ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးအခြေအနေ ပိုမိုဆိုးရွားလာနိုင်ဟု ယန်ဟီးလီပြောကြား

ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးအခြေအနေ ပိုမိုဆိုးရွားလာနိုင်ဟု ယန်ဟီးလီပြောကြား
Photo-EPA

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဆိုးရွားလာသည့် လူ့အခွင့်အရေး အခြေအနေများအပေါ် အစိုးရအနေဖြင့် အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းရန် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ယန်ဟီးလီက တိုက်တွန်းလိုက်သည်။

မတည်ငြိမ်မှုများဖြစ်ပွားနေသည့် ဒေသများတွင်း ရက်သတ္တပတ် ခြောက်ပတ်ကြာ လုံခြံုရေးများ တင်းကြပ်ထားမှုအပေါ်တွင်လည်း ယန်ဟီးလီက ဝေဖန်ပြောကြားခဲ့သည်။ နိုဝင်ဘာလအစောပိုင်းတွင် အစိုးရက စီစဉ်ပေးသည့် နှစ်ရက်ကြာခရီးစဉ်အတွင်း ကုလသမဂ္ဂအရာရှိတစ်ဦးနှင့် သံတမန်များ လိုက်ပါသွားခဲ့ရာတွင်  လူသားချင်းစာနာထောက်ထားမှုပြဿနာ ဖြေရှင်းပေးနိုင်ရေးအတွက် နည်းလမ်းအနည်းငယ်သာ ရရှိခဲ့ကြောင်း ယန်ဟီးလီက ပြောကြားသည်။

နိုင်ငံတကာ ကိုယ်စားလှယ်အဖွဲ့ လာရောက်လည်ပတ်ချိန်မှစ၍ လုံခြံုရေးများကို ပိုမိုတင်းကြပ်လာကြောင်း ယင်းဒေသအတွင်းမှ ကြားသိခဲ့ရမှုအပေါ် စိုးရိမ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

"မြေပြင်တပ်ဖွဲ့တွေကို အကူအညီပေးဖို့ လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်တွေကို အသုံးပြုတယ်၊ ရွာသားတွေက နိုင်ငံတကာ ကိုယ်စားလှယ်အဖွဲ့ကို ပြောတာတွေဟာလည်း မဟုတ်မမှန်ဘူးလို့ အစိုးရက ပြောကြားထားပါတယ်" ဟု ယန်ဟီးလီက ပြောကြားသည်။

လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ ဗလက္ကာရ အကျင့်ခံရမှု၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်များအပေါ် စုံ စမ်းစစ်ဆေးရန် လိုကြောင်း ယန်ဟီးလီက ပြောကြားသည်။

"ရခိုင်ပြဿနာအပေါ်မှာ အစိုးရအနေနဲ့ တရားဥပဒေအတိုင်း အစိုးရက ဆောင်ရွက်နေပါတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောထားပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်လို့ စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ဆောင်ရွက်တာကို မတွေ့မိသေးပါဘူး" ဟု လီက ပြောသည်။

"မတည်ငြိမ်မှုကြောင့် နေရပ်စွန့်ခွာရသူတွေနဲ့ ထိခိုက်လွယ်တဲ့ အသိုင်းအဝိုင်းအတွက် လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်အောင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေဖြစ်နိုင်သမျှ အမြန်ဆုံးပို့ပေးဖို့ ပြီးခဲ့တဲ့ လက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကျွန်မပြောခဲ့ပါတယ်။ အဓိက အရေးကြီးတာကတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရကြောင်း စွပ်စွဲမှုတွေအပေါ် လွတ်လပ်ပြီး ဘက်မလိုက်တဲ့ စုံစမ်းမှုတွေ လုပ်ပေးဖို့ လိုနေပါတယ်" ဟု ယန်ဟီးလီက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly