အာရှ ယူ- ၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲနှင့် အာဆီယံ ယူ- ၁၉ ပြိုင်ပွဲတို့ကို သွားရောက်ယှဉ်ပြိုင် မည့် မြန်မာ့ လက်ရွေးစင် ယူ- ၁၈ အသင်းသည် လက်ရှိတွင် ပဏာမ ကစားသမား ၃၂ ဦး ရွေးချယ်၍ လာမည့် ဇူလိုင်လ ၂၀ ရက်မှ စတင်ကာ သုဝဏ္ဏမြက်ခင်းတု ကွင်း၌ လေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်ထားသည်ဟု နည်းပြချုပ် မစ္စတာ ဂတ်ဇီဆီက ပြောသည်။
မြန်မာ့လက်ရွေးစင် ယူ- ၁၈ အသင်းကို နည်းပြချုပ်အဖြစ် ဂတ်ဇီဆီ ဖရိုင်းဒရစ်က တာဝန်ယူ ဆောင်ရွက် လျက်ရှိပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်မှစ၍ မြန်မာနေရှင်နယ်လိဂ် လူငယ်အသင်းများမှ အသက်မီသည့် ကစား သမားများ ကိုရွေးချယ်၍ လူရွေးပွဲ ပြုလုပ်ခဲ့သည်။
“ကျွန်တော်တို့ အခုလက်ရှိ ရွေးထားတဲ့ လူစာရင်းက အတည် မဖြစ်သေးပါဘူး။ ဖြုတ်လိုက် တယ်ဆိုတဲ့ ကစားသမားတွေကို လည်း သက်ဆိုင်ရာ ကလပ်တွေမှာ ပြန်လေ့ကျင့်ခိုင်းတဲ့ သဘောမျိုး ပါ။ သူတို့ပွဲကို လိုက်ကြည့်ဖြစ်နေဦးမှာပါပဲ။ အခုရွေးထားတဲ့ ကစားသမားတွေကိုလည်း လေ့ကျင့် ကြည့်ဦးမှာပါ။
အဆင်မပြေရင် ထပ်ဖြည့် တာမျိုးဖြုတ်လိုက်တာမျိုး ရှိနိုင်ပါသေးတယ်။ ပြိုင်ပွဲမတိုင်ခင် လူစာရင်းမပေးမချင်း အပြောင်းအလဲဖြစ်နိုင် ပါတယ်။ အသင်းအတွက် အချိန် အရမ်းမရပေမယ့် အကောင်းဆုံး ပြင်ဆင်သွားမှာပါ” ဟု ဂတ်ဆီဇီ ဖရိုင်းဒရစ် ကပြောသည်။
မြန်မာ့လက်ရွေးစင် ယူ- ၁၈ အသင်းသည် လာမည့် သြဂုတ်လတွင် လာအိုနိုင်ငံ၌ ပြုလုပ်မည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင် ပွဲနှင့် စက်တင်ဘာလတွင် အိမ်ရှင်အဖြစ် မြန်မာနိုင်ငံတွင် လက်ခံ ကျင်းပမည့် အာဆီယံ ယူ- ၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
အာဆီယံ ယူ- ၁၉ ပြိုင်ပွဲတွင် မြန်မာ ယူ- ၁၈ အသင်းသည် ဗီယက်နမ်၊ စင်ကာပူ၊ တီမော၊ မလေးရှား စသည့် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက် လျက်ရှိပြီး အာရှ ယူ-၁၉ ခြေစစ်ပွဲတွင်မူ ဗီယက်နမ်၊ ဟောင်ကောင်၊ တီမော၊ ဘရူနိုင်း စသည့် အသင်းများ တစ် အုပ်စုတည်း ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။