မြေကြီးမှ ရွှေသီးအောင် စီမံခန့်ခွဲသူ ပညာတတ် တောင်သူ မချိုချိုသင်း

16 November 2016
မြေကြီးမှ ရွှေသီးအောင် စီမံခန့်ခွဲသူ ပညာတတ် တောင်သူ မချိုချိုသင်း

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့အနီးက အလယ်ပုံးရွာမှာနေထိုင်သူ မချိုချိုသင်းနဲ့ မိတ်ဆက်ပေးပါရစေ။ မချိုချိုသင်းဟာ ရူပဗေဒဘာသာရပ်ကို ဂုဏ်ထူးတန်းဝင်ပြီး မဟာသိပ္ပံဘွဲ့ ရရှိထားတဲ့အပြင် ကွန်ပြူတာသိပ္ပံဘွဲ့ကိုလည်း ရရှိထားပါတယ်။ ဒါပေမယ့်လည်း အခွင့်အလမ်းကောင်းတွေရှိနေတဲ့ IT လုပ်ငန်းခွင်ကို ကြောခိုင်းပြီး မိရိုးဖလာလုပ်ကိုင်ခဲ့တဲ့ လယ်ယာလုပ်ငန်းခွင်ကို ဦးဆောင်လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူ့ရဲ့ အောင်မြင်တဲ့ လယ်ယာလုပ်ငန်း ဦးဆောင်သူဖြစ်လာပုံအကြောင်းကို မချိုချိုသင်းက အခုလို စတင်ရှင်းပြခဲ့ပါတယ်။

“တောင်သူလုပ်ငန်းက ပညာသား အရမ်းပါတယ်။ သင်ကြားထားတဲ့ပညာထက် ပိုပြီးပါတယ်။ ဘာပြုလို့လည်းဆိုတော့ သူက အဖက်ဖက်က မှီခိုနေ ဆက်စပ်နေတာကို၊ သူ့တစ်ခုထဲ မဟုတ်ဘူးလေ။ မြေကြီးပေါ်မှာမှီခိုတယ်၊ ရာသီဥတုအပေါ်မှာ မှီခိုတယ်။ အဓိကကတော့ ရာသီဥတုအပေါ်မှာ မှီခိုတာပေါ့။ အခုဆိုလို့ရှိရင်  ပိုးသတ်ဆေးတွေ၊ မြေသြစာထည့်တာတွေ၊   မြေအမျိုးအစာတွေကအစ နောက် အချိန်ကစပြီးတော့ပေါ့။ ဘယ်ရက်မှာ ဘယ်အချိန်မှာ ဘာစိုက်ရမလဲ၊ သူက ဘယ်အချိန်မှာ အသီးပန်းပွင့်ဝင်တာလဲ၊ အဲဒီ အချိန်မှာ မိုးက ရနိုင်မလား။ အဲဒီအချိန်မှာ သက်တမ်းက ဘယ်လောက်ရှိပြီလဲ၊ သူ မှည့်တဲ့အချိန်မှာ နောက်မိုးတွေဘာတွေနဲ့ တွေ့မလား၊ ဒါမျိုးတွေကစပြီးတော့ အများကြီးပဲ ကိုယ်စိုက်ထားတဲ့ အသီးအနှံလေးတွေ၊ ကိုယ်က ဒါကိုဖြစ်ထွန်းအောင်မြင်အောင်လုပ်ထားတာ ဖြစ်ထွန်းအောင်မြင်လာပြီဆိုတော့ ၀မ်းသာပြီးတော့ စိတ်ဝင်စားသွားတာပေါ့နော်၊ စစခြင်းတုန်းကတော့ ဘဝနှစ်ခုကို နှိုင်းယှဉ်ပြီးတော့ နည်းနည်းစိတ်တိုတာပေါ့။ အခုလိုမ်ျိုး ကိုယ်စိုက်ထားတဲ့သီးနှံလေးက စျေးကွက်ကလေးကလည်း မဆိုးဘူးပေါ့နော်၊ အဲသလိုနဲ့ စိတ်ဝင်စားပြီး ကိုယ်က ဦးဆောင်တဲ့သူ ဖြစ်သွားတာပေါ့။ ”

ကျောင်းတက်နေတယ်ဆိုပေမယ့် လယ်ယာလုပ်ငန်းခွင်ဟာ သူနဲ့မစိမ်းတဲ့အကြောင်းကိုလည်း မချိုချိုသင်းက အခုလိုဆက်လက် ရှင်းပြပါတယ်။

“ ၂၀၀၇ ၊ ၂၀၀၈ မှာ အိမ်ကိုခဏပြန်လာတာပေါ့၊ ငယ်ငယ်လေးကတည်းက ကျမရဲ့အဖေက ပြောတာရှိတယ်။ ဘဝဆိုတာ ဘယ်လိုမျိုးကျမယ်ဆိုတာ မသိဘူးတဲ့။ ဒါကြောင့်မို့ ဘာပဲဖြစ်ဖြစ် တတ်ထားအောင်လုပ်ရမယ်တဲ့။ ကိုယ်က လုပ်ဖို့မဟုတ်ရင်လည်း သူများကို ခိုင်းမယ်ဆိုရင် ကိုယ်တတ်ထားမှ ဖြစ်တာတဲ့။ အမကို ငယ်ငယ်ကလေးထဲက လုပ်ငန်းခွင်တွေကို သင်ထားပေးတယ်။ နောက်တစ်ခါကြတော့ အဖေနဲ့ အတူတူနေတာများနေတာဆိုတော့ ဒီလုပ်ငန်းကြီးဟာ ကျောင်းသွားတက်တယ်ဆိုပေမယ့် ဒီလုပ်ငန်းကြီးက စိမ်းနေတာ မဟုတ်ဘူးပေါ့၊ ကိုယ်က နားလည်ရေဝနေတာ လုပ်လည်းလုပ်နေတာ၊ အိမ်ပြန်လာလိုက် ၀င်လုပ်လိုက် ကျောင်းသွားလုပ်လိုက်၊ ကျောင်းတက်တုန်း အဆက်ပြတ်သွားတာလေးတော့ ရှိတာပေါ့။”

ပညာတွေတတ်ထားတဲ့ကြားက တောင်ယာအလုပ်ကိုဘာ့ကြောင့် စပြီးလုပ်ဖြစ်သွားရတာလဲဆိုတာကိုလည်း သူက အခုလို ရှင်းပြပါတယ်။

“ ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ရတော့မယ်ဆိုတဲ့အခါ စိတ်က အဲဒီအလုပ်မှာ နှစ်လိုက်တော့တာ၊ ဒါပေမယ့် တစ်ခါတလေလည်းဖြစ်တာပေါ့နော်၊ တောင်သူတွေရဲ့ဘဝ အရမ်းဆင်းရဲတယ်လေ၊ နေပူမရှောင် မိုးရွာမရှောင် ကြောကိုနေပူလှန်း ပြီးတော့ ရလာတဲ့ငွေက အရမ်းခက်ခဲတယ်ပေါ့နော်၊ အဲဒီင်္အခါကြတော့ ကိုယ်လည်းကိုယ့်ပညာနဲကိုယ် သင်ယူရပ်တည်နိုင်ရဲ့သားနဲ့ပေါ့ တစ်ခါတစ်လေ ကိုယ့်ဘဝကို အားမလိုအားမရဖြစ်တာပေါ၊ ဒါပေမယ့်လည်း အော် ဒါ ငါလုပ်ရမယ့်အလုပ်ပါလေ ဒါကြီးကိုပြစ်သွားလို့လည်းမရဘူးပေါ့၊ ဘယ်သူ့ကိုမှလည်းလွှဲထားလို့မရဘူး၊ အိမ်မှာအမရှိနေတယ်ဆိုပေမယ့်လညး် သူက အရမ်းကြီးရေရေလည်လည်မဟုတ်ဘူးပေါ့နော်၊ အရင်တုန်းကတော့ သူလည်းတောင်သူလုပ်ခဲ့ပေမယ့်လည်းအခုကြတော့ ခေတ်နဲ့အညီမဟုတ်ကြတော့ဘူးပေါ့နော်၊ သူနဲ့ ဒီအတိုင်းပစ်ထားရင် ဘဝဟာ တိုးတက်မှာမဟုတ်တော့ဘူးပေါ့၊ နောက်ဆုံး မဖြစ်တော့ဘူးဆိုတဲ့အခါ ဒါကို ကိုင်တွယ်လိုက်တဲ့သဘောပါ ”

တောင်ယာလုပ်ငန်းခွင်အစမှာ အရှုံးပေါ်ပြီး မြေပါပေါင်ရတဲ့အထိ ဖြစ်ခဲ့တာကိုလည်း သူက အခုလို ရှင်းပြပါတယ်။

“ ပထမ တစ်နှစ် နှစ်နှစ် သုံးနှစ်လောက်အထိတော့ လုပ်ငန်းမကျွမ်းကျင်လို့ ပြိီးတော့ ဒီမှာက သူ့ကိုယ်မကူနိုင် ကိုယ့်သူမကူနိုင်နဲ့ပေါ့နော်၊ ကိုယ်ကလည်း လုပ်ငန်းပိုင်းမှာ မကျွမ်းကျင်တာတွေလည်း ရှိတာပေါ့။ သုံးနှစ်ရှုံးတယ်။ ရှုံးတယ်ဆိုတာက စျေးကွက်စီးပွားရေးမကောင်းတာက တမျိုး၊ ကိုယ်ကလည်း ဒီလုပ်ငန်းခွင်တွေနဲ့ မပိုင်နိုင်တာတမျိုးနဲ့ ရာသီဥတုကလည်းပြောင်းတယ်၊ ကိုယ်စိုက်ရမယ့်သီးနှံနဲ့ ရာသီဥတုနဲ့ သဟဇာတမဖြစ်တဲ့အခါကြတော့ အရှုံးပေါ်တာပေါ့။ ကိုယ့်မှာစုဆောင်းပြီးသားတွေပါ ကုန်တယ်။ ကုန်ရုံတင်မကဘူး မြေတွေဘာတွေ ပေါင်ရတဲ့အထိ ဖြစ်သွားသေးတယ်။ ”

“ ကျမက ဧက ၂၀ လုပ်နေတာပေါ့နော်။ ဒီအထဲက ၆ ဧကကတော့ အရမ်းဝေးလို့ သီးစားချထားလိုက်တာပေါ့၊ လုပ်တာကတော့ ဒီနှစ်ကတော့ စပါးလုပ်တယ်၊ မြေပဲ မတ်ပဲ ကုလားပဲ၊ နောက် နေကြာပေါ့ အစုံလုပ်တယ်။ စိန်ခေါ်မှုကတော့ အရမ်းကြီးမရှိပါဘူး။ နောက်တစ်ခုက ကိုယ်ကပညာတတ်တစ်ယောက်ဖြစ်နေတော့ကာ ဗဟုသုတ ရှိထားတော့ စိန်ခေါ်မှုသိတ်မရှိဘူး။ နောက်တစ်ခုက အခုက ထက်မြက်တဲ့အမျိုးသမီးတွေကို အမျိုးသမီးတွေကို နေရာပေးရမယ်ဆိုတဲ့ဟာကလည်း တစ်ခုအပါအဝင်ပေါ့နော် ဒါကြောင့်မို့ စိန််ခေါ်မှုကြီးကြီးမားမားတော့ မရှိပါဘူး”

မချိုချိုသင်းက သူ့ရဲ့ မိသားစုအခြေအနေကိုလည်း ရှင်းပြပါသေးတယ်။

“ အခု အမေဆုံးပြီးတော့ ညီအစ်မနှစ်ယောက် အတူတူနေတာပေါ့နော်၊ အမအကြီးက ခရီးခဏခဏထွက်၊ ကျန်တဲ့မိသားစု ခြောက်ယောက်ရှိတယ် သူတို့က တရွာထဲမှာပဲနေကြတယ်ဆိုတော့ ကျမကိုလာပြီးစောင့်ရှောက်ကြပါတယ်။ ”

အဲဒီနောက် သူ့ရဲ့ပညာရေးအခြေအနေတချို့နဲ့ ပညာရေးအပေါ်အမြင်ကိုလည်း ရှင်းပြပါသေးတယ်။

“ ကျမက MSc တက်တာပေါ့နော်၊၂၀၀၀ မှာ ဘွဲရတာ၊ ဘွဲ့မရခင် ရန်ကုန် အာရှဓနဘဏ်မှာ အိုင်တီဌာနမှာ အလုပ်ဝင်လုပ်တာပေါ့၊ ၂၀၀၆ ကြတော့ ကျမ အလုပ်က ထွက်လိုက်တာပေါ့၊ ပညာသင်ခဲ့လို့ ရတဲ့အသိက ဘယ်နေရာဖြစ်ဖြစ် လုပ်လို့ရတယ်၊ ဥပမာ IT လုပ်ငန်းမှာတုန်းက ဒီ ပရိုဂရမ်တစ်ခုရေးတော့မယ်ဆိုရင် သူက cost တွက်ရတယ်၊ Time တွက်ရတယ်၊ ဘယ်အချိန်ပြီးမှာလဲ၊ ဘယ်လောက်ကြာမှာလဲ၊ အကျိုးအမြတ် ဘယ်လောက်ရမှာလဲ။ အကုန်တွက်ခဲ့ရတာကိုး၊ အဲဒီဟာတွေက အခု ကျမလုပ်နေတဲ့တောင်သူလုပ်ငန်းခွင်မှာ အသုံးချလို့ရတယ်။ အဲဒီတော့ ကိုယ်ပညာသင်ခဲ့ရတဲ့အသိတွေဟာ တစ်နေရာနဲ့တစ်နေရာ ပြောင်းလဲပေမယ့်အလကားမဖြစ်ဘူး ချိတ်ဆက်မိတာပေါ့။ အဓိကကတော့ ဒီလူမှုရေးလုပ်ငနး်လုပ်ရင်းနဲ့ ကိုယ့်ရဲ့ မိရိုးဖလာ အစဉ်အလာ တောင်သူလုပ်ငန်းလုပ်ဖို့အတွက် စီမံခန့်ခွဲမှုကောင်းကောင်းနဲ့ လုပ်နိုင်တယ် လုပ်လည်းလုပ်နေတယ်ပေါ့၊  ”

Mizzima Weekly