ဗီယက်နမ်ဖိတ်ခေါ် ပြိုင်ပွဲသို့ ရှုံးထွက် ချန်ပီယံအသင်း ကိုစေလွှတ်ရန် စီစဉ်

ဗီယက်နမ်ဖိတ်ခေါ် ပြိုင်ပွဲသို့ ရှုံးထွက် ချန်ပီယံအသင်း ကိုစေလွှတ်ရန် စီစဉ်
၂၀၁၄ BTV Cup ပြိုင်ပွဲတွင် ဧရာဝတီအသင်းနှင့် ဘရာဇီးကလပ် ကာပီဆာဘာအသင်းတို့ ယှဉ်ပြိုင်နေစဉ်။ ဓာတ်ပုံ- ဧရာဝတီယူနိုက်တက်

ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲ(BTV Cup) ပြိုင်ပွဲသို့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရံှုးထွက်ချန်ပီယံ အသင်းကိုစေလွှတ် ယှဉ်ပြိုင် ရန်မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က လျာထားသည်။

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်နှင့် ဘင်ဒေါင်းတီဗီတို့ ပူးပေါင်းကျင်းပသည့် နိုင်ငံတကာ ကလပ်အသင်း ဖိတ်ခေါ်ပြိုင်ပွဲဖြစ်သော BTV Cup ပြိုင်ပွဲသို့ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း တစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ရန် ဗီယက်နမ်အဖွဲ့ချုပ်က ဖိတ်ကြား ထားခြင်းဖြစ်သည်။

“ရံှုးထွက် ချန်ပီယံအသင်းကို ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ လွှတ်ဖို့ စီစဉ်ထားပါတယ်။ လောလောဆယ်တော့ မသေချာသေးပါဘူး။ အသင်းတွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်မှာပါ။ အမှတ်ပေး ချန်ပီယံအသင်းက တိုယိုတာ ဖလားပြိုင်ပွဲ ဝင်ပြိုင်မှာဆိုတော့ ရံှုးထွက်အသင်းကိုပဲ စေလွှတ်ဖို့ လျာထားတာပါ” ဟု မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ညွှန်ကြားရေးမှူး(စီမံ) ဦးစိုးမိုးကျော်ကပြော သည်။

BTV Cup ပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ၊ ဘန်ဒေါင်းမြို့တွင် နိုဝင်ဘာ ၆ ရက်မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ၂၀၁၅ ဗီလိဂ်ပြိုင်ပွဲမှ ထိပ်ဆုံး လေးသင်းနှင့် ပြည်ပကလပ်အသင်း လေးသင်း စုစုပေါင်း ရှစ်သင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြိုင်ပွဲဝင်အသင်းများကို ဗီယက်နမ်ဘောလုံး အဖွဲ့ချုပ်က စားသောက်နေထိုင် သွားလာစရိတ် အားလုံး ကျခံပေးမည်ဖြစ်ပြီး အသွားလေယာဉ်လက်မှတ်ခလည်း အကုန်အကျခံ စီစဉ်ပေးမည်ဖြစ် သည်။ ၂၀၁၄ BTV Cup ပြိုင်ပွဲတွင် မြန်မာနေရှင်နယ်လိဂ် ရံှုးထွက်ချန်ပီယံ ဧရာဝတီယူနိုက်တက် အသင်း သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ဗီယက်နမ်ကလပ် သန်ကွမ်အသင်းကို ၃- ၀ ဂိုး၊ ဘရာဇီးကလပ် ကာပီဆာဘာအသင်းကို ၃-၁ ဂိုး တို့ဖြင့် ရံှုးခဲ့ပြီး ဗီယက်နမ်ကလပ် ဒါနန်းအသင်းနှင့် နှစ်ဂိုးစီ သရေကျကာ အုပ်စုအဆင့်မှပင် ထွက်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly