ATP World Tour ဗိုလ်လုပွဲမှာ ဂျိုကိုဗစ်ကို မာရေး အနိုင်ကစားပြီး ကမ္ဘာ့နံပါတ် (၁) ကစားသမားအဖြစ် ရာသီပိတ်သိမ်း

ATP World Tour ဗိုလ်လုပွဲမှာ ဂျိုကိုဗစ်ကို မာရေး အနိုင်ကစားပြီး ကမ္ဘာ့နံပါတ် (၁) ကစားသမားအဖြစ် ရာသီပိတ်သိမ်း
(ဓာတ်ပုံ - အီးပီအေ)

နိုဝင်ဘာ ၂၀ ရက်နေ့က ATP World Tour ဗိုလ်လုပွဲမှာ ဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေးက ဆားဘီးယား ကစားသမား ဂျိုကိုဗစ်ကို ၆-၃၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့လို့ ကမ္ဘာ့နံပါတ် (၁) ကစားသမားအဖြစ် တင်းနစ်ရာသီကို ပိတ်သိမ်းလိုက်ပါတယ်။

လန်ဒန်ရှိ O2 Arena မှာ ပရိသတ် ၁၇,၀၀၀ ကြည့်ရှုတဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမားနှစ်ဦးရဲ့ ဒီနှစ်အတွက် နောက်ဆုံးပွဲမှာ မာရေးက ပြိုင်ဘက်ကစားသမားကို ၁ နာရီနဲ့ ၄၂ မိနစ်ဖြင့် အနိုင်ရအောင် ကစားခဲ့ပါတယ်။

"ကျနော် ဒီနိုင်ပွဲအတွက် အလွန်ပျော်မိပြီး ကမ္ဘာ့နံပါတ် ၁ ဖြစ်လာဖို့က အထူးကောင်းမွန်ပါတယ်။ ဂျိုကိုဗစ်နဲ့လို ပွဲစဉ်မျိုး ယှဉ်ပြိုင်ကစားရတာ အထူးစပယ်ရှယ်ဖြစ်ပါတယ်။"လို့ အန်ဒီမာရေးက ပြောပါတယ်။

မာရေးဟာ ၂၀၁၆ ခုနှစ်အတွင်း တစ်ဦးချင်းပြိုင်ပွဲတွေမှာ (၉) မြောက် ဆုဖလားကို ရရှိတာဖြစ်ပြီး ၎င်းရဲ့ ကစားသမား သက်တမ်းတစ်လျှောက် (၄၄) ခုမြောက် ဆုဖလားရယူနိုင်တာဖြစ်ပါတယ်။

"အန်ဒီက ကျိန်းသေပေါက် ကမ္ဘာနံပါတ် ၁ ကစားသမားဖြစ်ပါတယ်။ သူက ဒီနိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။ သူဟာ အကောင်းဆုံးကစားသမားဖြစ်ပါတယ်။ အဆုံးအဖြတ်အချိန်လေးတွေမှာ ကျနော် ပြန်မလာနိုင်ခဲ့ပါတယ်။ ပွဲစဉ် နှောင်းပိုင်းတွေမှာ ကျနော် ကောင်းကောင်းကစားလာနိုင်ပေမယ့် ဒါက ပြန်လာဖို့ မလုံလောက်တော့ပါဘူး"လို့ ဂျိုကိုဗစ်က ဆိုပါတယ်။

ဒီဆုဖလားရရှိတဲ့ မာရေးက ဒေါ်လာ ၁.၁၃ သန်း ရရှိမှာဖြစ်ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ဂျိုကိုဗစ်ထက် ၆၃၀ မှတ်အသာ ၁၂,၄၁၀ ရမှတ်နဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။

Ref; EFE_EPA, BBC Sport

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly