ဆူဇူကီးအသင်းလူစာရင်းတွင် မိမိမပါဝင်သော်လည်း အသင်းနှင့်တစ်သားတည်းရှိနေမည်ဟု ကျော်ကိုကိုဆို

ဆူဇူကီးအသင်းလူစာရင်းတွင် မိမိမပါဝင်သော်လည်း အသင်းနှင့်တစ်သားတည်းရှိနေမည်ဟု ကျော်ကိုကိုဆို
မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း ကျော်ကိုကို။(ဓာတ်ပုံ - ရွှေဘုတ်)

ကျော်ကိုကို၏ လက်ရှိ ခြေစွမ်း ၂၀၁၁ နှင့်ကွာခြားနေပြီဟု ဂတ်ဇီဆီသုံးသပ်

နိုဝင်ဘာ ၁၈၊ ရန်ကုန်။           ။ ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းလူစာရင်းတွင် မိမိမပါဝင်သော်လည်း အသင်းနှင့် တစ်သားတည်း ရှိနေမည်ဖြစ်ပြီး အားပေးနေမည်ဟု တိုက်စစ်မှူး ကျော်ကိုကိုကပြောသည်။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုမှာ ဆူဇူကီးအကြိုသွားရောက်ခဲ့သော ဥရောပခရီးစဉ်တွင် အသင်းနည်းစနစ်နှင့် အံမဝင်ဟုဆိုကာ လူစာရင်းမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ ကျွန်တော့်ကိုအသင်းက ထုတ်လိုက်တယ်လို့ မခံယူပါဘူး။ ကျွန်တော်အသင်းနဲ့ တစ်သားတည်းရှိနေမှာပါ။ အသင်းကိုလည်းဆက်ပြီး အားပေးနေမှာပါ။ အသင်းမှာ ကျွန်တော်မပါပေမယ့် တိုက်စစ်အားနည်းနေမယ်လို့ မမြင်ပါဘူး။ လူငယ်တိုက်စစ်မှူးတွေက ကျွန်တော့်ထက်ပိုကောင်းပါတယ်။ ဟု ကျော်ကိုကိုကပြောသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတွင် ကျော်ကိုကိုမပါဝင်တော့သည့်နောက် လူငယ်တိုက်စစ်မှူးများ ဖြစ်သည့် အောင်သူ၊ ဝင်းနိုင်စိုး၊ သန်းပိုင်တို့က အသင်းတိုက်စစ်ကို ဦးဆောင်နေသည်။ အသင်းလူစာရင်းမှ ကျော်ကိုကို အထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုင်း ကစားခဲ့သော မြန်မာအသင်း၏ နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲတွင် သွင်းဂိုးတစ်ဂိုးမှ မရရှိခဲ့သည့်အတွက် ပရိသတ်များက နည်းပြဂတ်ဇီဆီကို   ဝေဖန်နေကာ ကျော်ကိုကို ပြန်လည်ရွေးချယ်ရန်လည်း တွန်းအားပေးနေကြသည်။ အခုအသင်းမှာ ကျော်ကိုကိုပါလဲ ဘာမှထူးမှာ မဟုတ်ပါဘူး။ ကျော်ကိုကိုက ၂၀၁၁ တုန်းက ခြေစွမ်းပြပြီး ဂိုးတွေသွင်းခဲ့တာမှန်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ အဲ့တုန်းကလို ခြေစွမ်းမျိုးမရှိတော့ပါဘူး။ ဟု ဂတ်ဇီဆီကဆိုသည်။

မြန်မာအသင်းမှာ နည်းပြ ဂတ်ဇီဆီလက်ထက်တွင် နိုင်ငံလက်ရွေးစင်အသင်းများနှင့် ကစားခဲ့သောပွဲစဉ် ၈ပွဲတွင် ဟောင်ကောင်အသင်းတစ်သင်းတည်းကိုသာ အနိုင်ရထားပြီး သွင်းဂိုး ငါးဂိုးသာ ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly