လူ့အခွင့်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ဦးစားပေး ရခိုင်အခြေစိုက် မဂ္ဂဇင်း ထွက်ရှိ

လူ့အခွင့်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ဦးစားပေး ရခိုင်အခြေစိုက် မဂ္ဂဇင်း ထွက်ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် ။              ။ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်ရေးချိုးဖောက်ခံနေရမှုများနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ဦးစားပေး ရေးသားထုတ်ဝေမည့် The Root မဂ္ဂဇင်းကို နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်ကာ ဖြန့်ချိနေပြီဖြစ်သည်။

“ရခိုင်ပြည်နယ်ရဲ့ မတူကွဲပြားမှုတွေကို သဟဇာတပြုရာမှာ မျှတမှုမရှိခဲ့တာတွေ၊ တရားဥပဒေစိုးမိုးရေး အားနည်းချက်တွေကြောင့် ပြည်နယ်ရဲ့ ကျက်သရေဟာ နိုင်ငံတကာ မျက်နှာစာမှာလည်း မလှခဲ့သလို၊ ပြည်တွင်းမှာလည်း အထင်လွှဲစရာတွေ ဖြစ်နေရပါတယ်။ ဒါဟာ အဖြစ်အပျက်မှန်တွေကို တင်ပြမှု အားနည်းချက်တွေကြောင့်လို့ ယူဆပါတယ်။ ကျနော်တို့ The Root မဂ္ဂဇင်းက ဒီ အားနည်းချက်ကို ဖာထေးဖို့ ရည်ရွယ်ပါတယ်။” ဟု The Root မဂ္ဂဇင်း အယ်ဒီတာ ကိုမိုးအောင်က မဇ္စျိမကို ပြောသည်။

အဆိုပါ မဂ္ဂဇင်းကို ရခိုင်ပြည်နယ်အခြေစိုက် Root Investigative Agency (RiA) မှ ထုတ်ဝေခြင်းဖြစ်ပြီး လစဉ်ထုတ် မဂ္ဂဇင်းဖြစ်ကြောင်း သိရသည်။

မဂ္ဂဇင်းမှ လူ့အခွင့်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အပြင် ပြည်နယ်၏ သတင်းအဖြစ်အပျက်များကို အတွင်းကျကျလေ့လာဖော်ထုတ်ရေးသား မှုများကိုပါ ပြုလုပ်သွားမည်ဟု ကိုမိုးအောင်က ပြောသည်။

“ဒီတစ်ကြိမ်မှာတော့ စစ်တွေက ဒေသခံတွေရဲ့ မြေတွေကို ယခင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဟောင်းနဲ့ သူတို့နှင့် နီးစပ်သူ တချို့တွေက ကိုယ်ကျိုးအတွက် အသုံးပြုခဲ့တာတွေနဲ့ ပတ်သက်ပြီး ဦးစားပေးဖော်ပြခဲ့သလို၊ ရခိုင်နယ်စပ်စီးပွားရေးယိုယွင်းလာမှုတွေလည်း တင်ပြခဲ့ပါတယ်။”

မဂ္ဂဇင်းကို ထုတ်ဝေသည့် RiA သတင်းအေဂျင်စီကို ၂၀၁၅ ခုနှစ် သြဂုတ်လတွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လူ့အခွင့်ရေးနှင့် တရားဥပဒေစိုးမိုးရေး သတင်းဖော်ပြချက် တချို့ကြောင့် အေဂျင်စီ၏ အယ်ဒီတာချူပ် ဦးမင်းမင်းနေအိမ်မှာ ၂၀၁၆ ခုနှစ် မတ်လက ဗုံးဖြင့် လုပ်ကြံတိုက်ခိုက်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly