ချယ်လ်ဆီးကိုယှဉ်ပြိုင်ရန် အာဆင်နယ်အသင်းကစားသမားလေးဦးထပ်ခေါ်ရန်လိုဟု အွန်နရီပြော

ချယ်လ်ဆီးကိုယှဉ်ပြိုင်ရန် အာဆင်နယ်အသင်းကစားသမားလေးဦးထပ်ခေါ်ရန်လိုဟု အွန်နရီပြော

ဇူလိုင် ၁၈၊ လန်ဒန်။ ။ အာဆင်နယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ချယ်လ်ဆီးအသင်းနှင့်ယှဉ်ပြိုင်လိုပါက ကစားသမားသစ်လေးဦး ထပ်ခေါ်ရန်လိုအပ်သည်ဟု သီယာရီအွန်နရီက ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီနှောင်းပိုင်းတွင် စွမ်းဆောင်ရည်ကောင်းမွန်ခဲ့သော်လည်း ချန်ပီယံချယ်လ်ဆီးအသင်း အောက် ၁၂ မှတ်လျော့နည်းကာ ပရီးမီးယားလိဂ် အဆင့် ၃ နေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

နည်းပြအာစင်ဝင်းဂါးသည် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ချယ်လ်ဆီးဂိုးသမား ပီတာချက်ကို ခေါ်ယူထားပြီးဖြစ်သော်လည်း အွန်နရီကမူ ချန်ပီယံဆုရယူရန် ကစားသမားသစ်များထပ်မံလိုအပ်နေသေးကြောင်း ပြောသည်။

"ဒီအသင်းက စိတ်ဓါတ်ကောင်းတဲ့အသင်း၊ ကစားသမားကောင်းတွေရှိတဲ့အသင်းလို့ ထင်ပါတယ်။ ချယ်လ်ဆီးကိုယှဉ်ဖို့က ကစားသမားသစ် လေးယောက်လောက်ထပ်လိုပါသေးတယ်။ အဲဒါကို ကျွန်တော်တို့မျိုးဆက်နဲ့ နှိုင်းယှဉ်ပြပါမယ်။ ဥပမာပြောရရင် ကျွန်တော်အာဆင်နယ်ကို ရောက်စက ခြေစွမ်းမပြနိုင်ဘူးဆိုရင် အရန်ခုံမှာ တခါတရံ ဒင်းနစ်ဘားကမ့် ဒါမှမဟုတ် ကနူး၊ ဝီးတော့ဒ်၊ ဒေဗာဆူကာတို့ ရှိနေတတ်တယ်။  ပွဲအတွင်းမှာ ကျွန်တော့်အတွက် အချိန်တစ်နာရီပဲရမယ်ဆိုတာသိတယ်"ဟု အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီကပြောသည်။

အာဆင်နယ်အသင်းအနေဖြင့် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘင်ဇီမာကိုစိတ်ရှည်လက်ရှည် ကြိုးပမ်းနေသည်ဆိုသည့်သတင်းကို နည်းပြ အာစင်ဝင်းဂါး ကလည်း ငြင်းဆန်ထားခြင်းမရှိချိန်တွင် အွန်နရီက နောက်ထပ်တိုက်စစ်မှူးတစ်ယောက်ခေါ်ယူခြင်းမှာ အရေးပါသည်ဟု ထောက်ခံခဲ့သည်။

"ဂီရော့ဒ်တစ်ဦးတည်းသာ တိုက်စစ်မှူးစစ်စစ်ဖြစ်ပြီး သူဂိုးမသွင်းတဲ့အခါ အခက်ကြုံရတယ်လို့ သူတို့ပြောပါတယ်။ အဲဒီအတွက် ဝဲလ်ကော့က အဖြေဖြစ်ဖို့ မျှော်လင့်ပါတယ်။ လူတစ်ချို့က ဝင်းဂါးအပေါ်မေးခွန်းထုတ်နေကြတုန်းပဲဖြစ်ပေမယ့် သူဟာ မှန်ကန်တဲ့ရပ်တည်မှုနဲ့သွားနေတယ်လို့ ကျွန်တော်ထင်နေတုန်းပါပဲ"ဟု အွန်နရီက အဆုံးသတ်ပြောဆိုသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly