လုံခြုံရေးအခြေနေရ ရခိုင်ကော်မရှင် မောင်တောသို့ သွားရောက်မည် မဟုတ်

လုံခြုံရေးအခြေနေရ ရခိုင်ကော်မရှင် မောင်တောသို့ သွားရောက်မည် မဟုတ်
ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင်အဖွဲ့သည် ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီ ၄၅ မိနစ်ကို စစ်တွေမြို့သို့ ရောက်ရှိလာပုံ။ ဓာတ်ပုံ-Mhwe Chay

စစ်တွေ၊ နိုဝင်ဘာ ၁၅ ။              ။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့သည် ဒေသလုံခြုံရေးအခြေအနေကြောင့် မောင်တောကို သွားရောက်တော့မည်မဟုတ်ဘဲ ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခကြောင့် တိမ်းရှောင်နေကြရသည့် ဒုက္ခသည်စခန်းများသို့သာ သွားရောက်လည်ပတ်မည်ဖြစ်ပြီး ခရီးစဉ်ကို ၂ ရက်တာထိသာ လျော့ချလိုက်သည်။

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်မှ မြန်မာအဖွဲ့ဝင် (၆) ဦးနှင့် ကော်မရှင် ဥက္ကဋ္ဌရုံးမှ ညွှန်ကြားရေးမှူး (၃) ဦးအ ပါအဝင် စုစုပေါင်း (၉) ဦး ဖြင့် နိုဝင် ဘာ ၁၅ ရက်နေ့မှ နိုဝင်ဘာ ၁၇ ရက်နေ့ထိ စစ်တွေမြို့နှင့် မောင်တော မြို့  နယ်သို့ (၃) ရက်ကြာ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ယနေ့ နေ့လည် ၂ နာရီခန့်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကော်မရှင်နှင့် တွေ့ဆုံစဉ်တွင် “ဒေသခံများအနေနှင့် အကြမ်း  ဖက်မှုများအတွင်း ခြိမ်းခြောက်ခံနေရကြောင်း” တင်ပြခဲ့သည်ဟုလည်း ကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်က ပြော သည်။

 “ ကျမတို့ကို ဆွေးနွေးတာကာ နိုင်ငံတကာက ထင်နေကြတဲ့ ဘင်္ဂလီတွေဟာ သူတို့ အိမ်သူတို့ မီးရှို့တယ်ဆိုတာ လက် မခံနိုင်ဘူးပေါ့၊ ဒီကိစ္စကို ရှင်းပြကြတယ်။ အထူးသဖြင့် ဒေသမှာနေတဲ့ ရခိုင်တိုင်းရင်းသားတွေ လက်နက်နဲ့ တိုက်ခိုက် ခံ ရခြင်း ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ အာငြင်းပွားမှုတွေရှိတယ်။ သတင်းစာတွေမှာလည်း သူတို့က အာဏာပိုင်တွေကိုပဲ တိုက်ခိုက်တယ်။ ရွာသားတွေကို တိုက်ခိုက်တာ မဟုတ်ဘူးဆိုပြိး အထူးပြုကြတယ်။ သို့သော်လည်း အစိုးရဘက်ကတင် ပြတာကတော့ များစွာသော ဘင်္ဂလီ ရွာသားတွေဟာ သေနပ်ဖောက်သံတွေနဲ့ ပြိုင်တူ အော်နေကြတယ်။ ညာသံ ပေးကြ တယ်ပေါ့။ ဒါကြောင့် ရခိုင်ရွာတွေ ကြောက်လန့်နေကြတယ်။ ဒါဟာ လက်နက်နဲ့ တိုက်ခိုက်တာ မဟုတ်ပေမယ့် စိတ်ပိုင်း ဆိုင်ရာ ခြိမ်းခြောက်မှုလို့ ပြည်နယ်အစိုးရအဖွဲ့က တင်ပြပါတယ်။” ဟု ဒေါ်စောခင်တင့်က ပြောသည်။

ကော်မရှင်ဘက်မှ မေးမြန်းရာတွင် “အကြမ်းဖက်အဖွဲ့များသည် ပြည်သူတို့ကို ပစ်မှတ်ထားသည်ဆိုလျှင် မည်သည့် သက်သေပြချက်ရှိသလဲ” ဟု မေးမြန်းခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းအောင်က ပြော သည်။

“ အဲဒီလိုမေးရာမှာ ကျွန်တော်တို့ ပြောပြတာက ပြည်သူကို တိုက်ရိုက်အနေနဲ့ မတွေ့ရပေမယ့် မြင်းလွှတ်ကျေးရွာမှာ ဆို လို့ရှိရင် ဆရာမနေတဲ့ အဆောင်တွေကို မီးရှို့တာတို့၊ ဒါဆိုရင် ဆရာမတွေကို မနေစေချင်တဲ့ သဘောသက်ရောက်တာပေါ့နော်၊ အဲလိုပဲ တချို့ရွာတွေမှာ ကလေးတွေ ပျောက်တာရှိတယ်။ ပြန်မရောက်လာဘူး။ အဲလိုပဲ နစ်ဦးသုံးဦးရှိ တယ်။ ပျောက်နေတဲ့ အနေထားမှာလည်း ဒီဒေသက လူတွေလည်း စိုးရိမ်ကြတာပေါ့”ဟု ဦးမင်းအောင်က ပြောသည်။

ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်နယ်စပ်များတွင် အောက်တိုဘာလ ၉ ရက်နေ့မှ စတင်ကာ နယ်ခြားစောင့်ရဲတပ်ဌာနချူပ် စခန်း များ စီးနင်းတိုက်ခိုက် ခံခဲ့ရပြီး ယနေ့ချိန်ထိ တပ်မတော်မှ နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်နေရကာ ထိတွေ့တိုက် ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး ဒေသလုံခြုံရေးမှာ ယခုချိန်ထိ စိုးရိမ်နေရခြင်း ဖြစ်သည်။

အောက်တိုဘာလ ၉ ရက်နေ့မှ နိုဝင်ဘာလ ၁၄ ရက်နေ့ထိ ဖြစ်ပွားခဲ့သော နယ်စပ် တိုက်ပွဲများအတွင်း တပ်မတော်မှ အရာရှိ၊ စစ်သည် ရ ဦး ကျဆုံးကာ ၅ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ရဲတပ်ဖွဲ့မှ ၁၀ ဦး ကျဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့သလို၊ စီးနင်း တိုက်ခိုက်သူများ ဘက်မှ ၆၉ ဦးကို အသေဖမ်းမိပြီး ၂၃၄ ဦးကို အရှင် ဖမ်းဆီး ရမိခဲ့ကြောင်းနှင့် ဖမ်းဆီးရမိသူများအနက် ၂၉ ဦးကို ဥပေဒနှင့် အညီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၂၃ ဦးကို အပြစ်မရှိကြောင်း တွေ့ရှိ၍ လွှတ်ပေးခဲ့ကြောင်း တပ်မတော်မှ နိုဝင်ဘာ ၁၄ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly