစ်ကျော် အချိန်ယူထားပါတယ်။ ပြီးတော့ ၃ နှစ်ကျော်အချိန်ယူပြီးတဲ့အခါမှာ ကျွန်မသိရသလောက်ဆိုရင် ပြီးခဲ့တဲ့ အစိုးရသက်တမ်း မကုန်ခင်လေးမှာပဲ သူတို့ ဒီဥပဒေကို လွှတ်တော်ကို တင်ဖို့အတွက် သူတို့ ကြိုးစားတယ်။ ဒါပေမယ့် စိတ်မကောင်းတာက အဲဒီထဲမှာပါသော အချို့သော အရေးကြီးသော အပိုင်းတွေကို ပါဝင်ရေးဆွဲတဲ့သူတွေအားလုံးကို အသိမပေးပဲ ဌာနဆိုင်ရာ တစ်ခုကနေပြီးတော့မှ ဖြုတ်လိုက်တာတွေ ပယ်လိုက်တာမျိုးတွေရှိတယ။် အဲဒီအတွက် ပါဝင်ရေးဆွဲတဲ့သူတွေအားလုံးကတော့ တော်တော်လေးကိုမှ စိတ်မကောင်းဖြစ်ရတယ်။

ဘာတွေကို ဖြုတ်လိုက်လဲဆိုရင် တချို့ဟာတွေက မျိုးစောင့်ဥပဒေလို့ခေါ်တဲ့ ဥပဒေလေးခုနဲ့ သွားပြီးတော့ ဖီလာဆန့်ကျင် ဖြစ်နေမှာစိုးတဲ့အတွက် တချို့အပိုင်းတွေကို ဖြုတ်တယ်ပေါ့နော်။ ဆိုတဲ့အခါကျတော့ ဘာပဲပြောပြော ဘယ်အပိုင်းပဲဖြုတ်ဖြုတ် အခု ဒီဟာကို ပြန်ပြီးတော့ အစိုးရသစ်လက်ထက်မှာ တင်ကြမယ်လို့ လုပ်တဲ့အခါမှာ အခု တရားလွှတ်တော်ရုံးမှာ စိစစ်နေတာ နှစ်လကျော်ကြာပြီလို့ ပြောတယ်။ ပြောရရင်တော့ ဒါ တော်တော်လေးကို နှောင့်နှေးနေတယ်လို့ ပြောလို့ရတယ်။ ကျွန်မတို့ရဲ့ လက်ရှိ နိစ္စဓူဝဘဝမှာ ခံစားနေရတာက အကြမ်းဖက်မှုတွေက ပိုများနေတယ်။ ဒါပေမယ့် ဥပဒေပြုရေးအပိုင်းမှာတော့ အရမ်းကို ကြန့်ကြာပြီးတော့ အချိန်ဆွဲနေသလို ဖြစ်နေတယ်။ အဲဒီအတွက်လည်း ကျွန်မတို့ ပြီးခဲ့တဲ့တစ်ပတ်တည်းက ဦးရွှေမန်းကော်မတီလို့ အများခေါ်ကြတယ်ပေါ့နော်။ ဒီကော်မရှင်နဲ့ ကျွန်မတို့ သွားပြီးတော့ ပြည်ထောင်စုလွှတ်တော် ကော်မရှင်မှာ သွားပြီးတော့ တွေ့ပါတယ်။ တွေ့တဲ့အခါမှာ ဒါကိုလည်း ပြောဆို တိုက်တွန်းမှုတွေလုပ်တယ်။ လက်ရှိဖြစ်နေတဲ့ အနေအထားရ ဒီဥပဒေ ပြဌာန်းမှဖြစ်တော့မယ်။ ဒီဥပဒေထဲမှာတော့ တက်နိုင်သမျှ နိုင်ငံတကာ စံချိန်စံနှုန်းနဲ့ညီအောင် စီဒေါတို့ အင်တာနေရှင်နယ်နဲ့ညီအောင် ရေးဆွဲထားတယ်။ ဒါပေမယ့် အားနည်းချက်တွေလည်း ပါကောင်းပါမယ်။ ပါလာခဲ့လို့ရှိရင်လည်း ကျွန်မတို့က အများပြည်သူကိုအများပြည်သူ ဆွေးနွေးနိုင်တဲ့ဟာမျိုးတွေ လုပ်ရင် အများပြည်သူနဲ့ အခြားသက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေ ကျွမ်းကျင်တဲ့သူတွေက ဝင်ရောက်ပြီးတော့ ဖြည့်ကြမယ်။ အကြံဉာဏ်ပေးကြမယ်။ အဲဒီမှာမှ အကောင်းဆုံးတစ်ခုအနေနဲ့ ဥပဒေတစ်ခု ပေါ်ထွန်းလာလိမ့်မယ်။ အဲတော့ အမြန်ဆုံး ဖြစ်သင့်တာကတော့ ဥပဒေကြမ်းကော်မတီကို ရောက်ပြီးတော့ ဥပဒေကြမ်းကော်မတီက ဥပဒေကြမ်းအဖြစ်နဲ့ အများပြည်သူကို ကြေညာဖို့က အရေးတကြီး လိုနေပါတယ်။ အဲလိုဟာမျိုးလေး ပေါ်လာပြီဆိုရင်တော့ အနည်းဆုံးတော့ အခုချိန်မှာ ကျွန်မတို့က ပြောရလို့ရှိရင် လူဆိုတဲ့ဟာမျိုးက ဘယ်သူမဆို မှားတက်တယ်။ ဒါပေမယ့် အဲဒီအမှားကို အထိန်းအကွပ်လေးနဲ့ ဥပဒေရဲ့ အထိန်းအကွပ်လေး ရှိနေရင်တော့ နည်းနည်းလေး ဟန့်တာပေါ့နော်။ အခုချိန်ကျတော့ ဥပဒေရဲ့ အထိန်းအကွပ်ကလည်း မရှိဘူး။ ဘယ်လိုခေါ်မလဲ အရေးယူထိန်းကျောင်းမှုကလည်း မရှိတဲ့အခါကျတော့ လုပ်တဲ့သူတွေက ပိုပြီးတော့ အတင့်ရဲပြီးတော့ လုပ်လာကြတယ်။ အထူးသဖြင့်တော့ ကျွန်မတို့ သက်ငယ်မုဒိမ်းမှုကိစ္စတွေပဲကြည့် သက်ငယ်အကြမ်းဖက်ခံရမှုတွေပဲ ဒါမျိုးတွေက ပိုပိုများလာပေမယ့် အရေးယူဆောင်ရွက်မှုအပိုင်းတွေမှာ အားရစရာမရှိသလို ဥပဒေပြုရေးအပိုင်းက လူတွေကလည်း နှောင့်နှေးနေတာတွေ တွေ့ရတယ်။ အဲဒါကတော့ အားနည်းချက်ဖြစ်တယ်။

 ပြန်ချံု့ပြီးတော့ ပြောရမယ်ဆိုရင်တော့ ဥပဒေ ပြဌာန်းနိုင်မယ်ဆိုရင်တော့ တော်တော်လေးမှ ကျွန်မတို့အတွက် အကာအကွယ်ဖြစ်မယ်။ ဥပဒေထဲမှာ ပြင်ဆင်ရမယ့် ဖြည့်စွက်ရမယ့်ဟာတွေ ရှိကောင်းရှိမယ်။ ကျွန်မတို့ အားလုံး ဝိုင်းဖြည့်စွက်ကြမယ်ဆိုရင်တော့ ဥပဒေကောင်းတစ်ခု ဖြစ်လာမယ်။ ဒါပေမယ့် ကျွန်မစိုးရိမ်တာက ဥပဒေတစ်ခုတည်း ကောင်းလို့မရဘူး။ နောက်မှာ နည်းဥပဒေတွေဆိုတာရှိမယ်။ နောက်ပြီးတော့ စီရင်မှုတွေရှိမယ်။ တကယ့်လက်တွေ့ အသုံးပြုတဲ့နေရာမှာလည်း ဥပဒေကို ဥပဒေအတိုင်း ထိထိရောက်ရောက် ကာကွယ်ဖြေရှင်းနိုင်မယ့် တရားရေးမဏ္ဍိုင််က လူတွေ အဂတိကင်းဖို့လိုတယ်။ တကယ် မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ နှလုံးသားနဲ့ ဒီလူတစ်ယောကို ခံစားရတဲ့သူတစ်ယောက်အတွက်ကို သေသေချာချာ ဆုံးဖြတ်နိုင်ဖို့ အပိုင်းကလည်း သိပ်ပြီးတော့ အရေးကြီးပါတယ်။ အဲဒါတွေ ပေါင်းလိုက်မယ်ဆိုရင်တော့ ကျွန်မထင်ပါတယ် ကျွန်မတို့ လုံးလုံးတော့ ပျောက်မသွားနိုင်ဘူး။ ဒါပေမယ့် အထိုက်အလျှောက်တော့ လျော့ပါးသွားလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။

အပိုင်း(၁) အား အောက်ပါတွင် သွားရောက်ကြည့်ရှုနိုင်ပါသည်-http://www.mizzimaburmese.com/article/20476

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly