လူငယ်ရေးရာမှုဝါဒရေးဆွဲရေးအတွက် လူငယ်ကော်မတီဝင်များ ရွေးချယ်ဖွဲ့စည်း

လူငယ်ရေးရာမှုဝါဒရေးဆွဲရေးအတွက် လူငယ်ကော်မတီဝင်များ ရွေးချယ်ဖွဲ့စည်း
ဓာတ်ပုံ-ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ နိုဝင်ဘာလ ၁၉ ။             ။ လူငယ်ရေးရာမူဝါဒရေးဆွဲရေးအတွက် ပြည်နယ်၊ တိုင်းအလိုက် မြန်မာနိုင်ငံလူငယ်ရေးရာမှုဝါဒရေးဆွဲရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် မူကြမ်းရေးဆွဲရေးအဖွဲ့တွင်ပါဝင်မည့် သူများကို အဆင့်ဆင့် ရွေးချယ်ဖွဲ့စည်း ပြီးသွားပြီး ဖြစ်ကြောင်း လူငယ်ရေးရာမူဝါဒရေးဆွဲရေးကော်မတီ ဗဟိုကော်မတီဝင် ကိုသူရစိုး (ခ) ကိုဟိန်းထက်ကပြောသည်။

နိုဝင်ဘာလ ၁၉ ရက်၊ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့၊ Orchid ဟိုတယ်တွင် ပြုလုပ်သည့် လူငယ်ရေးရာမှုဝါဒဆိုင်ရာ တစ်နိုင်ငံလုံးအဆင့် လူငယ်တွေ့ဆုံ ဆွေးနွေးပွဲ၏ ထွက်ရှိချက်များနှင့် ဆွေးနွေးချက်များအား ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

"လူငယ်မှုဝါဒရေးရာမူဝါဒ ရေးဆွဲရေးမှာ လူငယ်တွေ အားလုံးပါဝင်လာနိုင်အောင်လို့ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ဖိုရမ်တွေ၊ ဆွေးနွေးပွဲတွေ လုပ်ပေးမှာဖြစ်လို့ ကိုယ်စားလှယ်တွေကို ကျွန်တော်တို့ ရွေးချယ်ခြင်း ဖြစ်ပါတယ်။ အဲ့ဒီ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေထဲကမှ နေပြည်တော်မှာတွေ့ဆုံပြီးတော့ မူကြမ်းရေးဆွဲရေး ကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဗဟိုကော်မတီအတွက် ပါဝင်တဲ့လူငယ်တွေကို ကျွန်တော်တို့က နေပြည်တော် တွေ့ဆုံပွဲမှာ အဆင့်ဆင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။" ဟု ၎င်းကဆိုသည်။

တစ်နိုင်ငံလုံးအဆင့် ဆွေးနွေးပွဲသို့ ပြည်နယ်နှင့် တိုင်း ဒေသကြီး (၁၄) ခုတွင် ကျင်းပခဲ့သော တွေ့ဆုံပွဲမှ ရွေးချယ်ထားသည့် လူငယ်ကိုယ်စားလှယ် ၁၄၇ ဦးတက်ရောက်ခဲ့ပြီး ကော်မတီအဆင့်ဆင့်ရွေးချယ်မှု အပြင် လူငယ်မှုဝါဒတွင် ပါဝင်သင့်သော အကြောင်းအရာများ၊ မူဝါဒအခြေခံမူများ နှင့် လူငယ်အသက် သတ်မှတ် ချက်များကို ဆွေးနွေးခဲ့ကြသည်။

တတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်၌ နိုဝင်ဘာလ ၁၆ ရက်မှ ၁၇ ရက်ထိ ၂ရက်တာကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ တစ်နိုင်ငံလုံးအဆင့် ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန နှင့် အဆင့်ဆင့်ညှိနှိုင်းပြီး မြန်မာနိုင်ငံလူငယ်မှုဝါဒရေးဆွဲရေးဗဟိုကော်မတီအတွက် လူငယ်ကိုယ်စားလှယ် ၂ ဦး၊ လုပ်ငန်းကော်မတီအတွက် ၁၆ ဦးနှင့် မူကြမ်းရေးဆွဲရေးအတွက် လူငယ်ကိုယ်စားလှယ် ၂၉ ဦးကို အဆင့်ဆင့်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ရွေးချယ်ရာတွင် ချင်းပြည်နယ်နှင့် ကယားပြည်နယ်မှအပ ကျန်ပြည်နယ်နှင့် တိုင်းများအတွက် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း လူငယ်ရေးရာမူဝါဒရေးဆွဲရေးကော်မတီ ဗဟိုကော်မတီဝင် နန်းထက်ထက်လင်းစိုးက ပြောသည်။

"ကျွန်မတို့ လူငယ်တွေရဲ့ ရပ်တည်ချက်ပေါ့နော်။ အဲ့ဒီအပေါ်မှာလည်း စိုးရိမ်ချက်တွေရှိခဲ့တယ်ပေါ့။ ဒါပေမယ့် မနေ့တုန်းက ပြည်ထောင်စုဝန်ကြီးတွေနဲ့ တွေ့တဲ့အခါကျတော့ သူတို့အနေနဲ့ ဘာမှမစိုးရိမ်ဖို့ အာမခံပါတယ်တဲ့။ အစိုးရသစ်အနေနဲ့ ပြောင်းလဲပြီးဆိုတဲ့အပေါ်မှာ ကတိကဝတ်ရရှိခဲ့တဲ့အတွက် ကျွန်မတို့အနေနဲ့ ကျေနပ်အားရ =မှု ရှိပါတယ်။ "ဟု ၎င်းကဆိုသည်။

နိုဝင်ဘာလ ၁၈ ရက်တွင် ရွေးချယ်ခံလူငယ်ကိုယ်စားလှယ်များ နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာနတို့ တွေ့ဆုံကာ၂ ရက်တာ ဆွေးနွေးမှုရလဒ်များကို တင်ပြ၍ လူငယ်များတောင်းဆိုသော အချက်များကို အပြီးသတ်ညှိနှိုင်း ဆွေးနွေးမှုများနှင့် လုပ်ငန်းအချိန်ဇယားနှင့် လုပ်ငန်းလည်ပတ်မှုအကြောင်းအရာများကို အသေးစိတ်ဆွေးနွေး အတည်ပြုခဲ့ကြောင်း လူငယ်ရေးရာ မှုဝါဒရေးဆွဲရေးကော်မတီ ဗဟိုကော်မတီဝင် ကိုသူရစိုး (ခ) ကိုဟိန်းထက် ပြောပြချက်အရ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly