ရခိုင်ပဋိပက္ခအပေါ် နိုင်ငံတကာ ဥပဒေများနှင့် အညီ ထိန်းထိန်းသိမ်းသိမ်းဖြေရှင်းနေဟု တပ်မတော်ဆို

ရခိုင်ပဋိပက္ခအပေါ် နိုင်ငံတကာ ဥပဒေများနှင့် အညီ ထိန်းထိန်းသိမ်းသိမ်းဖြေရှင်းနေဟု တပ်မတော်ဆို
နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ဒုတိယဥက္ကဌဖြစ်သူ ဗိုလ်ချုပ်စိုးနိုင်ဦး(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၁၆ရက်၊ ၂၀၁၆ခုနှစ်)။              ။ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသော ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ ပဋိပက္ခများအပေါ် နိုင်ငံတကာက ချမှတ်ထားသည့် ဥပဒေများအတိုင်း ထိန်းထိန်းသိမ်းသိမ်းဖြင့် ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း ယနေ့ ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ဒုတိယဥက္ကဌဖြစ်သူ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။

နေပြည်တော်၊ သမ္မတအိမ်တော်ရှိ မီဒီယာခန်းမတွင် ပြုလုပ်သော ရခိုင်ပြည်နယ်အခြေအနေများနှင့် စပ်လျဉ်းသည့် အထူးသတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဗိုလ်ချုပ် စိုးနိုင်ဦးမှ မီဒီယာများသို့ ရှင်းလင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ လုပ်လို့ရပါတယ်။ သို့သော် နိုင်ငံတကာရဲ့ ကန့်သတ်ချက်တွေ၊ နိုင်ငံတကာချမှတ်ထားတဲ့ ဥပဒေတွေအတိုင်း အနည်းဆုံးနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ပါတယ်” ဟု ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောကြားသည်။

အောက်တိုဘာ ၉ရက်၊ နံနက်ပိုင်းက ရခိုင်ပြည်နယ် မောင်တောဒေသရှိ နယ်ခြားစောင့်ဂိတ်များ စတင်စီးနင်းခံရပြီးနောက် ထိုဒေသတွင်း ပဋိပက္ခများ ဖြစ်ပွားနေခြင်း ဖြစ်ကာ အဆိုပါ ပဋိပက္ခတွင် တပ်မတော်မှ အရာရှိ ၁ဦးနှင့် အခြားအဆင့် ၆ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိ ၁ဦးနှင့် အခြားအဆင့် ၉ဦး ကျဆုံးခဲ့ရပြီး တပ်ဖွဲ့ဝင် ၁၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ယနေ့ညနေတွင် သတင်းထုတ်ပြန်သည်။

“ဒီဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် သောင်းကျန်းသူ ဘင်္ဂါလီတွေဟာ ကျွန်တော်တို့ အချုပ်အခြာအာဏာကို စပြီး စော်ကားလာတာ” ဟု ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောသည်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်များသည် ၎င်းဒေသတွင်း အများစုရောက်ရှိနေသော အစ္စလာမ်ဘာသာဝင်များအတွင်း အစွန်းရောက်အကြမ်းဖျက်ဝါဒ တိုးမြင့်လာစေရန် အချိန်ယူ၍ စည်းရုံးသိမ်းသွင်း ဆောင်ရွက်ခြင်း ဖြစ်သည်ဟု အောက်တိုဘာ ၁၄ရက်တွင် နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

“တပ်မတော်က တော်တော်လေး ထိန်းသိမ်းပါတယ်။ ဒီလို ထိန်းထိန်းသိမ်းသိမ်း လုပ်တဲ့အတွက် ကျွန်တော်တို့ ဆီက တပ်ရင်းမှူးပါ ထိသွားပါတယ်။ ထိပြီးတော့ ဒီလိုမျိုး အဝိုင်းခံထားရတဲ့ဟာမှာ တပ်မတော်သားတွေ အများကြီး ဆုံးရှုံးသွားနိုင်ပါတယ်။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်နိုင်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ရဟတ်ယာဉ် လွှတ်ပြီးတော့ ကျွန်တော်တို့ အရာရှိကို ကယ်ထုတ်ဖို့နဲ့ ကျန်တဲ့ တပ်မတော်သားတွေ ကယ်ထုတ်ဖို့ရယ် ရဟတ်ယာဉ် သုံးခြင်း ဖြစ်ပါတယ်။ အဲ့လို သုံးတဲ့ နေရာမှာလည်းပဲ လက်နက်ကြီးတွေ မသုံးပါဘူး။ ဗုံးတွေ မလုပ်ပါဘူး။ ရ.၆၂ စက်လတ် နဲ့ပဲ ပစ်ပါတယ်” ဟု ဗိုလ်ချုပ် စိုးနိုင်ဦးက ဆိုသည်။

မောင်တောနယ်မြေအတွင်း အကြမ်းဖက်လှုပ်ရှားနေသော ဘင်္ဂါလီအကြမ်းဖက်သမားများအနေဖြင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြံုရေးတပ်ဖွဲ့များအပေါ် အထင်အမြင်လွဲမှားစေရေး၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးလျက်ရှိကြောင်းနှင့် ထိုသို့ ဆောင်ရွက်ပြီးပါက အချို့သတင်းမီဒီယာများဖြင့် ချိတ်ဆက်၍ လိမ်လည် သတင်းဖြန့်ချိခြင်း၊ နိုင်ငံတကာမှ အထောက်အပံ့များရရှိအောင် လုပ်ကြံဖန်တီးခြင်းများ ပြုလုပ်လျက်ရှိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly