သမ္မတပတ်ဂွန်ဟေး နုတ်ထွက်ရေး ဆိုးလ်မြို့၌ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွား

သမ္မတပတ်ဂွန်ဟေး နုတ်ထွက်ရေး ဆိုးလ်မြို့၌ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွား

ဆိုးလ်၊ နိုဝင်ဘာ ၁၉ ။                 ။ အဂတိဖြစ်စဉ်ကြောင့် တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး နုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြမှုသည် လေးပတ်မြောက်အဖြစ် နိုဝင်ဘာ ၁၉ ရက်တွင် ဆိုးလ်မြို့တော်အတွင်း လမ်းများပေါ်တွင် သန်းဝက်ကျော်မျှရှိသော ဆန္ဒပြသူများက တောင်းဆိုဆန္ဒပြကြသည်။

၁၉၈၀ ခုနှစ်များအတွင်း ဒီမိုကရေစီတောင်းဆိုသည် ဆန္ဒပြမှုများပြီးလျှင် ယခုဆန္ဒပြမှုများသည် အကြီးဆုံးသော ဆန္ဒပြမှုများဖြစ်ပြီး ပတ်ဂွန်ဟေး၏ အချုပ်အခြာအာဏာအတွက် ထိုးနှက်နေသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်သော်လည်း ရာထူးက ဆင်းရေး တောင်းဆိုမှုများကို ပတ်ဂွန်ဟေးက ပေခံလျက်ရှိနေသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်ကလည်း ဆိုးလ်မြို့တော် လမ်းများပေါ် ဆန္ဒပြအင်အား တစ်သန်းနီးပါး ပတ်ဂွန်ဟေး နုတ်ထွက်ရေး တောင်းဆိုဆန္ဒပြကြပြီး ယခုဆန္ဒပြမှု၌မူ အင်အားငါးသိန်းနီးပါး ရှိကြောင်းနှင့် နိုင်ငံ၏ အခြားသောမြို့များတွင်လည်း အလားတူဆန္ဒပြမှုများ ဖြစ်ပွားကြောင်း စီစဉ်သူများက ပြောသည်။

ပတ်ဂွန်ဟေးပေါ်တွင် ကာလကြာရှည်မိတ်ဆွေဖြစ်ခဲ့သူ ရိုးရာဓလေ့နတ်ဆရာတစ်ဦး၏ သမီးဖြစ်သူက လွန်ကဲစွာသြဇာလွှမ်းမိုးထားသည်ဟု စွပ်စွဲမှုများ ရှိလာရာမှ အဂတိမကင်းသည့် ဖြစ်စဉ်များကြောင့် ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ချောင်ဆောင်စီဆိုသည့် ပတ်ဂွန်ဟေး၏ သူငယ်ချင်းအမျိုးသမီးဖြစ်သူသည် ၎င်းထိန်းချုပ်သည့် ဖောင်ဒေးရှင်းများသို့ ဒေါ်လာငွေအမြောက်အမြားလှုဒါန်းရန် စီးပွားရေးလုပ်ငန်းများအား ဖိအားပေးခြင်း၊ သမ္မတလက်ထောက်များ ရွေးချယ်ခန့်ထားရာတွင် ပါဝင်ခြင်းတို့အပြင် သမ္မတ၏ အဝတ်အစား ဝတ်ဆင်မှုကိုပင် ၎င်းက ရွေးချယ်ပေးသည်ကို ဝတ်ဆင်နေရသည်ဟု စွပ်စွဲမှုများ ရှိထားသည်။

နိုဝင်ဘာ ၄ ရက်နေ့က ပတ်ဂွန်ဟေးအနေဖြင့် ဖြစ်ပျက်သည့် ကိစ္စရပ်များအတွက် ပြည်သူထံသို့ ရုပ်မြင်သံကြားမှတစ်ဆင့် တောင်းပန်ခဲ့သည်။

နိုင်ငံတော်သို့ ရုပ်သံမှတစ်ဆင့် တောင်းပန်စကားပြောရာတွင် မျက်ရည်ကျလုနီးပါးဖြင့် ချောင်ဆောင်စီအပေါ် မိမိ၏ ယုံကြည်မှု ထားခဲ့ခြင်းသည် လုံးလုံးမှားယွင်းပါသည်ဟု ပြောဆိုခြင်းအပါအဝင်
ဖြစ်ပျက်သည့် ကိစ္စရပ်များအတွက် တောင်းပန်စကားပြောကြားခဲ့ခြင်းဖြစ်သည်။

ချောင်ဆောင်စီအား နိုဝင်ဘာ ၃ ရက်နေ့တွင် အာဏာအလွဲသုံးမှု၊ဟန်ဆောင်လိမ်လည်မှုများဖြင့် ဖမ်းဆီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly