ရခိုင်ဒေသခံများ “ငြိမ်းချမ်းမှုကို လိုချင်တဲ့ဟာတော့ အငြင်းမပွား” ဟု ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်ပြော

ရခိုင်ဒေသခံများ “ငြိမ်းချမ်းမှုကို လိုချင်တဲ့ဟာတော့ အငြင်းမပွား” ဟု ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်ပြော

ရခိုင်ပြည်နယ် မောင်တောဖြစ်စဉ်အတွင်း လူအသေအပျောက် ရ၀ ထက်မနည်း ရှိလာပြီးဖြစ်ကြောင်း အစိုးရဘက်က သတင်းထုတ်ပြန်ထားသည်။ တိုက်ခိုက်မှုများ ပေါ်ပေါက်နေသည့် ရခိုင်ပြည်နယ်သို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေနဲ့ စစ်တွေမြို့ကို နိုဝင်ဘာ ၁၅ ရက်နေ့တွင် သွားရောက်ခဲ့သည်။ ကော်မရှင်အနေနဲ့ စစ်တွေမြို့က ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပေမယ့် ပဋိပက္ခဖြစ်ပွားခဲ့သည့် ဘူးသီးတောင်၊ မောင်တောကိုမူ လုံခြံုရေး အခြေအနေအရ သွားရောက်ခြင်း မရှိခဲ့ပါ။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးအေးလွင်ကို မဇ္စျိမ သတင်းထောက် ဇေယျာမော်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။              ။  ရခိုင်ပြည်နယ် အကြံပေးကော်မရှင် အဖွဲ့အနေနဲ့ စစ်တွေက ရပ်မိရပ်ဖတွေနဲ့ တွေ့တော့ မောင်တောကိစ္စနဲ့ ပတ်သက်ပြီး သူတို့ဘက်က ဘယ်လိုတုံ့ပြန်လဲခင်ဗျ။

ဖြေ။              ။ သူတို့ အများစုကတော့ သတင်း အချက်အလက်တွေကလည်း တဆင့်ကြားရတဲ့ သဘောတွေပဲ ပေါ့နော်။ သို့သော် သူတို့အားလုံး သုံးသပ်တာကတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့နဲ့ ဟိုဘက်က လူတွေနဲ့ဖြစ်တဲ့ ကိစ္စလို့ပဲ သုံးသပ်တယ်လေ။ ရခိုင်အမျိုးသားတွေကို တိုက်ရိုက် တိုက်ခိုက်မှု မရှိဘူးဆိုတာတော့ အားလုံးက ပြောကြတာပေါ့နော်။ သို့သော် သူတို့ စိုးရိမ်မှုလေးတွေရှိတယ် ဆိုတဲ့အကြောင်းတော့ ပြောတာပေါ့။ ငြိမ်းချမ်းမှုကို လိုချင်တဲ့ဟာတော့ အငြင်းမပွားဘဲနဲ့ ပြောကြတာပေါ့။

မေး။              ။ မောင်တော ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက် ဒေသခံ တော်တော်များများက စိုးရိမ်ပူပန်မှုတွေ ရှိနေတော့ သူတို့ကို ဘယ်လိုများ လုံခြံုအောင် လုပ်ပေးနိုင်ရင် ပိုကောင်းမလဲ။

ဖြေ။              ။ ရုပ်ပိုင်းဆိုင်ရာတော့ လုံခြံုအောင် လုံခြံုရေးတွေဘာတွေ ချထားပြီး သူတို့ကိုလည်း တိုက်ရိုက် တိုက်ခိုက်ခံရတယ် ဆိုတာကလည်း တစ်ခုမှမရှိဘူးလေ။ စိတ်ပိုင်းဆိုင်ရာ အင်အားလေးတွေ တက်လာအောင် လုပ်ပေးသင့်တယ်။ နောက်ပြီး သူတို့လည်း ယုံကြည်စိတ်ချ လာအောင်လို့ လုံခြံုတဲ့အကြောင်းတို့ အန္တရာယ် မရှိတဲ့ အကြောင်းတို့ မျက်မြင်သက်သေလေးတွေ တွေ့လာအောင် သူတို့ကို အားပေး စကားလေးတွေနဲ့ နှစ်သိမ့်အားပေးရင် အကောင်းဆုံးနည်းလို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ရုပ်ပိုင်းဆိုင်ရာမှာ သူတို့အတွက်က ဘာမှတိုက်ခိုက်ခံရတာမရှိဘူး။

မေး။              ။ အခုလက်ရှိ မောင်တောဖြစ်စဉ်မှာ တစ်ဖက်က ဘယ်လိုရည်ရွယ်ချက်တွေ ရှိမလဲခင်ဗျ။

ဖြေ။              ။ ကျွန်တော်တို့ကို သုံးသပ်ချက် မပေးပါနဲ့လို့ ပြောထားတာရှိတယ်။ ကော်မရှင်အနေနဲ့လေ ဘာကြောင့်လဲဆိုတော့ သတင်းအချက်အလက်တွေ နားထောင်နေပြီးတော့ ဟိုဘက်ဒီဘက် ပြောတာတွေ အကုန်လုံး နားထောင်နေတာပေါ့။ ပြီးရင်ကျွန်တော်တို့ ပြဿနာ ပြေလည်ရေးအတွက် အကောင်းဆုံး ဘယ်လို အကြံပေးမလဲ အဲ့ဒါလေးတွေ ကျွန်တော်တို့ပေးပါမယ်။ လောလောဆယ်တော့ ကျွန်တော်တို့ဘက်က ဘာကောက်ချက်မှ မချသေးပါဘူး။

မေး။              ။ ကော်မရှင်အနေနဲ့ ဒီခရီးစဉ်အတွင်း မောင်တောကို မသွားဖြစ်ဘူးဆိုတော့ အန်ကယ်တို့ အကြံပြုစာမှာ လက်ရှိမောင်တောရဲ့ ပြဿနာကို ဘယ်လောက်ထိ ထည့်သွင်းဖော်ပြသွားဖို့ ရှိလဲ။

ဖြေ။              ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်ကလည်း သတင်းတွေ ထုတ်ပြန်နေတာရှိပါတယ်။ တစ်ဘက်ကလည်း ပြည်သူတွေဆီက ကြားနေရတဲ့ သတင်းတွေရှိနေတယ်။ ကျွန်တော်တို့က စုံစမ်းစစ်ဆေးရေး လုပ်ဖို့သဘောမဟုတ်ဘူး။ ပြည်သူများရဲ့အသံနဲ့ တကယ်မျက်မြင်အနေအထားက ဘယ်လိုရှိတယ်။  အဲ့တော့ ဒီဟာအပေါ်မှာ ပြေလည်သွားအောင် နောက်ထပ်မဖြစ်အောင် အဲ့ဒီကမှတဆင့် ငြိမ်းချမ်းသွားပြီးရင် ဖွံ့ဖြိုးတိုးတက်အောင် ဘာတွေလုပ်သင့်ပါတယ်ဆိုတဲ့ အကြံတွေ ကျွန်တော်တို့က ပေးမှာပေါ့။

မေး။              ။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေနဲ့ အစိုးရကို ဘယ်တော့လောက် အကြံပြုစာ တင်ပြနိုင်မလဲခင်ဗျ။

ဖြေ။              ။ ကျွန်တော်တို့ အကြံပြုစာ တင်ဖို့က နှစ်ဆင့်ရှိပါတယ်။ ကြားဖြတ် အစီရင်ခံစာတစ်ခုကို ၂၀၁၇ အစောပိုင်းမှာ တင်မှာပေါ့နော်။ ပြီးရင် ကျွန်တော်တို့သက်တမ်းက နောက်နှစ် သြဂုတ်လဆို တစ်နှစ်ပြည့်ပြီလေ။ ၂၀၁၇ သြဂုတ်လ မတိုင်မီမှာ နောက်ဆုံးအကြံပြုစာကို တင်သွားဖို့ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly