မြန်မာစစ်တပ်အား အိန္ဒိယက အကူအညီပေးမည်

မြန်မာစစ်တပ်အား အိန္ဒိယက အကူအညီပေးမည်

မြန်မာနှင့် အိန္ဒိယအစိုးရတို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်တစ်လျှောက်သောင်းကျန်း သူများ အားပူးပေါင်းဖြေရှင်းရေးအတွက် ဇူလိုင် ၁၆ ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲ အပြီးတွင် နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ၌ အိန္ဒိယအစိုးရအနေဖြင့် မြန်မာစစ်တပ်အား အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အိန္ဒိယက ပေးအပ်မည် အကူအညီများတွင် မြန်မာစစ်တပ်အား ခေတ်မီစစ်တပ်ဖြစ်စေရေးအတွက် ပံ့ပိုးကူညီမှုများ၊ ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးလုပ်ငန်းစဉ်များအတွက် အတွေ့အကြုံများ မျှဝေမှု၊ အမျိုးသားတပ်မတော် တစ်ရပ်ဖွဲ့စည်းရေး၊ အိုင်တီကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် စစ်ရေးလေ့ကျင့်မှုများ ပူးပေါင်းဆောင်ရွက်ရေး တို့ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ပင်လယ်ရေကြောင်းလုံခြုံရေးတွင် မြန်မာရေတပ်အနေဖြင့် ကျွမ်းကျင်မှုနှင့် စွမ်းရည်မြင့်မားလာစေရန်လည်း အိန္ဒိယက ကူညီသွားမည်ဖြစ် သည်။

အိန္ဒိယတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ထွက်ပြေးလာသည့် သူပုန်များကို အိန္ဒိယအစိုးရကွန်မန်ဒိုများ ကမြန်မာပိုင်နက်နယ်မြေ အတွင်းအထိ ဝင်ရောက်တိုက်ခိုက်ပြီးနောက် နှစ်ဖက်အစိုးရ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင်  ယခုကြေညာချက် ထွက်ပေါ် လာခြင်းဖြစ်သည်။

အီကိုနောမစ်တိုင်းမ် သတင်းဌာန၏ ဖော်ပြချက်အရ နှစ်နိုင်ငံပူးတွဲကော်မတီအနေဖြင့် နယ်စပ်ရေးရာ စီမံခန့်ခွဲမှုတွင် ပူးတွဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်လုပ်ငန်းများနှင့်ပတ်သက်၍ နှစ်ဖက်အစိုးရက သဘောတူညီများအတိုင်း  ထိရောက်စွာ နှိမ်နှင်းသွားမည်ဟု ဖော်ပြထား သည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် လွန်ခဲ့သည့် နှစ်နှောင်းပိုင်းက နေပြည်တော်တွင် ကျင်းပခဲ့သည့် အရှေ့အာရှနှင့် အာဆီယံနိုင်ငံများ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ယခုနှစ်တွင်လည်း မြန်မာနိုင်ငံသို့ ထပ်မံလာရောက်ဖွယ်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly