ဆိပ်ကမ်းမှ ကုန်ပစ္စည်း တိုက်ရိုက်ထုတ်ခွင့်ပြုပြီးနောက် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာလဲ

ဆိပ်ကမ်းမှ ကုန်ပစ္စည်း တိုက်ရိုက်ထုတ်ခွင့်ပြုပြီးနောက် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာလဲ

အောက်တိုဘာလ ၁၁ ရက်ကနေစပြီး ပြောင်းလဲလိုက်တဲ့ ဆိပ်ကမ်းကနေတိုက်ရိုက် ကုန်ပစ္စည်းထုတ်ယူခွင့်ပြုခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီ့အပေါ်မှာ သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ သဘောင်္လိုင်းတွေ- ကုန်စည်သယ်ယူပို့ဆောင်ရေး Agent တွေကြားမှာ အပြန်အလှန် ပြသနာတက်နေတယ်ဆိုတဲ့ သတင်းကို ပြောပြချင်ပါတယ်။

အရင်ကဆိုရင် ပြည်တွင်းသွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ ဆိပ်ကမ်းကနေ ကုန်ပစ္စည်းထုတ်ယူမယ်ဆိုရင် အချိန်ကြာ၊ ငွေကုန်ပြီးလုပ်ဆောင်ရတဲ့ အဆင့်တွေများပါတယ်။ ဒါပေမယ့် အခုနှစ် အောက်တိုဘာလ ၁၁ ရက်ကနေစပြီး ကုန်ပစ္စည်းတွေကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကနေ တိုက်ရိုက် ထုတ်ယူလို့ရအောင် လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် သဘောင်္လိုင်းတွေနဲ့ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေက ပူးပေါင်းဆောင်ရွက်ခြင်းမရှိတာကြောင့် ပိုက်ဆံအလေအလွင့်ရှိလာပြီး အခက်အခဲတွေ ဖြစ်စေတယ်လို့ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းကပြောပါတယ်။

"ဆိပ်ကမ်းအာဏာပိုင်တွေက ကွန်တိန်နာ သင်္ဘောလိုင်းကို သွားစရာမလိုဘဲနဲ့ သူ့ဆီမှာတန်းပြီးတော့မှ  SAT ကိုတန်းပြီးတော့ ကုန်သတ္တာထုတ်လုပ်ခွင့်ရတယ် လို့ပြောတယ်၊ ဒါပေမယ့် ပြဿနာကဘာရှိလဲဆိုရင် ရုတ်တရက်ကြည့် လိုက်ရင်တော့လည်းImporter အနေနဲ့ ကတော့ စာရိတ်သက်သာတာပေါ့ သင်္ဘောလိုင်းကို ပိုက်ဆံသွင်းစရာမလိုဘူးပေါ့။ သင်္ဘောလိုင်းတွေကအဲတော့ ဘာပြန်ညစ်လိုက်လဲဆိုတော့ ပုံမှန်ဆိုရင် ဆိပ်ကမ်းအာဏာပိုင်ကို အီးမေးပို့ရတယ်။ ကွန်တိန်နာရောက်တယ်ဆိုတဲ့ အကြောင်းကို အီမေးမပို့တဲ့အခါကြတော့ တစ်ကြိမ်သွားမရ နှစ်ကြိမ်သွားမရဆိုတော့ ပိုပြီးတော့မှ ပိုက်ဆံအလေအလွင့်တွေများတယ်။ ပိုပြီးအခက်အခဲဖြစ်တယ်။" လို့ မော်တော်ယာဉ် တင်သွင်းရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ဒီ့အရင်မတိုင်ခင်ကဆို ကုန်ဝယ်သူတစ်ဦးက နိုင်ငံတကာကကုန်ပစ္စည်းတွေ မြန်မာနိုင်ငံကိုတင်ပို့လိုက်ပြီဆိုတဲ့ စာရောက်ရှိပြီးချိန်မှာကုန်စည် သယ်ယူပို့ဆောင်ရေး Agent ၊ ကုန်သေတ္တာကုမ္ပဏီ၊ ပြီးရင်သင်္ဘောလိုင်းဆိုပြီး အဆင့်ဆင့် ဆက်သွယ်လုပ်ကိုင်ရတာဖြစ်ပါတယ်။ အဲဒိအဆင့်တွေအတွက်လည်း ဝန်ဆောင်မှုကြေးတွေလည်း သူတို့က ပြန်ရတာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ သင်္ဘောလိုင်းတွေကို သွားစရာမလိုတော့ဘဲ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးမှာသာသွားရောက်ထုတ်ယူရတော့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် သဘောင်္လိုင်းနဲ့ ဝန်ဆောင်မှုပေးတဲ့ Agent တွေအနေနဲ့လည်းစိုးရိမ်ပူပန်မှုတွေ တစ်ဘက်မှာရှိလာနေပါတယ်။

"ဘယ်လိုဖြစ်ကုန်လဲဆိုတော့ ဟိုဘက်ကနေတင်လိုက်တဲ့ ပစ္စည်းတစ်ခု ဒီကိုရောက်လာတယ်။ ရောက်လာတယ်ဆိုလို့ရှင်ရင် ဒီပစ္စည်းရောက်တာကိုတောင် ကုန်ပိုင်ရှင်ကို အကြောင်းကြားသင့်လားမကြားသင့်လား ဆိုတာတွေကိုတောင်စဉ်းစားနေရတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်အကြောင်းကြားလိုက်လို့ ကုန်ပစ္စည်းရောက်လာတာ သိသွားရင် ကိုယ့်ဆီမလာဘဲ SAT ဆီတန်းသွားမလားပေါ့။ အဲလိုစိုးရိမ်စိတ်တွေနဲ့ပေါ့နော်၊ ကိုယ်မသိဘဲ ဘယ်အချိန်များပစ္စည်းထုတ်သွားမလဲ ထုတ်သွားခဲ့ရင်ရော Charges (ကုန်ကျစားရိတ်) မပေးဘဲနဲ့ ပြီးတော့ ကုန်သွယ်ရေးကျသင့်ငွေဆိုရင် အဲဒါကိုမပေးဘဲထုတ်သွားမလား ထုတ်သွားခဲ့ရင် အဲဒါကိုကိုယ်ကစိုက်ပေးရမှာလား ပြသနာကအစုံပဲပေါ့လေ" လို့ Innov Shipping & logistics ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်မြတ်ထွဋ်က ပြောပါတယ်။

ELAN GROUP ရဲ့ Operation မန်နေဂျာ ဦးဟိန်းလင်းသန်းကတော့ "ကုန်တင်ကုန်ချလုပ်တဲ့ စာရိတ်တွေ မြင့်မားနေတယ်ဆိုတာက SAT ရှိလို့ မြင့်မားနေတာပါ။ ဒါကျွန်တော် ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်။ ဘယ်သူရှေ့မှာမဆို ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်။ နိုင်ငံတကာမှာ THC ဆိုတာရှိတယ်။ ဆိပ်ကမ်းကို တိုက်ရိုက်ဆောင်တာပါ။ စင်ကာပူဆိုလို့ရှင်ရင် ကျွန်တော်တို့သင်္ဘောလိုင်းစင်ကာပူမှာ PSAကိုတိုက်ရိုက်ဆောင်ရတယ်။ တိုက်ရိုက်ဆောင်ရတဲ့အတွက်ကြောင့် သူတို့သတ်မှတ်ထားတဲ့ နှုန်းထားတစ်ခုရှိတယ်။ ကျွန်တော်တို့ ဒီမှာသည် SAT ခံထားတဲ့အတွက်ကြောင့် ကျွန်တော်တို့ စင်ကာပူက ပိုင်ရှင်သည် SAT ရဲ့ ဘဏ်အကောင့်ထဲကို ပိုက်ဆံလွှဲပါတယ်။" ဟု ပြောပါတယ်။

အခုလိုအောက်တိုဘာလ ၁၁ ရက် ကနေစပြီး ပြောင်းလဲခဲ့တဲ့ အစီအစဉ်ဟာ လုပ်ငန်းရှင်တွေအနေနဲ့ အချိန်ကုန်၊ ငွေကုန်သက်သာအောင်လုပ်ပေးတာ ဖြစ်တယ်ဆိုပေမယ့် ဘေးထွက်ဆိုးကျိုးတွေ ရှိနေတယ်လို့ ဒေါက်တာစိုးထွန်းက ဖြည့်စွက်ပြောဆိုထားပါတယ်။

"လုပ်တာတော့ ကောင်းအောင်လုပ်လိုက်တာပဲ။ ဒါပေမယ့် သင်္ဘောလိုင်းက ပြန်ပြီးတော့ လက်ဆင်ပေးလိုက်တာပေါ့နော် ပညာပေးလိုက်တဲ့အခါကြတော့ အဲပြဿနာတွေ့တယ် ကျွန်တော်တို့ကလက်ရှိတော့ ဘာလုပ်လဲဆိုရင် SAT ကိုတန်းပြီမထုတ်ဘဲ အခုလည်းသင်္ဘောလိုင်းကိုပဲသွားတယ်။ သူတို့ဆီကနေစာရွက်စာတမ်းထုတ်ယူဖို့ကို ငွေသွင်းတယ်။
သွင်းပြီးတော့မှ ဆိပ်ကမ်းအာဏာပိုင်ကို သွားထုတ်တဲ့အတွက် အရင်အတိုင်းလုပ်တဲ့အခါကြတော့ ကျွန်တာ်တို့အတွက် အဆင်ပြေတယ်။ အဲလိုမှ မလုပ်ဘူးဆိုရင် သူက သူတို့ဆီကအီးမေးမပို့ဘူးပေါ့ဗျာ။" ဟု မော်တော်ယာဉ်တင်သွင်းရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးထွန်းက သူ့ရဲ့ အတွေ့အကြံုကို ရှင်းပြပါတယ်။

လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ ဒီပြသနာက မြန်မာ့နိုင်ငံရဲ့ ပြည်တွင်းသွင်းကုန် ကဏ္ဍအတွက် အမြန်ဆုံးဖြေရှင်းဖို့လိုတဲ့ ကိစ္စုဖြစ်နေပါတယ်။ လက်ရှိ နိုင်ငံမှာရေကြောင်းကနေကုန်စည်တွေ သယ်ယူဖို့ ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းပေါင်းတစ်ရာကျော်ရှိပါတယ်။

စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာတော့ ကွန်တိန်နာသင်္ဘောတွေ ဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်း(၅)ခုရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly