အသင်းနှင့် ရစ်ဘာရီ စာချုပ်သစ်ချုပ်သည့် သတင်းကို ဘိုင်ယန်မြူးနစ်ငြင်းဆန်

အသင်းနှင့် ရစ်ဘာရီ စာချုပ်သစ်ချုပ်သည့် သတင်းကို ဘိုင်ယန်မြူးနစ်ငြင်းဆန်

နိုဝင်ဘာ ၁၈၊ မြူးနစ်။              ။ အသင်းနှင့် ၂၀၁၈ ဇွန်ထိ ရစ်ဘာရီ စာချုပ်သစ်ချုပ်ခဲ့သည်ဆိုသည့်သတင်းကို ဘိုင်ယန်မြူးနစ်အသင်းက ငြင်းဆန်လိုက်သည်။

ပြင်သစ်လက်ရွေးစင်ဟောင်း၏စာချုပ်မှာ ယခုနှစ်ရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ဥက္ကဋ္ဌ ရူမင်နစ်ဂီက စာချုပ်သစ်ကိစ္စကို မကြာခင်ဆွေးနွေးသွားမည်ဟု ပြောဆိုထားသည်။

ယင်းဆွေးနွေးမှုမှာ အောင်မြင်မှုရခဲ့ပြီး ရစ်ဘာရီသည် စာချုပ်သက်တမ်းတစ်နှစ်တိုးရန်လက်မှတ်ထိုးခဲ့သည်ဟု L'Equipe သတင်းတွင် ကြာသပတေးနေ့ကဖော်ပြခဲ့သော်လည်း မဟုတ်မှန်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းက ငြင်းဆန်ခဲ့သည်။

“ကြာသပတေးထုတ် ပြင်သစ်သတင်းစာ L'Equipe မှာ ဘိုင်ယန်နဲ့ ရစ်ဘာရီတို့ဟာ ၂၀၁၈ ထိစာချုပ်သက်တမ်းတိုးခဲ့တယ်လို့ ဖော်ပြလာပါတယ်။ အဲဒီသတင်းက အမှားပါ”ဟု ဘိုင်ယန်မြူးနစ်အသင်းဝက်ဘ်ဆိုက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် ရစ်ဘာရီသည် ၂၀၀၇ တွင် မာဆေးလ်မှပြောင်းလာခဲ့ပြီး ဂျာမန်ချန်ပီယံဘိုင်ယန်မြူးနစ်အသင်း အတွက် ပြိုင်ပွဲစုံပွဲပေါင်း ၃၀၀ ကျော်ကစားပေးထားသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags