အမျိုးသမီးများကို လူမြင်ကွင်းများတွင် အကြမ်းဖက်ခြင်း (အပိုင်း ၁)

21 November 2016
အမျိုးသမီးများကို လူမြင်ကွင်းများတွင် အကြမ်းဖက်ခြင်း (အပိုင်း ၁)

မပျိုလက်ဟန်

မင်္ဂလာပါ။

မဇ္ဈိမ မီဒီယာကနေ ကြိုဆိုပါတယ်။ ကျွန်မတို့ ဒီတစ်ပတ် ဆွေးနွေးမယ့် အကြောင်းအရာလေးကတော့ အမျိုးသမီးများကို “လူပုံအလယ်တွင် အကြမ်းဖက်ခြင်း”ဆိုတဲ့ အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။

ဒီနေ့အကြောင်းအရာလေးမှာ ပါဝင်ဆွေးနွေးပေးမယ့် သူတွေကတော့ Trangle Women မှ မခင်လေး၊ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းမှ မမီးမီးနဲ့၊ Justic For Women မှ မဝေဝေနုတို့ပဲ ဖြစ်ပါတယ်။

လူပုံအလယ်မှာ အမျိုးသမီးတွေကို အကြမ်းဖတ်တဲ့ကိစ္စတွေက ခပ်စိတ်စိတ် ကြားလာရတယ်ပေါ့။ အဲဒီမှာ လူပုံအလယ်မှာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ လူသိများတာကတော့ အမျိုးသမီးကို ရိုက်နှက်တာမျိုးပေါ့နော်။ အဲဒီတော့ နိုင်ငံတကာမှာရောပေါ့နော် မြန်မာနိုင်ငံမှာရော မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို အကြမ်းဖတ်မှုလို့ ပြောတယ်ဆိုလို့ရှိရင် ဒီ အကြမ်းဖတ်မှုပုံစံ ဘယ်နှစ်မျိုးလောက် ရှိလဲပေါ့။ အကြမ်းဖက်မှုရဲ့ အဓိပ္ပာယ်လေးကို မဝေဝေနု ပြောပြပေးပါ။

မဝေဝေနု

Justice For Women

အမျိုးသမီးများအပေါ်မှာ အကြမ်းဖက်မှုလို့ ကျွန်မတို့ ပြောလို့ရှိရင် အများစု နားလည်သဘောပေါက်တာက အမပြောသလိုပဲ ခုနကလို ကိုယ်ထိလက်ရောက် စော်ကားတာပေါ့။ အမှန်တကယ်တော့ အမျိုးသမီးအပေါ်မှာ အကြမ်းဖက်မှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ဒီထက်ပိုပြီးတော့ ကျယ်ပြန့် နက်ရှိုင်းပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ နောက်တစ်ခါ နှုတ်အားဖြင့်၊ နောက်တစ်ခါ စိတ်ပိုင်းဆိုင်ရာ အားဖြင့်ပေါ့နော်။ နောက် အမြင်အာရုံအားဖြင့်ပါပေါ့နော်။

အမျိုးသမီးတစ်ယောက်ယောက်ကိုသော်လည်ကောင်း အမျိုးသမီးများကိုလည်ကောင်း ခုနကလို ထိခိုက်စေတယ် ရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ နှုတ်အားဖြင့်ပဲဖြစ်ဖြစ်၊ အမြင်အာရုံအားဖြင့်ပဲဖြစ်ဖြစ် စိတ်ပိုင်းအရပဲဖြစ်ဖြစ် ထိခိုက်စေတယ်ဆိုရင် ဒါဟာ အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖတ်တာပေါ့။ ကုလသမဂ္ဂကနေပြီးတော့ အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာဆိုရင် ဒီထက်ပိုတောင် ကျယ်ပြန့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုနက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာနဲ့ နှုတ်အားဖြင့် အကြမ်းဖတ်စော်ကားမှုကြောင့်မို့ အမျိုးသမီးတွေက သူတို့တွေရဲ့ တစ်ဦးချင်းစီရဲ့ ပုဂ္ဂလိကဘဝပေါ့နော် သူတို့ရဲ့ Private Life ရယ် နောက် အများအရှေ့မှာ ဘဝပဲဖြစ်ဖြစ် အဲဒီဘဝမှာ သွားပြီးတော့ အကျိုးသက်ရောက်စေမယ့် ခုနကလိုမျိုး ခံစားရစေမယ့် ထိခိုက်စေတယ်ဆိုရင် ဒါဟာ အမျိုးသမီးအပေါ်မှာ အကြမ်းဖက်မှု ဖြစ်ပါတယ်။

ချက်ချင်းလုပ်လိုက်လို့ ကိုယ်ထိလက်ရောက် နစ်နာသွားတာ ထိခိုက်မိသွားတာတွေ မဟုတ်ပဲနဲ့ သူတို့တစ်လျှောက်လုံး ရှေ့ဆက်လာမယ့် ဘဝတစ်ခုလုံးမှာ ခံစားရမယ့်ဟာတွေကိုပါ ထည့်သွင်းစဉ်းစားပြိီးတော့ ကျွန်မတို့ အမျိုးသမီးတွေပေါ်မှာ အကြမ်းဖက်မှုတွေကို အဲသလိုမျိုး အဓိပ္ပာယ်ဖွင့်ပါတယ်ရှင့်။

မပျိုလက်ဟန်

ဟုတ်ကဲ့ပါ။ ကျွန်မတို့က လူပုံအလယ်မှာ အကြမ်းဖက်မှုလို့ ပြောတယ်ဆိုလို့ရှိရင် ရုတ်တရက်ဖြစ်သွားတဲ့ အကြမ်းဖက်မှုကိုပဲ ပြောလေ့ရှိတယ်။ နောက်ဆက်တွဲနဲ့ အကျိုးသက်ရောက်မှုကို စဉ်းစားလေ့မရှိဘူးပေါ့။

အမခင်လေး ကျွန်မတို့လည်း ကြားမိမှာပါနော်။ ဒီ ဒဂုံစင်တာမှာဖြစ်သွားတဲ့ဟာဆိုလို့ရှိရင် ဒါ မိန်းကလေးကို လူပုံအလယ်မှာ မျက်လုံးတစ်ဖက် ဆုံးရှုံးသွားတဲ့အထိကို အကြမ်းဖက်တာ ခံရတာကို တွေ့ရတယ်။ ဒါတွေကလည်း များလာတယ်ပေါ့။ အဲတော့ ဒီသလိုမျိုး အကြမ်းဖက်မှုတွေက ဘယ်လိုပုံစံနဲ့ ဖြစ်ပွားတာများသလဲ၊ နောက်ပြီးတော့ ကျူးလွန်တတ်တဲ့သူတွေကရော ဘယ်သူတွေ ဖြစ်နေတတ်တာမျိုး ရှိသလဲအမ။

မခင်လေး

Trangle Women Support Group

တော်တော်များများကတော့ ကျွန်မတို့ အစဉ်အဆက် ဖြစ်ခဲ့တာကတော့ သမီးရည်းစားတွေ၊ လင်မယားတွေ၊ ရန်ဖြစ်ရင်းနဲ့ ဒီလိုမျိုး အကြမ်းဖက်တာမျိုးတွေ များခဲ့တယ်။

ဒါပေမယ့် ကျွန်မတို့ အရေးယူမှုနည်းပြီးတော့ အသိအမှတ်ပြုခံရတာ နည်းတယ်ပဲ ပြောရမှာပေါ့နော်။ အဲသလိုမျိုးကတော့ ဘယ်လိုမှမသိတဲ့ သူစိမ်းယောက်ျားလေးတွေကနေပြီးတော့ မိန်းကလေး အပျိုအရွယ်လေးတွေကိုပဲဖြစ်ဖြစ် လှလှပပ အရွယ်လေးတွေ လျှောက်သွားမယ်ဆိုရင် နောက်ကနေပြီးတော့ လိုက်ပြီးတော့ ချွတ်ချွတ်လုပ်တာကအစ ဒါ အကြမ်းဖက်မှုထဲမှာ အနှောက်အယှက်ပေးတဲ့အထဲမှာ ထည့်လို့ရတယ်။ နောက်တစ်ခါ သူတို့ပုဆိုးတွေကို လှန်ပြီးတော့ ကိုယ်အင်္ဂါတွေကို ပြတဲ့ဟာမျိုးတို့ ဒါမျိုးတွေကလည်း ကျွန်မတို့ အကြမ်းဖက်မှုထဲမှာလည်း ပါတယ်။ ခုနက မဝေဝေနု ပြောသလိုပဲပေါ့ ကျွန်မတို့က အကြမ်းဖက်မှုဆိုတာက ဒီ ခံစားလိုက်ရတဲ့သူအတွက် စိတ်အနှောင့်အယှက် ဖြစ်သွားမယ်။ သူ့အတွက်ကိုက တစ်ခုခုပေါ့နော် ခံစားသွားရမယ်ဆိုရင်တော့ ဒါကျွန်မတို့က အကြမ်းဖက်မှုလို့ပဲ သတ်မှတ်ရမှာဖြစ်တဲ့အတွက် ခုနကပြောတဲ့ ဘက်စ်ကားပေါ်မှာ နေ့စဉ်နဲ့အမျှ မြို့ကြီးတွေမှာဆိုရင် သွားလာနေရတဲ့သူတွေသိတယ်။ အမျိုးသမီးတွေ မဖွယ်မရာ ပြုမှုခံရတဲ့ ကိစ္စတွေရှိတယ်။ ဒါတွေအားလုံးဟာလည်း အကြမ်းဖက်မှုလို့ပဲ ကျွန်မတို့က သတ်မှတ်ချင်တယ်။

အဲတော့ အမျိုးအရင်းကြီးတွေ ကိုယ့်မိဘဆွေမျိုးတွေကလည်း အကြမ်းဖက်တာရှိမယ် နောက် မိသားစုထဲက ကိုယ့်ခင်ပွန်း သမီးရည်းစားကိစ္စရှိသလို လုံးဝမသိတဲ့ သူစိမ်းတွေရဲ့ အကြမ်းဖက်မှုတွေကလည်း နေ့စဉ်ဘဝမှာ အမျိုးသမီးတွေအတွက်ကတော့ ရင်ဆိုင်နေရတာတွေ ရှိပါတယ်။

မပျိုလက်ဟန်

တကယ်လို့များ အမျိုးသမီးတစ်ယောက်က လူပုံအလယ်မှာ အကြမ်းဖက်ခံရပြီဆိုရင် ရဲအရေးပိုင်တာလား ဒါမှမဟုတ်ရင်လည်း ကျွန်မတို့က တရားရုံးပဲ သွားရမှာလား စသဖြင့်ပေါ့နော် အမှုတွေကို ဘယ်လိုမျိုး ကျွန်မတို့တွေ အရေးယူလို့ ရသလဲပေါ့နော်။

မမီးမီး

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း

အဲလိုမျိုးတွေ မကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့တွေ ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးတွေ ရှိမယ် ခုနကပြောသလိုမျိုးပေါ့နော်။ အမြင်အာရုံနဲ့ပဲဖြစ်ဖြစ် အရာဝတ္ထုနဲ့ပဲဖြစ်ဖြစ် အကြမ်းဖက်ခံရတာမျိုးမှာ ဥပဒေကတော့ ရာဇသတ်ကြီး ပုဒ်မထဲမှာ ၃၄၉ ကနေ စပြီးတော့ ဒီအကြမ်းဖက်မှုတွေကို ဘယ်လိုမျိုးဟာကို အကြမ်းဖက်မှု မြောက်တယ်ဆိုတာကို အဓိပ္ပာယ်ဖွင့်ထားတာ ရှိတယ်ပေါ့နော်။

အဲဒါတွေအားလုံး တပေါင်းတည်း အရေးယူဖို့ကျတော့ ခုနကလိုမျိုး ကိုယ်ထိလက်ရောက် ကျူးလွန်မှုမျိုးဆိုရင်တော့ ဥပဒေပုဒ်မ ၃၅၄ မှာ ဒီ အမျိုးသမီး တစ်ဦးဦးကို ကာအိန္ဒြေ ပျက်ပြားအောင် တမင် ရည်ရွယ်ချက်ဖြင့်သော်လည်ကောင်း ဒါမှမဟုတ် ပျက်ပြားစေတာသိလျက်နဲ့ လုပ်ဆောင်ခြင်းသည်သော်လည်ကောင်းပေါ့နော် အဲလို လုပ်ဆောင်လို့ရှိရင် ဒါ ဥပဒေအရ အရေးယူပိုင်ခွင့်ရှိတယ်။

နောက်ပြီးတော့ ရဲအရေးပိုင်တဲ့အမှု ဖြစ်တယ်။ နောက်တစ်ခုကကျတော့ ရဲစခန်းကို တိုက်ရိုက်သွားပြီးတော့ အမှုဖွင့်နိုင်တယ်၊ တိုင်ကြားနိုင်တယ်၊ နောက် ဒီအမှုနဲ့ပတ်သက်ပြီးတော့ ပြစ်မှုပြစ်ဒဏ်တွေကျတော့ ဒီအမှုဆိုရင်တော့ ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ရော တပေါင်းတည်း ချလို့ရတယ်။

နောက်တစ်ခုကကျတော့ ကိုယ်ထိလက်ရောက်မဟုတ်ဘူး၊ ဒါပေမယ့် ခုနကလိုမျိုး ဆရာမတွေပြောသွားသလိုပဲ အမြင်အာရုံသော်လည်ကောင်း ဒီအမျိုးသမီးတစ်ဦးဦးကို သိစေရန် အရာဝတ္ထု တစ်ခုခုနဲ့သော်လည်ကောင်း ဒါမှမဟုတ်ရင် မြင်စေရန် ကြားစေရန် အသံတစ်ခုခုနဲ့သော်လည်ကောင်း အဲလိုမျိုး ကာအိန္ဒြေပျက်ပြားအောင် လုပ်မယ်ဆိုိလို့ရှိရင် ဒါ ဥပဒေပုဒ်မ ၅၀၉ နဲ့ ကျွန်မတို့ အရေးယူလို့ရတယ်။

အဲဒီ ၅၀၉ ကျရင်တော့ သူက များသောအားဖြင့်တော့ ရဲအရေးပိုင်မှုတော့ဖြစ်တယ်။ ဒါပေမယ့် များသောအားဖြင့် တရားရုံးတို့ သူကကျတော့ သက်သေမရှိဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူက အမြင်တို့ အသံတို့ကကျတော့ များသောအားဖြင့် မိန်းကလေးတစ်ယောက် တက္ကစီ စီးနေတယ်ဆိုရင် တက္ကစီပေါ်မှာ ဗီဒီယိုဖိုင် ဖွင့်ပြတာမျိုးပေါ့နော် မကောင်းတဲ့ဗီဒီယိုဖိုင် ဖွင့်ပြတာမျိုး ပန်းခြံထဲသွားတယ်ဆိုရင်လည်း အမျိုးသမီးတစ်ဦးတည်းကိုပဲ လုပ်ပြလိုက်တာမျိုး ရှိတဲ့အတွက်ကြောင့် သက်သေက မရှိဘူးပေါ့နော်။ ခုနကလိုမျိုး ထိခိုက်စေတဲ့ အမှုမျိုး မဟုတ်တဲ့အခါကျတော့ ကိုယ်ထိလက်ရောက်မဟုတ်တော့ သက်သေမရှိတဲ့အခါကျတော့ များသောအားဖြင့် တရားရုံးကိုပဲ ဦးတိုက်လျှောက်ထားတယ်။ အဲဒီမှာလည်း ပြစ်မှုပြစ်ဒဏ် ရှိပါတယ်။ သူက ပြစ်ဒဏ်ဆိုလို့ရှိရင် ၁ နှစ် ဒါမှမဟုတ်ရင် ထောင်ဒဏ်ရော ငွေဒဏ်ရော နှစ်မျိုးလုံး ချလို့ရတယ်။

မပျိုလက်ဟန်

ကျေးဇူးတင်ပါတယ်။ ခုနကတုန်းကလည်း မမီးပြောသွားတယ် ဥပဒေတွေကတော့ လက်ရှိမှာ တည်ဆဲဥပဒေတွေ ရှိနေတယ်ပေါ့ ဒါပေမယ့် တိုင်ကြားမှုကတော ့အင်မတန် နည်းနေတယ်ပေါ့နော်။ အဲဒီတော့ လူပုံအလယ်မှာ အမျိုးသမီးတွေကို အကြမ်းဖက်ဖို့အတွက်ကို တွန်းအားပေးနေတဲ့အချက်တွေတော့ ရှိမှာပဲလေ။ အဲဒီအချက်တွေထဲမှာ ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းဆိုင်ရာ အချက်တွေလည်း ရှိမှာပဲလေ။ ဒါကလည်း အမြဲတမ်းပြောနေကြတဲ့ အချက်တွေပဲလေ။ အဲဒီအချက်တွေက ဘာတွေရှိလဲဆိုတာလေးရော ပြောပေးပါဦး။

မဝေဝေနု

Justice For Women

အဓိကကတော့ ခုနက အမပြောသွားတာ ဟုတ်ပါတယ်။ ကျွန်မတို့မှာ ဥပဒေတွေရှိတယ်။ အမျိုးသမီးတွေ အကြမ်းဖက်ခံရပြီဆိုလ်ုိ့ရှိရင် အဲဒီအတွက် တရားမျှတမှုတွေ ရှိဖို့အတွက်ကို ဥပဒေတွေရှိတယ်။ ဒါပေမယ့် ပြဿနာက ဘာလဲဆိုတော့ အဓိကကတော့ လူတော်တော်များများဟာ အထူးသဖြင့် အမျိုးသမီးတွေကိုယ်တိုင်က ဒီဥပဒေတွေ ရှိတာကို မသိဘူး။

နောက်ထပ် အရေးကြိးတဲ့ အချက်တစ်ချက်က အမပြောတဲ့ဟာပေါ့နော်။ ယဉ်ကျေးမှုအရကလည်း ကျွန်မတို့မှာ အဟန့်အတားတွေ အများကြီး ဖြစ်နေတာမျိုးတွေ တွေ့ရတယ်ပေါ့နော်။ အထူးသဖြင့် အမျိုးသမီးတစ်ယောက်ဟာ လူပုံအလယ်မှာ ခုနကလိုမျိုး စော်ကားခံရတယ်၊ အကြမ်းဖက်ခံရတယ်၊ အမြင်အာရုံ၊ ဒါမှမဟုတ် နှုတ်၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရတယ်ဆိုရင် နေရာတော်တော်များများမှာ အချိန်အတော်များများမှာ အဖြစ်အပျက် တော်တော်များများမှာ အမျိုးသမီးတွေက အဲဒါကို မဖွင့်ပြောရဲကြဘူးပေါ့နော်။

မဖွင့်ပြောရဲကြဘူးဆိုတာက ဘာလဲဆိုတော့ ဒါကို ရှက်စရာလို့ ကျွန်မတို့က သင်ယူထားရတဲ့သဘောမျိုးပေါ့နော်။ အမျိုးသမီးတစ်ယောက်ဟာ အစခံရတယ် နောက်ခံရတယ် ဒါမှမဟုတ် ကိုယ်ထိလက်ရောက် စော်ကားခံရတယ်ဆိုတာက များသောအားဖြင့် ကျွန်မတို့ရဲ့ လူ့အဖွဲ့အစည်းမှာ ဘယ်လိုသင်ယူထားရသလဲဆိုတာ ဒါ မိန်းကလေးက မနေတတ်လို့ မထိုင်တတ်လို့ ဒီမိန်းကလေးဟာ အနေအထိုင်မတတ်လို့ ဒါ့အပြင် ဒီမိန်းကလေးက ဒီထက်မက ဆိုးဝါးသော စကားတွေ မိန်းကလေးတွေအပေါ်မှာ သုံးလေ့ သုံးထရှိတယ်။ ဆိုတော့ အဲလိုမျိုးမဖြစ်အောင်လို့ ကျွန်မတို့သင်ယူထားရတာ ဘာလဲဆိုတော့ မိန်းကလေးဟာ နေတတ်ထိုင်တတ််ရမယ်၊ ပြောတတ်ဆိုတတ်ရမယ်၊ သိမ်သိမ်မွေ့မွေ့နေရမယ်။ အဲလိုမဟုတ်ရင်တော့ အပြောခံရမှာပဲ ဆိုတဲ့ဟာမျိုးပေါ့။

ဆိုတော့ ဒီလိုမျိုး ကျွန်မတို့ စော်ကားခံရတယ်ဆိုလို့ရှိရင် အဲသလိုမျိုး ထုတ်ပြောဖို့အတွက်က အမျိုးသမီးတွေက ဒီလိုမျိုး အပြောခံရမှာစိုးလို့ လူ့အဖွဲ့အစည်းရဲ့ မိန်းကလေးတွေအပေါ်မှာ မြင်တဲ့အမြင်ကို ကျွန်မတို့က ကြောက်ပြီးတော့ အမျိုးသမီးတွေကိုယ်၌က မြံုနေတာပေါ့နော် သိပ်မပြောပဲ နေနေကြတာပါ။

ဒါကတော့ ကျွန်မတို့ အမျိုးသမီး တော်တော်များများမှာ မြင်နေရတယ်။ နောက်ပြီးတော့ ဆယ်ကျော်သက် မိန်းကလေးတွေပေါ့နော် နည်းနည်း အရွယ်ရောက် မီးကောင်ပေါက် အရွယ်လေးတွေဆိုရင် သူတို့က ဘာလဲဆိုတော သတ္တိမရှိဘူး မပြောရဲကြဘူး။ ရှက်တယ်ပေါ့နော်။ အဲလိုမျိုးတွေ ပါပါတယ်။

နောက်တစ်ခါကျတော့ ကျွန်မတို့ ဘာတွေထပ်တွေ့ရလဲဆိုတော့ ခုနကလိုမျိုး တချို့မိသားစုတွေ အခြားနီးစပ်ရာ ကိုယ့်သူငယ်ချင်း ဆွေမျိုး ဒါမှမဟုတ်ရင် ချစ်သူ ရည်းစားပေါ့၊ အဲလိုမျိုး ကိုယ်နဲ့ နီးစပ်တဲ့သူတွေကလည်း ခုနကလိုမျိုး စော်ကားတာ။ နောက်တစ်ခုက Work Place တွေမှာ အလုပ်ခွင်တွေမှာဆိုရင် မိနး်ကလေးဖြစ်လို့ ပိုပြီး အစခံရတာ၊ အနောက်ခံရတာ၊ အစော်ကားခံရတာ၊ သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး၊ အဲလိုမျိုးတွေ အများကြီးရှိပါတယ်။ များသောအားဖြင့် ဘယ်လိုဖြစ်လဲဆိုတော့ ကိုယ့်မိသားစု၊ ဒါမှမဟုတ်ရင် ကိုယ်နဲ့နီးစပ်တဲ့ မိသားစုဝင်တွေ အထူးသဖြင့် ယောကျ်ား ကိုုယ့်အနားမှာရှိတဲ့ အမျိုးသားတွေက မိန်းကလေးတစ်ယောက်နဲ့ နီးစပ်သွားပြီ မိသားစုမှာပဲဖြစ်ဖြစ် ချစ်သူ ရည်းစား အခြေအနေမှာပဲဖြစ်ဖြစ် သူတို့က ဘယ်လိုတွေးလဲဆိုတော့ ဒီမိန်းကလေးတွေကို ဒီအမျိုးသမီးတွေက ငါတို့နဲ့သက်ဆိုင်တယ်၊ ငါတို့ပြောလို့ရတယ်၊ ဆိုိလို့ရတယ်၊ ငါတို့ပိုင်သွားပြီဆိုတဲ့ အမြင်အယူအဆတွေလည်း အများကြီးရှိပြီးတော့ ခုနက မလိုလားအပ်တဲ့ သူ့ရဲ့ဂုသိက္ခာနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လုံခြံုမှုကိုပါ သွားပြီးတော့ ထိခိုက်စေတယ်၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ခုနကလို မိန်းကလေးတွေကို ထိခိုက်စေတဲ့ နစ်နာစေတဲ့ အပြုအမူမျိုးတွေကို မသိလိုက် မသိဘာသာမျိုးနဲ့ ကျွန်မတို့က သဘာဝအလျှောက် ဖြစ်နေလေ့ရှိတယ် ဖြစ်တတ်တယ်ပေ့ါနော်။

မပျိုးလက်ဟန်

မမီးအနေနဲ့ လိုက်ပါဆောင်ရွက်ခဲ့တဲ့ အမှုတွေလည်းရှိတယ်။ အဲဒီထဲမှာမှ အောင်မြင်အောင် လုပ်ဆောင်ပေးနိုင်တဲ့ အမှုတစ်ခုပေါ့လေ အဲဒီအမှုအကြောင်းကို ကျွန်မတို့ကို ပြောပြပေးပါဦး။

မမီးမီး

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း

ဟုတ်ကဲ့ပါ။ ကျွန်မတို့ လွန်ခဲ့တဲ့နှစ်မှာ တညင်မြို့နယ်မှာ ဖြစ်သွားတဲ့အမှုပေါ့ အဒေါ်အရင်း ယောကျ်ားပေါ့နော် သူတို့အားလုံးကလည်း မိသားစုလိုပဲ တစ်ခြံတည်းနေကြတယ်။ အဒေါ်ယောကျ်ားဖြစ်တဲ့သူက အသက်မပြည့်သေးတဲ့ ကလေးမလေးနဲ့ အသက်ပြည့်ပြီးတဲ့ ကလေးမလေးကို အဓမ္မပြုကျင့်ဖို့ ကြံစည်တာပေါ့။

 ကြံစည်တဲ့အခါမှာ အထမမြောက်တဲ့အခါကျတော့ သူက အထမမြောက်ဘူး ကယ်တဲ့သူရှိတော့ အထမမြောက်ဘူး။ ဒါပေမယ့် အဲဒီအနောက်ကို လိုက်သွားတော့ အဒေါ်ပေါ့နော် သူ့မိန်းမရဲ့အမေကိုလည်း အများအရှေ့မှာ ရိုက်တယ်။ နောက်ပြီးတော့ ဒီကလေးနှစ်ယောက်ကိုလည်း ခြိမ်းခြောက်မှုတွေ လုပ်တယ်ပေါ့နော်။ လုပ်တဲ့အခါကျတော့ ဒီ အဒေါ်အရင်းကိုယ်တိုင် တရားလိုလုပ်ပြီးတော့ အမှုဖွင့်လိုက်တယ်။ ဒါပေမယ့် ဘယ်လိုဖြစ်သွားလဲဆိုတော့ ကျွန်မတို့ များသောအားဖြင့် တွေ့ရတာက လင်မယားချင်း ဖြစ်တဲ့အမှုတွေမှာ မိန်းကလေးတွေဘက်ကနေပြီးတော့ ဘယ်လိုပဲ စိတ်ဆန္ဒအရ ပထမကတော့ ကိုယ့်ရဲ့ စိတ်အားထက်သန်မှုအရ အမှုဖွင့်ခဲ့ပေမယ့် ဒါပေမယ့် ကိုယ့်ယောကျ်ားဖြစ်တယ်၊ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ယောကျ်ားရဲ့ ရင်သွေးကိုလည်း လွယ်ထားရတဲ့အခါကျတော့ နောက်ပိုင်းမှာ သူက တရားလိုကို ရုပ်သိမး်ပစ်လိုက်တယ်။ ဒီအမှုကို ရုပ်သိမ်းခွင့်ပြုပါဆိုပြီးတော့ သူက ရုံးတော်ကို လျှောက်လိုက်တယ်။ ဒါပေမယ့် ဥပဒေအကြံတောင်းလည်း ရထားတယ်၊ ဒီ တိုင်ကြားတဲ့အမှုကလည်း ရုံးတော်ကို ရောက်တဲ့အခါမှာ တော်ရုံတန်ရုံ အမှုတစ်ခုကို ရုပ်သိမး်လို့မရဘူး။ အမှုတစ်ခုကို အလွယ်တကူ ရုပ်သိမး်လို့ရတယ်ဆိုတဲ့နေရာက ရဲစခန်းမှာ တိုင်ချက်ဖွင့်တဲ့အချိန်မှာ အလွယ်တကူ ရုပ်သိမး်လို့ရတယ်။ နည်းမျိုးစုံနဲ့ ရုပ်သိမ်းလို့ရတယ်။ ဒါပေမယ့် တရားရုံးရောက်သွားတဲ့အချိန်မှာကျတော့ အမှုက ရုပ်သိမ်းလို့မရတော့ပဲနဲ့ တရားလိုမရှိပေမယ်လည်း ဥပဒေက ဆက်ပြီးတော့ လိုက်တဲ့အခါကျတော့ နောက်ဆုံး ဒီအမျိုးသားက သူကျူးလွန်ခဲ့တဲ့ အပြစ်တွေ အားလုံးပေါင်းပြီးတော့ ၂ နှစ်နဲ့ ၃ လ ထောင်ဒဏ် ကျခံရတယ်။

မပျိုးလက်ဟန်

တရားဥပဒေဆိုင်ရာ အချက်အလက်တွေကို မသိနားမလည်တာကြောင့်လည်း တရားရုံးတွေကို ရောက်မလာတာလည်းရှိတယ်။ ပြီးတော့ တစ်ခါတစ်လေကျလို့ရှိရင်လည်း ကျွန်မတို့က ရဲကိုယ်တိုင်ကိုယ်က တစ်ရှက်ကနေနှစ်ရှက် မဖြစ်ပါစေနဲ့ဆိုတဲ့ဟာမျိုးတွေလည်း ရှိတယ်ပေါ့။ အဲတော့ တရားဥပဒေနဲ့ ယဉ်ကျေးမှုဆိုင်ရာနဲ့ ဒီကြားထဲမှာလည်း ကွာဟနေတဲ့ အားနည်းချက်လေးတွေ ရှိပါမယ်။ အဲဒီအားနည်းချက်လေးတွေကိုလည်း အမအနေနဲ့ သုံးသပ်ပေးပါဦး။

မခင်လေး

Trangle Women Support Group

ကျွန်မ နှစ်ပိုင်းတွေ့ပါတယ်။

ပထမတစ်ပိုင်းကတော့ လက်ရှိရှိနေတဲ့ တည်ဆဲဥပဒေတွေကိုက အားနည်းတယ်။ အားနည်းတဲ့အပြင် လုပ်ထုံးလုပ်နည်းတွေတွေကလည်း အားနည်းတယ်။ ဒီ တရားဥပဒေပိုင်းဆိုင်ရာနဲ့ သက်ဆိုင်တဲ့သူတွေပေါ့ ရဲရှိမယ်၊ တရားရုံးရှိမယ်၊ နောက်တစ်ခါ ကျွန်မတို့က မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အစပေါ့နော်။ ဒီလူတွေရဲ့ ခံယူချက် ဒီလူတွေရဲ့ အမျိုးသမီးတွေအပေါ်မှာ ထားတဲ့သဘောထားတွေကလည်း သိပ်အရေးကြီးပါတယ်။ အဲတော့ ပြဿနာတစ်ခုဖြစ်လို့ အမျိုးသမီးက သွားတိုင်ရင်တောင်မှ နင်တို့ အသားပဲ့ပါသွားတာမှမဟုတ်တာ၊ နင်တို့ကိစ္စကြီးကြီးမားမား ဖြစ်တာမဟုတ်ဘူးဆိုပြီးတော့ လူမြင်ကွင်းမှာ ကျွန်မရုံးမှာဆိုရင် သမီးတစ်ယောက်က သူကားပေါ်မှာ ခါးပိုက်နှိုက်ဖို့လုပ်တယ်။ သူက သိလိုက်တဲ့အချိန်မှာ သူက ရှောင်လိုက်တယ်။ ဒါကို ဟိုလူကလည်း တင်းထားပြီးတော့ ကားပေါ်ကဆင်းခါနီးမှာ လက်ကို ဖျန်းခနဲဆို ရိုက်ချသွားတယ်။ ဘာပဲပြောပြော မိန်းကလေးတစ်ယောက် လူပုံအလယ်မှာ အရိုက်ခံရတယ်။ ဘယ်ကမှန်းမသိတဲ့သူဆိုတော့ သူက ရှက်တယ်။ အမှုဖွင့်ချင်တယ်၊ ဒါပေမယ့် သူ ဘယ်လိုဖွင့်ရမှန်းလည်း မသိဘူး။ ဆိုတော့ ဖွင့်ရင်လည်း ရဲတွေက ဘယ်လိုပြောမလဲ ထုံးစံအတိုင်းပဲ ကိုယ့်အသား ပဲ့ပါသွားတာမှမဟုတ်တာ။ ဘာပစ္စညး်မှလည်း မပါသွားဘူး မထိခိုက်သွားဘူးဆိုပြီးတော့ အရေးယူဆောင်ရွက်မှု မရှိတော့ ခပ်ပေါ့ပေါ့ပဲ ပြောလိုက်ကြတယ်။ ဒီစနစ်တွေကိုလည်း ကျွန်မတို့က ပြင်ဖို့လိုတယ်။

နောက်တစ်ခုက ကျွန်မတို့ရဲ့ ဓလေ့ထုံးတမ်းမှာ စွဲမြဲနေတယ်။ အဓိကကတော့ မိန်းမတွေဆိုရင် မိန်းမဆိုတာ မိန်းကလေးပါ ပါတာပေါ့နော် မိန်းမတွေဆိုရင် လူ့အဖွဲ့အစည်းမှာ ကြိုက်တာလုပ်လို့ရတယ်၊ ဘယ်ကိစ္စမဆို ကြိုက်တာလုပ်လို့ရတယ်။ ဘယ်သူကမှ ဒါကို အရေးတကြီးနဲ့ ဒါ ပြစ်မှုပဲလို့ ဒါ မလုပ်သင့်တဲ့ ကိစ္စပဲလို့ အရေးတယူ မလုပ်ပေးတဲ့စိတ် အစွဲပေါ့နော် ဒီ ဓလေ့ထုံးစုံကြီးက စွဲနေတာ အဲဒါက ကျွန်မတို့ အဆိုးဆုံးဖြစ်နေပါတယ်။

နောက်ပြီးတော့ ကျွန်မတို့ငယ်ငယ်ကတည်းက ကျွန်မတို့မိဘတွေ ဒီလိုပဲ သူတို့ကလည်း ရိုးရိုးပဲ ကြီးလာခဲ့တဲ့ ရှေ့လူကြီးတွေဖြစ်တဲ့အတွက် အမျိုးသမီးတွေကို အမျိုးသားတွေက ဒီလိုမျို စော်ကားလို့မရဘူးဆိုတာ မသင်ခဲ့ဘူး။ အမျိုးသမီးကလည်း အမျိုးသားနဲ့ တန်းတူပဲ။ ဂုဏ်သိက္ခာရှိစွာနဲ့ လူပုံအလယ်မှာပဲဖြစ်စေ၊ ကိုုယ့်ရဲအိမ်တွင်းမှာပဲဖြစ်စေ နေခွင့်ရှိတယ်။ အမျိုးသားကိုကျတော့ ဘယ်သူကမှ ဒီလို ထိပါးစော်ကားခြင်းမရှိပဲ အမျိုးသမီးတွေကိုမှ ထိပါးစော်ကားနေတာကတော့ မဟုတ်ဘူးဆိုတာလည်း ကျွန်မတို့ကို ဘယ်သူကမှ မသင်ပေးခဲ့ဘူး။ ဒါတွေကမှ ကျွန်မတို့အတွက် အင်မတန် အဟန့်အတားဖြစ်စေတယ်။ အဲတော့ ဒါကို ပြဿနာလို့ မထင်နေတဲ့ လူ့အသိုင်းအဝိုင်းထဲမှာ နေထိုင်နေရတာက ကျွန်မတို့ ပြဿနာဖြစ်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly