တူးတူးနှင့် အမေရိကန်လက်ဝှေ့ကျော် ဆိုင်းရပ်စ်တို့ ရေကုန်ရေခမ်း အထူးထိုးသတ်မည်

တူးတူးနှင့် အမေရိကန်လက်ဝှေ့ကျော် ဆိုင်းရပ်စ်တို့ ရေကုန်ရေခမ်း အထူးထိုးသတ်မည်

ဇူလိုင် ၁၈၊ ရန်ကုန်။ ။ နဂါးမာန်ကလပ်မှ မြန်မာ့ရိုးရာလက်ဝှေ့ကျော် တူးတူးနှင့် အမေရိကန် လက်ဝှေ့ကျော် ဆိုင်းရပ်စ်တို့၏ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ငါးချီပြီးဆုံးသည်အထိ အနိုင်၊ အရှုံး အဖြေမပေါ်ပါက နောက်ထပ် ငါးမိနစ် ထပ်ဆောင်းကာ ပဝါမကူ ရေမရှူတမ်း ရေကုန် ရေခမ်းထိုးသတ်မည်ဖြစ်သည်။

ဇူလိုင် ၂၆ ရက်တွင် ရန်ကုန်မြို့၊ သိမ်ဖြူလက်ဝှေ့ရုံ၌ ပြုလုပ်မည့် ရိုးရာလက်ဝှေ့ကျော် တူးတူးနှင့် အမေရိကန်လက်ဝှေ့ကျော်ဆိုင်းရပ်စ်တို့၏ လက်ဝှေ့ပွဲကို မြန်မာမီဒီယာဂရုဖ်မှ စီစဉ်ပြီး အဲကမ္ဘောဇမှ အဓိက စပွန်ဆာပေးထားသည်။ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် လေးချီတွဲဆိုင်း နှစ်ဆိုင်းနှင့်အတူ ငါးချီ တွဲဆိုင်း ငါးဆိုင်း စုစုပေါင်း တွဲဆိုင်း ခုနစ်ဆိုင်းထိ ကြည့်ရှု့ရမည်ဖြစ်သည်။

လေးချီတွဲဆိုင်း နှစ်ဆိုင်းမှာ ထွန်းလွင်မိုး(နဂါးမာန်)နှင့် ပြည့်ဖြိုးအောင် (မြွေဟောက်မင်း PTC )၊ ကျားဘဟိန်း(အလင်းရောင်)နှင့် ထွန်းငယ် (မြွေဟောက်မင်း PTC ) တို့ ထိုးသတ်မည်ဖြစ်သလို ငါးချီတွဲဆိုင်းများမှာ ရာမာဉ်(နဂါးမာန်)နှင့်ထွန်းနိုင်ဦး (အဖြူရောင်သွေးသစ်)၊ အားမာန်(နဂါးမာန်)နှင့် အောင်ပိုင်လေး (ရွှေသောင်ရင်း)၊ ကျားပေါက် (ရွှေသောင်ရင်း)နှင့် လေးညှို့ရှင်(ခ)ရှမ်းကို (T & T) ၊ ဝါးရင်တုတ်ဖိုးကေ( T & T ) နှင့် သွေးသစ်အောင် (နဂါးနီ)၊ တူးတူး (မြန်မာ)နှင့်ဆိုင်းရပ်စ် (အမေရိကန်)တို့ ထိုးသတ်ကြမည်ဖြစ်သည်။

တူးတူးနှင့် ဆိုင်းရပ်စ်တို့ ပါဝင်မည့် အဆိုပါလက်ဝှေ့ပွဲအတွက် ရုံဝင်ကြေးကို ငွေကျပ် တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်းတို့အဖြစ် သတ်မှတ်ထားပြီး ကြိုတင်လက်မှတ်များကို မြန်မာမီဒီယာ
ဂရုဖ်၊ အမှတ် ၃၁ (၁၇၆)လမ်း၊ တာမွေမြို့နယ်တွင် ဝယ်ယူရရှိနိုင်သည်။

မြန်မာ့ရိုးရာလက်ဝှေ့ကျော် တူးတူးနှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ဆိုင်းရပ်စ်(အမေရိကန်)သည် ရိုးရာလက်ဝှေ့ကျော်များနှင့် ယှဉ်ပြိုင်ထိုးသတ်ဖူးသူတစ်ဦးဖြစ်သည့်အပြင် ကမ္ဘာ့ကစ်ဘောက်ဆင် ချန်ပီယံဟောင်းတစ်ဦးလည်းဖြစ်သည်။ ဆိုင်းရပ်စ်သည် ရိုးရာလက်ဝှေ့ကျော် စောငမန်းနှင့် ထိုးသတ်ခဲ့ရာတွင် သရေကျပြီး ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းနှင့် နှစ်ကြိမ် ထိုးသတ်ခဲ့ရာတွင်လည်း တစ်ကြိမ် နိုင်၊ တစ်ကြိမ် ရှုံးနိမ့်ထားသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly