ရွှေဖြူ သို့မဟုတ် ရာဘာစိုက်ပျိုးရေး

22 November 2016
ရွှေဖြူ သို့မဟုတ် ရာဘာစိုက်ပျိုးရေး

နှစ်ရှည်ပင်တမျိုးဖြစ်တဲ့ ရာဘာပင်ဟာ စက်မှုကုန်ကြမ်းပစ္စည်းတမျိုးဖြစ်တာကြောင့် ပြည်တွင်းပြည်ပစျေးကွက်ကို ရရှိထားပါတယ်။

ရာဘာကနေထုတ်လုပ်တဲ့ လူသုံးပစ္စည်းအမျိုးမျိုးဟာ လူသားတွေရဲ့ပတ်ဝန်းကျင်မှာ နေရာယူထားပါတယ်။

ရာဘာပင်ဟာ မြေအမျိုးအစားမရွေးတဲ့အတွက် မြန်မာနိုင်ငံရဲ့ ဒေသ အတော်များများမှာ စိုက်ပျိုးလို့ရပါတယ်။ ရာဘာပင်ရဲ့ လက်ရှိ တနိုင်ငံလုံးစိုက်ဧကဟာ ၁၅ သိန်းကျော်ရှိနေပြီး နှစ်စဉ်ပျမ်းမျှ ရာဘာတန်ချိန်ပေါင်း ၁၉၀၀၀၀ ကျော်ထွက်ရှိနေတယ်လို့ မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ စာရင်းတွေအရ သိရပါတယ်။

အောင်မြင်တဲ့ ရာဘာခြံ ရရှိဖို့ဆိုရင်တော့ စိုက်ပျိုးမယ့်ဒေသရဲ့ ရာသီဥတု၊ မြေအနေအထားနဲ့ သင့်တော့တဲ့ပျိုးပင်တွေ စိုက်ပျိုးနည်းစနစ်တွေကို ရွေးချယ်စိုက်ပျိုးနိုင်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ စိုက်ခင်းထဲမှာ အပင်သေနှုန်းများလို့ ပြန်ပြီးဖာထေးစိုက်ပျိုးတာဟာ အပင်သက်တမ်းကွာခြားမှုကို ဖြစ်စေတဲ့အတွက် အစေးထွက်နှုန်းကို ကျဆင်းစေတယ်လို့ သိရပါတယ်။

ရာဘာပင်ကို စိုက်ပျိုးမယ်ဆိုရင်တော့ စိုက်စရိတ်အနေနဲ့ တစ်ဧကကို ငွေကျပ် ၁၅ သိန်း ကုန်ကျနိုင်ပါတယ်။ တစ်ဧကမှာ ရာဘာပင် ၁၈၀ ကနေ ၂၀၀ အတွင်း စိုက်ပျိုးနိုင်ပြီးတော့ နှစ်စဉ် ရာဘာအခြောက်ပေါင် ၁၂၀၀ ခန့်ထွက်ရှိတယ်လို့လည်း သိရပါတယ်။

ရာဘာပင်ဟာ နှစ် ၃၀ လောက်သက်တမ်းရှိတဲ့ နှစ်ရှည်ပင်တမျိုးဖြစ်ပါတယ်။ အပင်သက်တမ်း ၆ နှစ်လောက်မှာ ရာဘာစေးကို ခြစ်ယူနိုင်တာကြောင့် စိုက်ပျိုးပြီး ၆ နှစ်ကျော်မှ ၀င်ငွေရရှိတဲ့ အပင်မ်ျျိုးလည်းဖြစ်ပါတယ်။ ရာဘာစိုက်ခင်းထဲမှာ ပေါင်းမြက်တွေ ရှင်းလင်းထားဖို့ လိုပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ရာဘာပင်ဟာ မီးဟပ်ခဲ့ရင်တောင်မှ ခြောက်သွေ့သွားတဲ့အတွက် အစေးမထွက်တော့လို့ပါ။ အပင်သေသွားတာနဲ့ အတူတူပဲမို့ ခုတ်လှဲပစ်ရပါတယ်။ ဒါ့အပြင် အကိုင်းတွေကိုလည်း မြေကြီးကနေ ရ ပေ ၈ ပေလောက်အထိ ထားပေးဖို့ လိုအပ်ပါတယ်။ နေရောင်ခြည်ရရှိတာနဲ့ လေဝင်လေထွက်ကောင်းမွန်တာဟာ ရာဘာစေးအထွက်နှုန်းတိုးဖို့အတွက် အဓိကကျနေပါတယ်။

ရာဘာပင်ဟာ ရေဂါထွေထွေထူးထူး ကျလေ့မရှိပေမယ့် မြေသြစာကျွေးဖို့တော့ လိုအပ်ပါတယ်။ အရွယ်ရောက်လာတဲ့ ရာဘာပင်ကနေ အစေးခြစ်ယူရာမှာတော့ တရက်ခြား အလှည့်ကျ အစေးခြစ်တဲ့နည်းဟာ ရာဘာပင်ကို သက်တမ်းရှည်ရှည် အစေးထုတ်ယူနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။

ရာဘာပင်ဟာ အေးတဲ့အချိန်ဆိုရင် အစေးအထွက်နှုန်းကောင်းတဲ့အတွက် အစေးခြစ်တာတွေကို ညပိုင်းတွေမှာ ပြုလုပ်လေ့ရှိပါတယ်။ ည ၁ နာရီခန့်ကနေ မနက် ၅ နာရီအထိ ရာဘာစေးခြစ်ယူနိုင်ပါတယ်။ နေရောက်ခြည်ရတာနဲ့ ရာဘာပင်ဟာ အစာချက်တဲ့လုပ်ငန်း လုပ်နေရတဲ့အတွက် အဲသလိုအချိန်တွေမှာ အစေးခြစ်မယ်ဆိုရင်တော့ အစေးအထွက်နှုန်း နည်းမယ်လို့လည်း သိရပါတယ်။

ထွက်ရှိလာတဲ့ ရာဘာစေးတွေကိုတော့ အစေးခဲကန်တွေထဲ ပို့ရမှာဖြစ်ပါတယ်။ ရာဘာစေးကို ရေ၊ အက်စစ်တို့နဲ့ အချိုးကျရောစပ်ပြီး အနည်းဆုံး ၃ နာရီကနေ ၄ နာရီအထိ အေးခဲထားကြရမှာပါ။ ရာဘာစေးတွေ အေးခဲလာပြီဆိုရင်တော့ ရောင်းတန်းဝင်ရာဘာပြားဖြစ်ဖို့အတွက် ၁ ဒသမ မီလီမီတာအထူ ရရှိဖို့အတွက် ကြိတ်စက်နဲ့ ကြိတ်ပေးဖို့လည်း လိုအပ်ပါတယ်။ ပြီးရင်တော့ရေစစ်ဖို့အတွက် တစ်ညတာ လှန်းထားရမှာဖြစ်ပြီး ရလာတဲ့ ရာဘာပြားတွေကို မှိုင်းခံဖို့အတွက် မှိုင်းရုံကို ပို့ပေးရမှာပါ။ ဒီအခါမှာတော့မှိုင်းခံရုံကို မပို့ခင်မှာ ကြားခံအဆင့်အနေနဲ့ အပူလှောင်ရုံတစ်ခုကို ထားရှိပါတယ်။ ဒီအပူလှောင်ရုံကို မှန်တွေသွပ်တွေနဲ့ ကာရံထားပြီးတော့ အထဲကို အပူပေးတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒိီလိုလုပ်တာဟာလည်း မှိုင်းခံရုံရဲ့ ကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့အတွက် ဖြစ်ပါတယ်။

ရာဘာပြားကို မှိုင်းခံရုံကိုပို့ပြီး ခြောက်သွေ့တာဟာ စျေးကွက်ဝင် အဆင့်မြင့်ရာဘာတွေ ရရှိစေတယ်လို့ ဆိုပါတယ်။ ရာဘာပြားကို နေရောက်ခြည်နဲ့ တိုက်ရိုက် ခြောက်သွေ့စေမယ်ဆိုရင် ရာဘာရဲ့ဆွဲအား တွန်းတိုက်အားကို ကျဆင်းစေပါတယ်။ ဒါ့အပြင် အပြင်ဘက်မှာနေလှန်းထားလို့ အမှိုက်တွေ ပက်ခဲ့မယ်ဆိုရင်လည်း ရာဘာရဲ့အရည်အသွေးအဆင့်သတ်မှတ်ချက်ကို ထိခိုက်ပါတယ်။

မှိုင်းခံရုံမှာ ၃ ရက်လောက် အခြောက်ခံပြီး ထွက်ရှိလာတဲ့ ရာဘာပြားတွေမှာ ကပ်နေတဲ့ အမှိုက်နဲ့အညစ်အကြေးတွေကို တစ်ခုချင်း ကပ်ကြေးနဲ့ ဖယ်ထုတ်ရပါမယ်။ ဒီလို အဆင့်ဆင့်လုပ်ဆောင်ပြီးမှ စျေးကွက်ကို ပို့ဖို့ အသင့်အနေအထားဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ရာဘာစျေးကွက်ကတော့ တရုတ်နိုင်ငံကို အဓိကထား တင်ပို့နေပါတယ်။ ပြည်တွင်းမှာရှိတဲ့ တာရာစက်ရုံတွေကလည်း ရာဘာကုန်ကြမ်းတွေ ၀ယ်ယူပါတယ်။ ဒါ့ကြောင့် ရာဘာစျေးကွက် ပြန်လည်ဦးမော့လာနိုင်ဖို့အတွက် မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းအနေနဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီမယ့် ရာဘာပင်မစျေးကွက်ဖြစ်လာဖို့အပြင် နိုင်ငံတကာအသိအမှတ်ပြုတဲ့ ထောက်ခံမှုတွေ ရရှိဖို့ပါ ဆောင်ရွက်နေပါတယ်။

မြန်မာနိုင်ငံက ထွက်ရှိတဲ့ရာဘာဟာ အရည်အသွေး တပြေးညီရရှိမှု အားနည်းနေတာတွေအပြင် အရည်အသွေး ထောက်ခံချက် မရှိတဲ့အတွက် ကမ္ဘာ့ပေါက်စျေးထက် ၂၅ ရာခိုင်နှုန်းခန့် လျှော့ပြီးရောင်းချနေရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly