အိုင်အက်စ် လူငယ်လေးက ဆီးရီးယားအရာရှိကို ခေါင်းဖြတ်သည့် ဗီဒီယို အိုင်အက်စ်ထုတ်ပြန်

အိုင်အက်စ် လူငယ်လေးက ဆီးရီးယားအရာရှိကို ခေါင်းဖြတ်သည့် ဗီဒီယို အိုင်အက်စ်ထုတ်ပြန်

ဒမတ်စကပ်၊ ဇူလိုင် ၁၈ ။      ။ အိုင်အက်စ်အိုင်အယ်လ်တက်ဖီရီ အကြမ်းဖက်အုပ်စုက ဝါဒဖြန့်ချိသည့် ဗီဒီယိုသစ်တစ်ခုကို ထုတ်ပြန်လိုက်ပြီး ယင်းဗီဒီယိုထဲတွင် လူသစ်အဖြစ်စုဆောင်ထားသည့် အိုင်အက်စ်လူငယ်လေးက ဆီးရီးယားစစ်အရာရှိ တစ်ဦး ကိုခေါင်းဖြတ်ပုံ ကိုပြသထားသည်ဟု ဆိုသည်။

ဇူလိုင် ၁၇က Syrian Observatory for Human Rights ကရရှိခဲ့သော ယင်းဗီဒီယိုတွင် အသက်အရွယ်အတည်မပြုနိုင်သော လူငယ်လေးတစ်ဦးက လက်ထဲတွင် ဓါးကိုင်လျက် ဒူးထောက်နေသော ဆီးရီးယားအရာရှိ၏ ဘေးတွင် ရပ်နေပုံ ကိုပြသထား သည်။

ဗီဒီယိုထဲတွင် ယင်းအရာရှိက အလယ်ပိုင်း ဟွမ်စ်ပြည်နယ်၊ ရှေးဟောင်းမြို့ ပါလ်မီရာအနီး အယ်လ်ဟီယာနန်းတော်၏ အနောက် ဘက်တွင်ရှိနေစဉ် အိုင်အက်စ်အဖွဲ့၏ ဖမ်းဆီးခြင်းခံရသည် ဟုပြောကြားသည်။ ထို့နောက် လူငယ်လေး၏ဘေးတွင် ရပ်နေသော အရွယ်ရောက် အစွန်းရောက်တစ်ဦးက ကင်မရာကိုကြည့်ကာ ခြိမ်းခြောက်စကားပြောသည်။

"ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ပါလ်မီရာ၊ ဟွမ်၊ ဒမတ်စကပ်တင်မကပါဘူး။ အယ်လ်ကပ်(ဂျေရုဆလင်)နဲ့ ရောမအထိပါ"ဟု ၎င်းကပြောသည်။ ထို့နောက် လူငယ်လေးသည် အကြမ်းဖက်သမားလူကြီး၏ ညွှန်ကြားချက်အရ ဖမ်းထားသည့် ဆီရီးယား အရာရှိ၏ ခေါင်းကိုဆွဲယူပြီး ဓါးငယ်ဖြင့်ခေါင်းကိုဖြတ်နိုင်ရန် သူ့၏ရှေ့တွင် လှဲချသည်။

ခေါင်းဖြတ်ပြီးနောက် ခေါင်းကို ခေါင်းဖြတ်ခံရသူ၏ ကိုယ်ပေါ်သို့ လူငယ်လေးက တင်ထားလိုက်သည်။ ထို့နောက် အကြမ်းဖက် သမားက လူငယ်လေးကို ကာလီဖိတ်၏ သားငယ်လေးဟု ခေါ်ဆိုခဲ့သည်။ အိုင်အက်စ်စစ်သွေးကြွများသည် အရွယ်မရောက်သေး သူများကို လူသစ်စုဆောင်းပြီးနောက် စစ်သင်တန်းပေးခြင်း၊ သဘောထားတင်းမာသော အယူဝါဒများသွတ်သွင်းပေးခြင်း တို့ပြုလုပ်ကြသည်။

အိုင်အက်စ်တို့သည် ၎င်းတို့၏ လူမဆန်သည့် ရက်စက်မှုများကြောင့် အမည်ဆိုးဖြင့် ကျော်ကြားလျက်ရှိသည်။ အိုင်အက်စ်တို့ သည် ၎င်းတို့ထိန်းချုပ်ထားရာ ဆီးရီးယား၊ အီရတ်နှင့် လစ်ဗျားတို့ရှိ နယ်များတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ် မှုများ ကျူးလွန်နေသည်ဟု စွပ်စွဲခံနေရသည်။

၂၀၁၁ခုနှစ်၊ မတ်လက စတင်ခဲ့သော ဆီးရီးယားပဋိပက္ခကြောင့် လူ ၂၃၀,၀၀၀ကျော် သေဆုံးခဲ့ပြီဖြစ်သည်။ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဆီးရီးယားလူမျိုး ၃ဒသမ၈သန်းမှာ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ရပြီး ၇ဒသမ၂သန်းမှာ ဆီးရီးယားပြည်တွင်းမှာပင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly