အောင်မြင်မှုများအတွက် အောင်သပြေ ဘယ်လိုစိုက်ကြမလဲ

15 November 2016
အောင်မြင်မှုများအတွက် အောင်သပြေ ဘယ်လိုစိုက်ကြမလဲ

သပြေပန်းကို မြန်မာနိုင်ငံမှာ ဘာသာရေး လူမှုရေး စတဲ့ အလှူမင်္ဂလာကိစ္စတွေမှာ မပါမဖြစ် အသုံးပြုလေ့ရှိပါတယ်။ ဒါ့အပြင် အောင်အတိတ် အောင်နိမိတ်အဖြစ်လည်း သပြေပန်းကို တန်ဖိုးထားအလေးအနက်ပြုပြီး အသုံးပြုကြတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ သပြေပန်းဟာလည်း ပန်းစျေးကွက်မှာ နေရာတစ်နေရာ ရှိလာပါတယ်။

အရင်တုန်းကတော့ သပြေပန်းကို သဘာဝအလျောက် ပေါက်ရောက်နေတဲ့အပင်တွေက ခူးယူခဲ့ကြပေမယ့် အခုအခါမှာတော့ စံနစ်တကျ စိုက်ပျိုးထုတ်လုပ်လာကြပါတယ်။ အခုနောက်ပိုင်းမှာတော့ အာဆီယံသပြေလို့ခေါ်တဲ့ သပြေပန်းတမျိုးက စျေးကွက်ထဲမှာ နေရာဝင်ယူလာတာကို တွေ့ရပါတယ်။

သပြေပန်းပင်တွေကို တစ်ပေထက်မြင့်တဲ့ ပေါင်တွေပြုလုပ်ပြီး တစ်ပင်နဲ့တစ်ပင် သုံးပေခန့်ခွာပြီး စိုက်ပျိုးရပါမယ်။ သပြေပန်းက ကိုင်းကူး ပျိုးထုတ်တွေကို စိုက်ပျိုးခြင်းဖြစ်ပြီးတော့ အပင်ငယ်စဉ်အချိန်မှာ ရေကိုမှန်မှန်လောင်းပေးပြီး တစ်လကိုတစ်ကြိမ်ခန့် မြေသြစာကျွေးပေးရမှာပါ။ မိုးရာသီမှာ စိုက်ပျိုးမယ်ဆိုရင်တော့ ပိုမိုဖြစ်ထွန်းနိုင်ပါတယ်။

ရွှေသပြေပင်စိုက်ပျိုးသူ ကိုညွန့်ဝင်းက အခုလို ရှင်းပြပါတယ်။

“ဒီရွှေသပြေက ကျနော်တို့ စစိုက်မယ်ဆိုရင် ကျနော်တို့ ဒီဘက်မှာ မာကလာတွေလိုတော့ ကိုယ့်ဟာကို ကိုင်းစည်းပြီး စိုက်လို့မရဘူး၊ သူက ပင်ခံနဲ့ စိုက်ရတာဖြစ်တဲ့အတွက်ကြောင့် ပြင်ဦးလွင်ဘက်မှာ မှာရတာပေါ့။ မန္တလေးဘက်ကိုလည်း မှာတယ်။ အဲဒီက ပျိုးထုတ်ကိုယူပြီးမှ စိုက်ရတယ်။ ဒီမှာက အပင်ခံနဲ့ကူးရတာဆိုတော့ သိတ်အဆင်မပြေဘူး။ ပျိုးထုတ်ကို ဒီရောက်တာနဲ့ ပျိုးထုတ်မနာအောင် ငါးရက်တန်သည် တစ်ပါတ်တန်သည် ထားရတယ်။ ပေါင်ဘာညာကိုင်တယ်။ ပေါင်ကို သုံးတောင်ထွာ၊ စိုက်တော့ တစ်ပင်နဲ့တစ်ပင် နှစ်တောင်ကွာလောက် စိုက်တယ်။ စိုက်ပြီးတဲ့အချိန် ရေပဲလောင်းရတာ ရှိတယ်။ ရက် နှစ်ဆယ် အစိတ်လောက်ရှိမှ အစာနည်းနည်းထည့်တယ်၊ နှစ်ပင်အကွာခြားမှာ အစာနုရယ် အစာကြမ်းရယ်ထည့်ရတယ်။ တစ်နှစ်လောက်ရှိရင် စပြီးညှပ်ရပါတယ်။ ဒီ ဘုရားအိုးထိုးရုံလောက်ဆိုရင်တော့ ခြောက်လ ရှစ်လလောက်ဆိုရင် ညှပ်လို့ရပါတယ်။ ဒီကြားထဲ ငါးရက်ခြား တစ်ပါတ်ခြားဆေးဖြန်းပေးရတယ်၊ ဒီရွှေသပြေက အာဆီယံသပြေနဲ့စာရင် သူက ဆေးကို ပိုပြီးတော့ ကြိုက်တယ်။ ငါးရက်ခြား တပါတ်ခြား ဆေးမဖြန်းရင် သူက ရွက်လိပ်ပိုးဝင်တယ်။ အရွက်သေးသေးလေးတွေကို ပိုးက ကိုက်စားပစ်လိုက်တော့ ရောင်းတန်းမဝင်တော့ဘူး။ အညွန့် မလှတော့ဘူးပေါ့။ ဒါကြောင့်မို့ မှိုဆေးရယ်၊ ပိုးဆေးပေါ့။ ဖါးဆေးလို့လည်းခေါ်တာပေါ့။ ကျနော်တို့ ခြံတော်တော်များများအသုံးကတော့ ဖါးဆေး၊ အရွက်ပြန့်ဆေး။ သုံးမျိုးရောစပ်ပြီး ဖြန်းပေးရတယ်။ တစ်လတစ်ခါလောက်တော့ ဘောထိုးရိုက်ပေးရတာပေါ့။ ထုံးနဲ့ ဒုထ္ထာနဲ့ အပင်အောက်ခြေမှာ ပင်စည်ကို မှိုမကပ်အောင်ပေါ့၊ အဲသလိုမလုပ်ပေးရင် ကိုင်းခြောက်လာမယ်။ စျေးကတော့ လယ်သမားပန်းရောင်းသမားဖောက်သယ်တွေက လာပြီးဖောက်သယ် ယူကြတယ်လေ၊ ဖြတ်ရက်အရပေါ့။ ငါးရက်ခြားတပါတ်ခြား ဖြတ်တာပေါ့။

ရွှေသပြေက ပြုစုတဲ့အပေါ်မှာလည်းမူတည်တယ်၊ တချို့အခင်းတွေကြ ဆေးပါတ်မမှန်တာတို့ ဆယ့်ငါးရက်ခြားလောက်မှ ဆေးဖြန်းတာမျိုး တချို့ကြတော့ ဆေးသုံးနည်းလည်း လိုတာပေါ့။ မှိုဆေးတို့ဘာတို့ အသုံးနည်းတဲ့အခင်းဆိုလို့ရှိရင် မြန်မြန်ပျက်စီးလွယ်တယ်၊ နှစ်နှစ်သုံးနှစ်ပဲ ခံတယ်။  ပြုစုကောင်းတဲ့အခင်းဆိုရင်တော့ ခုနှစ်နှစ် ရှစ်နှစ်အထိ ခံတယ်။ ”

Mizzima Weekly