မောင်တောဖြစ်စဉ်ကြောင့် ရွှေတိဂုံစေတီတော်တွင် လုံခြံုရေးတိုးမြှင့်

မောင်တောဖြစ်စဉ်ကြောင့် ရွှေတိဂုံစေတီတော်တွင် လုံခြံုရေးတိုးမြှင့်
(ဓာတ်ပုံ- သူရ/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၁၇ရက်၊ ၂၀၁၆ခုနှစ်)။ ။ ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ ပဋိပက္ခများ၏ နောက်ဆက်တွဲအဖြစ် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်အား အကြမ်းဖက်ဖျက်ဆီးမည့် ကောလဟာလသတင်းများ ပြန့်နှံ့နေမှုကြောင့် စေတီတော်၏ လုံခြံုရေးအတွက် လုံခြံုရေးတိုးမြှင့်ထားသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

"ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ လုံခြံုမှုက မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဖြစ်ပါတယ်" ဟု သူရဦးအောင်ကိုက  ယနေ့ နိုဝင်ဘာ ၁၇ရက်က အမျိုးသားလွှတ်တော်တွင် မီဒီယာများအား ပြောကြားသည်။

စေတီတော်၏ လုံခြံုရေးအတွက် လုံခြံုရေးတိုးမြှင့်ထားသည်မှာ ရက်သတ္တပတ် ၂ပတ်ခန့် ရှိပြီဖြစ်ပြီး ထပ်မံ၍ လုံခြံုရေးဝန်ထမ်းများ တိုးမြှင့်ခန့်ထားရန်လည်း ညှိနှိုင်းထားပြီးဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောသည်။ သို့သော် တိုးမြှင့်ထားသည့် လုံခြံုရေးအရေအတွက်ကိုမူ သူရဦးအောင်ကိုက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

"အဓိကအရေးကြီးဆုံးအချက်ကတော့ အခု မြန်မာနိုင်ငံအနောက်ဘက်ဖျားမှာ အကြမ်းဖက်မှု နှိမ်နှင်းရေးဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီးတော့မှ ပြည်တွင်း၊ ပြည်ပအဖျက်သမားတချို့က ရွှေတီဂုံဘုရားကြီးကို နှောင့်ယှက်မယ်။ ဘာညာ သတင်းတွေလွှင့်တာတွေ ကြားရပါတယ်။ အင်တာနက်၊ ဖေ့စ်ဘွတ်ကကြည့်ရင်းလည်း နှောင့်ယှက်တဲ့ပုံစံ ဒီဇိုင်းတွေတောင်မှ တင်ထားတာ တွေ့ရမှာပါ" ဟု သူရဦးအောင်ကိုက ဆိုသည်။

စေတီတော်လုံခြံုရေးအတွက် ရင်ပြင်ပေါ်နှင့် စေတီတော်၏ အောက်ခြေပတ်လည်တွင်လည်း အလင်းရောင်အပြည့်အဝရရှိရန် စီမံလျက်ရှိသည်ဟုလည်း ပြောသည်။

လုံခြံုရေးအရ ရွှေတိဂုံစေတီတော်၏ အနီးအနားတဝှိုက်တွင် အဝေးထိန်း ဒရုန်း(Drone) ပျံသန်းခွင့်ကိုလည်း ပိတ်ပင်ထားသည်။

ရွှေတိဂုံစေတီတော်သည် မြန်မာနိုင်ငံသားများကသာမက ကမ္ဘာလှည့်ခရီးသည်အများစုက လာရောက်လည်ပတ်ကြပြီး တစ်နှစ်လျှင် အလှူငွေ ကျပ် ရဘီလီယံကျော် ရရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly