ဗီလာကွင်းလယ်လူ ဖေဘီယန်ဒဲလ်ကို မန်စီးတီးအသင်းခေါ်ယူ

ဗီလာကွင်းလယ်လူ ဖေဘီယန်ဒဲလ်ကို မန်စီးတီးအသင်းခေါ်ယူ

ဇူလိုင် ၁၈၊ မန်ချက်စတာ။ ။ မန်စီးတီးအသင်းသည် ဗီလာအသင်းမှ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဖေဘီယန်ဒဲလ်ကို ပြောင်းရွှေ့ကြေး ပေါင် ၈ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ဖေဘီယန်ဒဲလ်သည် ဗီလာအသင်းတွင်သာ ဆက်နေမည်ဟု ပြောဆိုခဲ့ပြီး တစ်ပတ်အကြာတွင် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။
မန်စီးတီးအသင်းက ဒဲလ်ကို ငါးနှစ်စာချုပ် ချုပ်ဆို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

မန်စီးတီးအသင်းနှင့် စာချုပ် ချုပ်ဆိုပြီးနောက်တွင် ဒဲလ်က 'ဗီလာအသင်းကို စွန့်ခွာဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပါတယ်။ ကျွန်တော့်ဘဝမှာ အခက်ခဲဆုံး ပြုလုပ်ရတဲ့ ဆုံးဖြတ်ချက်ပါပဲ။

ပထမတုန်းက ဗီလာမှာ ဆက်နေမယ်လို့ ဆုံးဖြတ်ခဲ့တာက ခံစားမှုနဲ့ စိတ်လှုပ်ရှားမှုကြောင့်ပါ။ ဗီလာအသင်းနဲ့ ပရိသတ်တွေကို ချစ်လို့ပါ။ အခု သူတို့ရဲ့အဝေးကို ထွက်ခွာခဲ့ရတာက ဘောလုံးသမားတစ်ဦးအနေနဲ့ တိုးတက်ဖို့ အခွင့်အရေးကြောင့်ပါ။ ဒီအခွင့်အရေးက ကျွန်တော့်ရှေ့ကို ရောက်ရှိနေပါပြီ။

အခုဆိုရင် အနာဂတ်မန်စီးတီးကစားသမားဘဝအတွက် စိတ်လှုပ်ရှားနေပါပြီ။ ရာသီသစ်မှာ မန်စီးတီးအသင်းအောင်မြင်မှုရရှိဖို့ ကူညီပေးသွားမှာပါ' ဟု ပြောသည်။

ဒဲလ်က ဗီလာအသင်းတွင်သာ ဆက်နေမည်ဟု ပြောဆိုခဲ့ပြီးနောက် မန်စီးတီးအသင်းသည် တစ်ပတ်လစာငွေ ပေါင် ၁ သိန်းဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ ဒဲလ်သည် ဗီလာအသင်းတွင် တစ်ပတ်လျှင် ပေါင် သုံးသောင်းသာ ရရှိပြီး ၎င်း၏သစ္စာရှိမှုအတွက် ပေါင် ရှစ်သောင်းအထိတိုးပေးခဲ့သော်လည်း ဘန်တီကီကို လီဗာပူးလ်သို့ ရောင်းချရန် ပြင်ဆင်နေသည့် အသင်း၏ အစီအစဉ်ကြောင့် မန်စီးတီးကို ပြောင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မန်စီးတီးနည်းပြ ပယ်လီဂရီနီက ဒဲလ်သည် ပရီးမီးယားလိဂ်တွင် တောက်ပနေသော လူငယ်ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး ဘောလုံးကျွမ်းကျင်မှုနှင့် ပါဝါမြင့်မားသည့် ကစားသမားဖြစ်ကြောင်းချီးကျူးခဲ့သည်။

အသက် ၂၅ နှစ်အရွယ်ရှိ ဒဲလ်သည် ဗီလာအသင်းခေါင်းဆောင်အဖြစ် ခြေစွမ်းပြလျက်ရှိသူဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းတွင်လည်း ပုံမှန်နေရာရရှိနေပြီ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly