မင်းလှ ခံတပ်တွင် ကျဆုံးစစ်သည်များအတွက် နှစ်ပေါင်း ၁၃၀ ကျော်အတွင်း ပထမဆုံး အမျှဝေ

မင်းလှ ခံတပ်တွင် ကျဆုံးစစ်သည်များအတွက် နှစ်ပေါင်း ၁၃၀ ကျော်အတွင်း ပထမဆုံး အမျှဝေ

မင်းလှခံတပ်တိုက်ပွဲ ၁၃၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရဟန်းသံဃာများအား ဆွမ်းကပ်လှူ၍ ကျဆုံးစစ်သည်များအား ပထမအကြိမ် အမျှဝေခြင်းကို နှစ်ပြည့် အထိမ်းအမှတ်ပွဲ ဖြစ်မြောက်ရေး   ကော်မတီက ဦးဆောင်၍ အထက်မင်းလှမြို့နယ်၊ စာရေးဆရာအသင်းနှင့် ပူးပေါင်းကာ နိုဝင်ဘာ(၁၇)ရက် နံနက်ပိုင်းက မင်းလှမြို့၊ မင်းလှခံတပ်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့ပေါ်သံဃာတော် အရှင်သူမြတ်များကို ခံတပ်ရှေ့တွင် အရုဏ်ဆွမ်းလောင်းလှူ၍ နံနက်ပိုင်းတွင် ကျဆုံးစစ်သည်များကို အမျှပေး ဝေခဲ့ကြသည်။ ၁၈၈၅ ခုနှစ်၊နိုဝင်ဘာ(၁၇)ရက်နေ့၌ မင်းလှခံတပ်တွင် စစ်သည် ရဲမက်(၁၇ဝ)ကျော် ကျဆုံးသွားခဲ့ပြီး ၄င်းတို့အား အဓိက ဂုဏ်ပြုရန် နှင့် ခံတပ်သမိုင်းကြောင်းကို သိစေချင်သည့် အတွက် စီစဉ်ရခြင်းဖြစ်ကြောင်း မင်းလှခံတပ် နှစ်ပြည့် အထိမ်းအမှတ်ပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲထွန်းဇော်က ပြောသည်။

"ဒီပွဲ စီစဉ်ရတာကတော့ ကျဆုံးစစ်သည်တွေကို ဂုဏ်ပြုဖို့နဲ့ မင်းလှခံတပ်သမိုင်းကို ပြန်လည် နိုးထ သိမြင်စေဖို့အတွက်ပါ။ ညပိုင်းမှာလည်း နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စာဖတ်ရှိန်မြင့်တင်ရေး ရည်ရွယ်ချက်နဲ့ စာပေဟောပြောပွဲလည်း ကျင်းပသွားဦးမှာပါ"- ဟု ဒေါက်တာရဲထွန်းဇော် က ပြောသည်။

အဆိုပါစာပေဟောပြောပွဲတွင် ဆရာချစ်ဦးညို နှင့် ဆရာမောင်သာချိုတိုက ဟောပြောသွားမည် ဖြစ်သည်။ မင်းလှခံတပ်ကို ကနောင်မင်းသားကြီး လက်ထက် ခရစ်နှစ်( ၁၈၆ဝ-၆၁)ခုနှစ်များတွင် စတင် တည်ဆောက်ခဲ့သည်။

ပြင်သစ်နှင့် အီတာလျံ လူမျိုး အင်ဂျင်နီယာများဖြစ်ကြသည့် ကိုမိုတိုပယ်ရီနှင့် မိုလီနာရီတို့၏ အကူအညီဖြင့် နိုင်ငံခြားပညာတော်သင်ပြန် မြန်မာလူငယ်များ တည်ဆောက်ခဲ့ကြောင်း ခံတပ်သမိုင်း ကျောက်စာတွင် ရေးသားထားသည်။ မင်းလှခံတပ်ကို (၁၉၅၇) ခုနှစ်မှ စတင်ပြီး ရှေးဟောင်း သုတေသနဌာနက ပြုပြင်ထိမ်းသိမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly