ကလေးသူငယ်များ၏ အသံကိုနားထောင်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များအား တိုက်တွန်း

ကလေးသူငယ်များ၏ အသံကိုနားထောင်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များအား တိုက်တွန်း

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ။         ။ ကလေးသူငယ်အခွင့်အရေးကို လေးစားတန်ဖိုးထားသော အစိုးရတစ်ရပ်အနေဖြင့် ကလေးများနှင့် ကိုယ်တိုင်တွေ့ဆုံပြီး ၎င်းတို့၏အသံကို ကိုယ်တိုင်နားထောင်နိုင်ရန် Equality Myanmar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက လွှတ်တော်ကိုယ်စားလှယ်များအား တိုက်တွန်းလိုက်သည်။                                                                                                            

နိုဝင်ဘာ ၁၅ရက်က Novotel ဟိုတယ်တွင် ကျင်းပသည့် အမျိုးသားအဆင့် ကလေးသူငယ်များ တွေ့ဆုံပွဲဆိုင်ရာ အကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း   ဖြစ်သည်။                                                                                                 

ဦးအာင်မျိုးမင်းက “ဒီမိုကရေစီ လမ်းကြောင်းကို ချီတက်ပြီး ပြည်သူ့အားလုံးရဲ့အခွင့်အရေးကိုရရှိဖို့ အတွက် ဆောင်ရွက်နေပါတယ်ဆိုတဲ့ အစိုးရတစ်ရပ်အနေနနဲ့ ကလေးတွေနဲ့ ကိုယ်တိုင်တွေ့ဆုံပြီး သူတို့ရဲ့အသံကို ကိုယ်တိုင်နားထောင်နိုင်ဖို့ နောက်လိုအပ်ချက်တွေကို လုပ်ဆောင်နိုင်ဖို့လိုအပ်ပါတယ်” ဟု ပြောကြားလိုက်သည်။

အမျိုးသားအဆင့်ကလေးသူငယ်များတွေ့ဆုံပွဲကို နိုဝင်ဘာ ၁၈ရက်မှ ၂၀ရက်ထိ နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ပြီး ယင်းတွေ့ဆုံပွဲကို NCRWGက ကြီးမှူးကျင်းပမည်ဖြစ်သည်။ အဆိုပါ ညီလာခံသို့ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်၁၄ခုတို့မှ ကလေးကိုယ်စားလှယ်ပေါင်း ၁၃၀တက်ရောက်မည်ဟု သတင်းစာရှင်းလင်းပွဲမှ သိရသည်။

တွေ့ဆုံပွဲ၏ပထမ ၂ရက်တာအတွင်းတွင် ကလေးများသည် ၎င်းတို့နေထိုင်ရာ လူမှုအသိုင်းအဝိုင်းအတွင်း ကလေးသူငယ်များကြံုတွေ့နေရသော အခြေအနေများနှင့် အခက်အခဲများကိုဆွေးနွေးကြမည်ဖြစ်သည်။   နိုဝင်ဘာ၂၀ရက်တွင် နှစ်ရက်တာအတွင်းဆွေးနွေးခဲ့ကြသော အကြောင်းအရာများကိုအခြေခံ၍ ကလေးသူငယ်များ၏အသံများကို လွတ်တော်အတွင်းသို့ ရောက်ရှိနိုင်ရေးအတွက် တွေ့ဆုံပွဲတက်ရောက်လာမည့် လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် တင်ပြသွားမည်ဟု ဆိုသည်။

ဦးအောင်မျိုးမင်းက “ကလေးသူငယ်ဆိုင်ရာ စာချုပ်အရဆိုရင် ပါဝင်ခွင့်ဆိုတဲ့အခွင့်အရေးမှာ ကလေးတွေနဲ့ သက်ဆိုင်တဲ့အကြောင်းအရာမှာ ကလေးတွေရဲ့ တင်ပြချက်ပါဝင်လာပြီးတော့ ကလေးတွေရဲ့အကောင်းဆုံး အကျိုးအတွက် ထည့်သွင်းစဉ်းစား ရမယ်လို့ပါဝင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ကလေးတွေကို အလေးထားပြီးတွေ့ဆုံမှုတွေ တိုင်ပင်မှုတွေ နားထောင်မှုမရှိခဲ့ပါဘူး။ ဒါကိုဖြည့်ဆည်းနိုင်ဖို့ နိုဝင်ဘာ ၂၀မှာကျင်းပသွားမှာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်ကကိုယ်စားလှယ်တွေ၊ အစိုးရတာဝန်ရှိသူတွေကို ဖိတ်ခေါ်ချင်ပါတယ်” ဟုဆိုသည်။    

ကလေးသူငယ်တွေ့ဆုံပွဲကို ကယားပြည်နယ် ကိုယ်စားပြုအနေဖြင့် တက်ရောက်မည့် ကလေးကိုယ်စားလှယ် မမျိုးပပသိန်းက “တွေ့ဆုံပွဲကို ဖိတ်ကြားထားတဲ့ လွှတ်တော်အမတ်တွေ၊ ဝန်ကြီးတွေ၊ NGOအဖွဲ့အစည်းတွေ၊ INGOအဖွဲ့အစည်းတွေအနေနဲ့တက်ရောက်ပေးကြဖို့တောင်းဆိုချင်ပါတယ်၊ သမီတို့ကလေးတွေရဲ့အသံကို ဂရုတစိုက်အလေးထားနားထောင်ပေးပြီးတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကလေးတွေရဲ့လိုအပ်ချက်တွေကို ဖြေရှင်းပေးဖို့မျှော်မှန်းထားပါတယ်” ဟု ပြောသည်။

NGOs Child Right Working Group (NCRWG) သည် နိုင်ငံတကာလူမှုရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ စုစုပေါင်း ၁၉ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ကလေးသူငယ်များ၏ အခွင့်အရေးများ အပြည့်အဝရရှိလာစေရန် ရည်ရွယ်ပြီး လုပ်ငန်းများဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly