မကွေးတိုင်းသတင်းစာဆရာအသင်းပိုင်၊ MGY ဂျာနယ် အယ်ဒီတာအဖွဲ့ တရားစွဲခံရ

မကွေးတိုင်းသတင်းစာဆရာအသင်းပိုင်၊ MGY ဂျာနယ် အယ်ဒီတာအဖွဲ့ တရားစွဲခံရ

မကွေး၊ နိုဝင်ဘာ ၁၆ ။           ။ မကွေးမြို့အခြေစိုက် MGY ဂျာနယ်၊ အယ်ဒီတာချုပ်နှင့် အယ်ဒီတာ(၃)ဦး စုစုပေါင်း(၄) ဦးကို အသရေဖျက်မှု ပုဒ်မ ၅၀၀နှင့် လားရှိုးမြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရကြောင်း သိရသည်။

MGY ဂျာနယ်တွင် အပတ်စဉ်ဖော်ပြသည့် ပြည်သူ့ဟစ်တိုင်ကဏ္ဍတွင် နိုင်ငံတော်သမ္မတထံ တိုင်ကြားစာဖြင့် ဖော်ပြခဲ့သော ပေးစာတစ်စောင် နှင့်ပတ်သက်၍ အတိုင်တန်းခံရသူက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းပေးစာသည် ဂျာနယ်၏ ပြည်သူ့ဟစ်တိုင် ကဏ္ဍသဘောအရ ပေးပို့သူ၏ အာဘော်အတိုင်း ပြင်ဆင်၊ တည်းဖြတ်ခြင်းမရှိဘဲ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း MGYဂျာနယ် အယ်ဒီတာချုပ် ဦးနေခြည်က ပြောသည်။

"ဆင့်ခေါ်စာရောက်တယ်ဆိုတာကလွဲပြီး ကျနော်တို့ဘာမှကို လက်ရှိအခြေအနေကို မသိဘူး၊ ကျနော်တို့အနေနဲ့ ဒါကို ပုံမှန်ဂျာနယ်ကြီးတွေမှာဖော်ပြနေတဲ့   ပြည်သူအသံကဏ္ဍ ဟစ်တိုင်ကဏ္ဍမှာ သက်ဆိုင်ရာနစ်နာသူက တင်ပြတိုင်တန်းထားတဲ့စာကို ကျနော်တို့က မူရင်းအတိုင်းဖော်ပြပေးတာ အယ်ဒီတာအဖွဲ့က ပြင်ဆင်ခြင်းမရှိဘူး တည်းဖြတ်ခြင်းမရှိဘူး ၊ ပေးပို့သူရဲ့အာဘော်အတိုင်း   ဖော်ပြပေးတာ၊ အဲ့အပေါ်မှာသူတို့က ပုဒ်မ ၅၀၀ နဲ့ တရားစွဲတယ်လို့ပဲ သိရတယ်" ဟု ပြောသည်။

အောက်တိုဘာလ (၂၆)ရက်နေ့ထုတ်၊ အတွဲ(၁) အမှတ်(၉) MGY ဂျာနယ်တွင် တပ်မတော် မိသားစုနေထိုင်ပိုင်ဆိုင်သည့် ခြံဝင်းအား တရုတ်လူမျိုးဧည့်နိုင်ငံသားက မတရားသိမ်းယူ ဖယ်ရှားခိုင်းခြင်းအား တိုင်တန်းခြင်းခေါင်းစဉ်ဖြင့် နိုင်ငံတော်သမ္မတထံလိပ်မူတိုင်ကြားစာအတွက် တိုင်တန်းခံရသူ ဦးညွန့်မောင်က MGY ဂျာနယ် အယ်ဒီတာအဖွဲ့(၄)ဦးအပြင် တိုင်ကြားစာပေးပို့ သူ (၂)ဦးကိုပါ လာရှိုးမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ တရားစွဲဆိုခံရသူ (၆)ဦးသည် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် လားရှိုးမြို့နယ်တရားရုံး၌ တရားရင်ဆိုင်ရမည် ဖြစ်သည်။

MGY ဂျာနယ်သည် မကွေးတိုင်းဒေသကြီး သတင်းစာဆရာအသင်းပိုင်ဂျာနယ် တစ်စောင် ဖြစ်ကာ နှစ်ပတ်တစ်ကြိမ် ထုတ်ဝေပြီး ဂျာနယ် အယ်ဒီတာချုပ် ဦးနေခြည်သည် တိုင်းသတင်းစာ ဆရာအသင်း ဥက္ကဋ္ဌဖြစ်ကြောင်း သိရသည်။

MGY ဂျာနယ် တရားစွဲဆိုခံရမှုနှင့် ပတ်သက်၍ သတင်းမီဒီယာကောင်စီအပါအဝင် မြန်မာနိုင်ငံသတင်းစာဆရာအသင်းနှင့် မြန်မာဂျာနယ်လစ်ကွန်ရက်တို့အား အသိပေး အကူအညီရယူရန် စာပေးပို့ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly