အစိုုးရသစ်လက်ထက် မီဒီယာလွတ်လပ်ခွင့် အခြေအနေ တိုးတက်လာပြီလား (အပိုင်း ၁)

အစိုုးရသစ်လက်ထက် မီဒီယာလွတ်လပ်ခွင့် အခြေအနေ တိုးတက်လာပြီလား (အပိုင်း ၁)

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။

 

ကျွန်တော်နဲ့အတူ ဆွေးနွေးမယ့် ဆရာတွေကတော့ 7 Day နေ့စဉ် သတင်းစာက အယ်ဒီတာ မအေးသူစံပါ။ ဒီဘက်က Chin World Media ရဲ့ တည်ထောင်သူ ကိုဆလိုင်းမာန်ပါ။ ဒီဘက်ကတော့ မြန်မာသတင်းသိပ္ပံ မြန်မာဂျာနယ်လစ် အင်စတီကျူ့ရဲ့ အမှုဆောင်ဒါရိုက်တာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက အတွင်းရေးမှူး ဆရာ ဦးသီဟစော ဖြစ်ပါတယ်။

 

ဒီကနေ့ ကျွန်တော်တို့ ဆွေးနွေးမယ့် အကြောင်းအရာကတော့ မြန်မာနိုင်ငံမှာ သတင်းအချက်အလက် ရယူရေးနဲ့ ပတ်သက်ပြီးတော့ ဘာတွေက စိန်ခေါ်မှုတွေရှိသလဲ။ အရင်အစိုးရလက်ထက်နဲ့ အခု အစိုးရသစ်လက်ထက်မှာ ဘာတွေများ တိုးတက် အပြောင်းအလဲများ ရှိတယ်ဆိုတာကို ဆွေးနွေးမှာဖြစ်ပါတယ်။

အရင်ခေတ်ကတော့ ကျွန်တော်တို့ အားလုံးသိခဲ့တဲ့အတိုင်းပဲ သတင်းမီဒီယာမှာ Censor ဆိုတာ ရှိခဲ့တယ်။ ၂၀၁၂ ခုနှစ် သြဂုတ်လကစပြီးတော့ ဆင်ဆာ ရုပ်သိမ်းလိုက်တယ်ပေါ့လေ။ အဲဒီနောက်ပိုင်းမှာ တချို့သတင်းတွေကို ကျွန်တော်တို့ ရယူရတဲ့အခါမှာ ကျွန်တော်တို့ ပိုပြီးတော့ အဆင်ပြေ ချောမွေ့လာတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း အတားအဆီးတွေက ရှိနေဆဲပဲ။ အခုလိုမျိုး ပြည်သူများ ရွေးကောက် တင်မြှောက်လိုက်တဲ့ အစိုးရသစ်လက်ထက်မှာ ပြောင်းလဲလာတဲ့ စနစ်ကရော ကျွန်တော်တို့ ဒီ သတင်းအချက်အလက် ရယူရေးမှာ ဘာတွေကများ အတားအဆီးတွေ ဖြစ်နေသေးသလဲ။ ဘာတွေကများ အရင်နဲ့ မတူတော့ဘူးဆိုတာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

မဇ္ဈိမ

အရင်ဆုံး 7 Day သတင်းစာက မအေးသူစံကို စပြီးတော့ မေးချင်တာက ကျွန်တော်တို့ဆီမှာ အမျိုးသမီးကလည်း တစ်ယောက်ပဲပါတော့ အမျိုးသမီးကို ဦးစားပေးအနေနဲ့ပေါနော် ဆိုတော့ မအေးသူစံအနေနဲ့ 7 Day Media ပေါ့နော် ပြည်တွင်းမှာရှိတဲ့ အကြီးဆုံး မီဒီယာတစ်ခုဖြစ်တဲ့ သတင်းစာမှာ အယ်ဒီတာလည်း လုပ်တဲ့အခါကျတော့ အရင်အစိုးရလက်ထက်နဲ့ အခု ပြောင်းလဲလာတဲ့ အစိုးရသစ် လက်ထက်မှာ သတင်းအချက်အလက် ရယူတဲ့နေရာမှာပေါ့နော် အထူးသဖြင့်တော့ အစိုးရပိုင်းနဲ့ ဆိုင်တဲ့အခါကျတော့ အစိုးရပိုင်းက သတင်းအချက်အလက် ရယူတဲ့နေရာမှာ ဘာတွေကများ အရင်နဲ့မတူ ပြောင်းလဲတဲ့ အချက်တွေ ရှိတယ်ဆိုတာကို စပြီးတော့ ဆွေးနွေးပေးပါလား ခင်ဗျာ။

ဒေါ်အေးသူစံ

7 Day နေ့စဉ်သတင်းစာ

ခုနက ကိုဇေယျာလှိုင် မေးသွားတဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ တိုတိုနဲ့ လိုရင်း ထိအောင် ဖြေရမယ်ဆိုရင် အရင်အစိုးရလက်ထက်က သတင်းယူရတဲ့ အနေအထားနဲ့ အခု ပြည်သူက ရွေးကောက်တင်မြောက်လိုက်တဲ့ အစိုးရလက်ထက်မှာ သတင်းမီဒီယာတွေ အလုပ်လုပ်ရတဲ့ အနေအထားက ဘာမှ သိပ်ပြီးတော့ ကွာခြားမှု မရှိသေးဘူးလို့တော့ ကျွန်မ မြင်ပါတယ်။ အထူးသဖြင့် သတင်းတွေ ရေးသားဖော်ပြတဲ့နေရာမှာ အစိုးရ ဌာနဆိုင်ရာတွေဆီကနေပြီးတော့ အချက်အလက်တွေ ဒေတာတွေ ကိန်းဂဏန်းတွေ ရရှိဖို့ ခက်ခဲနေဆဲပါပဲ။

နောက် တချို့ ဝန်ကြီးဌာနတွေဆိုရင် ဖြေဆိုဖို့အတွက်ကို ငြင်းဆိုခံနေရဆဲပဲ ဖြစ်ပါတယ်။ နောက်တစ်ခု ပိုပြီးတော့ သိသာမြင်သာတဲ့ အချက်တစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် တချို့ ပြောခွင့်ရ ပုဂ္ဂိုလ်တွေအနေနဲ့ပေါ့နော် အခု အစိုးရကနေပြီးတော့ ပြောခွင့်ရပုဂ္ဂိုလ်တွေ ခန့်ထားတာရှိတယ်။ အဲဒီ ပြောခွင့်ရ ပုဂ္ဂိုလ်တွေရဲ့ သုံးပုံပုံ တစ်ပုံလောက်ကပဲ မီဒီယာနဲ့ ထိတွေ့မှုရှိတယ်။ ကျန်တဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်တွေဆိုရင် ဖုန်းနံပါတ်တွေ အသက်မဝင်တာတွေရှိတယ်။ ကျွန်မတို့ မီဒီယာနဲ့ ထိတွေ့ဆက်ဆံရဖို့အတွက်ကို ဘယ်သူမှန်းတောင် မသိတဲ့သူတွေနဲ့ ကြံုနေရတာလည်း ရှိတယ်။

နောက်ပြီးတော့ သတင်းတွေမှာ တချို့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ဖြေပေးတယ်။ ဒါပေမယ့် နာမည်သုံးဖို့အတွက်ကို ကျွန်မတို့ ငြင်းဆိုခြင်း ခံနေရတယ်။ ဒါတွေကတော့ လက်ရှိ ပြည်သူက ရွေးကောက်တင်မြောက်လိုက်တဲ့ အစိုးရလက်ထက်မှာ ဒါတွေက မရှိသင့်တော့ဘူးလို့ ကျွန်မအနေနဲ့ မြင်ပါတယ်။

နောက်ပြီးတော့ ဆိုးတဲ့တစ်ခုက ကျွန်မအနေနဲ့ကတော့ ဆိုးဝါးတယ်လို့ပဲ မြင်ပါတယ်။ ကိန်းဂဏန်းတွေ တောင်းတဲ့အခါမှာပေါ့နော် ကျွန်မတို့ သတင်းထောက်တွေ ခါးသီးတဲ့ စကားလုံးတစ်လုံး ရှိတယ်ရှင်။ အဲဒါကတော့ စာတင်ပါဆိုတဲ့ ဥစ္စာမျိုးပေါ့နော်။ ကျွန်မတို့ အရင်အစိုးရလက်ထက်တုန်းကလည်း ဒီ စာတင်ပါဆိုတဲ့ ကျွန်မတို့ အဆက်အဆက် ကိန်းဂဏန်းအချက်အလက်တွေ ဌာနဆိုုင်ရာတွေမှာ ရယူဖို့အတွက် ငြင်းပယ်ခံရတယ်။ အခုလက်ရှိမှာလည်း အချို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ကျွန်မတို့ကို သတင်းအချက်အလက်တွေ ပေးဖို့ တောင်းဆိုတဲ့အခါမှာ စာတင်ပါဆိုပြီးတော့ ကျွန်မတို့ကို ပြန်အကြောင်းပြန်တာတွေ ရှိနေသေးတယ်။ အဲဒါတွေကိုတော့ မဖြစ်စေချင်တော့ဘူးလို့ ကျွန်မအနေနဲ့ မြင်ပါတယ်ရှင့်။

မဇ္ဈိမ

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ ကိုဆလိုင်းမာန်ကို ကျွန်တော်က တစ်ခုမေးချင်ပါတယ်။ ကိုဆလိုင်းမာန်က တိုင်းရင်းသား မီဒီယာလည်း ဖြစ်တာပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ ဒီ Acess to Information ကို စဉ်းစားတဲ့အခါမှာ ဒီ သတင်းစာဆရာတွေကနေ သတင်းအချက်အလက်ကို ရယူဖို့ ကြိုးစားတာ တစ်ခုရှိသလို အဲဒီ ရယူလာတဲ့ အချက်အလက်တွေကို လူထုကနေ ပြန်သိဖို့လည်း ဒါ သူ့အတွက် အခွင့်အရေးရှိတာကို။ ဆိုတော့ ကိုဆလိုင်းမန်အနေနဲ့ ချင်းမှာဆိုတော့ မီဒီယာတွေကရော လူထု လက်လှမ်းမှီရဲ့လား ဒီ တု်ိင်းရင်းသား မီဒီယာအနေနဲ့ကရော သက်ဆိုင်ရာ အစိုးရနဲ့ သတင်းယူတဲ့အခါမှာ ဘယ်လို အခက်အခဲတွေများ ရှိနေသေးလဲဆိုတာကို ဆွေးနွေးပေးပါဦး။

ဆလိုင်းမာန်

Chin World Media

ကျွန်တော်တို့ ချင်းပြည်နယ်မှာဆိုရင် ဒေသထုတ်စာစောင် မိခင်ဘာသာနဲ့ထုတ်တဲ့ စာစောင်တွေက အဲဒီပြဿနာ ကျွန်တော်တို့ ကြံုရပါတယ်။

ကျွန်တော်တို့ Chin World ကတော့ ပြည်နယ်တစ်ခုလုံး Cover လုပ်တဲ့မီဒီယာ ကျွန်တော်တို့မှာလည်း ကြံုရတယ်။ အထူးသဖြင့် ကျွန်တော်တို့ ထွေအုပ်နဲ့ပတ်သက်ရင် တော်တော်လေး ပြဿနာရှိတယ်။ အထူးသဖြင့် ထွေအုပ်က ရန်ကုန်၊ မန္တလေးမှာရှိတဲ့ ထွေအုပ်နဲ့ ကျွန်တော်တို့ ချင်းပြည်နယ်မှာရှိတဲ့ ထွေအုပ်က နည်းနည်းကွာတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ဆိုရင် နာမည်ပျက်နဲ့ ပြောင်းလာတဲ့သူတွေ ပြောမယ်ဆိုရင် မဲဇာ အပို့ခံရတဲ့ သူတွေပေါ့နော်။ အဲလိုလူမျိုးတွေက များတော့ သူတို့မှာမီဒီယာနဲ့ ဆက်ဆံရေး တော်တော်ကို မလေးမစား ဆက်ဆံမှုတွေ ကြံုရတယ်။ နောက်ပြီးတော့ ထွေအုပ်ကတော့ အဆိုးဆုံး။ ပြီးရင် အခြား ဌာနဆိုင်ရာတွေကလည်း ပြောမယ်ဆိုရင် မီဒီယာသမားတွေကို သိပ်ပြီး မလေးစားဘူး။ အထူးသဖြင့် ကျွန်တော်တို့က Main stream မဟုတ်တာလည်း ပါကောင်းပါမယ်။ တစ်ဖက်ကကြည့်ရင် ဒီပြဿနာ ကြံုရတယ်။ အဲဒီမှာကျတော့ သတင်းထောက်တွေအနေနဲ့ ပြဿနာက သတင်းကို လိုက်ရတဲ့နေရာမှာ အဲလို မပြည့်မစုံနဲ့ ရေးလိုက်ရတဲ့ အခါမျိုးတွေရှိတယ်။ တစ်ခါတစ်လေကျရင် မြို့နယ်ကို မေးရင် ခရိုင်ကိုလွှဲ ခရိုင်ကိုမေးရင် မြို့နယ်ကိုလွှဲ အဲကနေ နောက်ဆုံး ပြည်နယ်ကို ပြန်ရောက်။ ဒီပြဿနာတွေ ကြံုနေရပါတယ်။

အဲဒါကြောင့်မို့ ကျွန်တော်တို့မှာ ဒီ သတင်းထုတ်လုပ်ခွင့်နဲ့ ပတ်သက်ရင် ကျွန်တော်တို့မှာ အထူးသဖြင့် ကျွန်တော်တို့မှာ အချက်တစ်ချက် ရပြီးမှ အစိုးရနဲ့ ဌာနဆိုင်ရာရဲ့ လေးစားခံရမှု နောက်တစ်ခုကတော့ ကျွန်တော်တို့ ဒီ အစိုးရနဲ့ ပြည်သူကြားမှာ ဒီ မီဒီယာဟာ ပေါင်းကူးဖြစ်တယ်ဆိုတာပေါ့ အထူးသဖြင့် ဝေးလံခေါင်ပါးတဲ့ ဒေသမှာရှိတဲ့ ဌာနဆိုင်ရာ အရာရှိတွေအနေနဲ့ ပိုပြီးတော့ သိဖို့လိုအပ်တယ်လို့ ကျွန်တော် မြင်ပါတယ်။

မဇ္ဈိမ

တစ်ခု ထပ်ပြီးတော့ ကိုဆလိုင်းကို ထပ်မေးချင်တယ်။ ချင်းပြည်နယ်က သွားရေးလာရေးလည်း ပိုခက်ခဲတဲ့အခါကျတော့ ပြည်သူတွေက မီဒီယာတွေကို ဆက်သွယ်ဖို့ အခွင့်အလမ်းရော ရှိရဲ့လား။ အဲဒီမှာ ဘယ်လိုမီဒီယာတွေက လက်ရှိအနေအထားမှာ အဆက်အသွယ် လုပ်လို့ရသလဲပေါ့။

ဆလိုင်းမာန်

Chin World Media

ကျွန်တော်တို့ ဒီ မတူပီ၊ ဟားခါး၊ ဖလန်း၊ တီးတိမ် စတဲ့နေရာမှာတော့ ဒီ ဒေသထုတ် ဒီမြို့နယ်မှာပဲထုတ် ဒီမြို့နယ်မှာပဲ ဖြန်တဲ့ စာစောင်တွေရှိပါတယ်။ အဲဒီစာစောင်တွေကိုတော့ ဒေသခံတွေက တော်တော်လေး သတင်းပေးကြပါတယ်။ ဥပမာ ဝက်ပျောက်တာကအစ နောက်ပြောင်တာကအစ အဲလို သူတို့အတွက် ဒါကတော့ ကျွန်တော်တို့ဘက်က ကြည့်ရင်တော့ ဒီသတင်းက မှန်ကန်တာပေါ့။ သူတို့ဘက်ကကြည့်ရင်တော့ အရေးကြီးတဲ့ သတင်းမျိုးဆိုရင်လည်း မီဒီယာသမားတွေ အားကိုးတယ်။ ဒါမျိုးတွေပေါ့ ချင်းစာအသီးသီးမှာလည်း ပြတယ်။ ဒီသတင်းကို ပြန့်စေချင်လို့ ပြောတာတို့ နောက် ဌာနဆိုင်ရာ တချို့ကိစ္စ တိုင်တာတို့ဘာတို့ ဒါတွေတော့ ရှိပါတယ်။ အားလည်း အားကိုးကြပါတယ်။

မဇ္ဈိမ

ဟုတ်ကဲ့ခင်ဗျ။ ဆိုတော့ လူထုက မီဒီယာကို သူတို့ ဆက်သွယ်ချင်တယ်ဆိုတာကိုတော့ မြင်ရတာပေါ့နော်။ အဲတော့ အခု ဆရာ ဦးသီဟစောကို မေးချင်တာက ဆရာဦးသီဟစောအနေနဲ့ အရင်တုန်းကလည်း အစိုးရသတင်းစာမှာလည်း လုပ်ခဲ့တဲ့ အတွေ့အကြံုလည်း ရှိတယ်။ နောက် ဒီ မီဒီယာလောကမှာလည်း နေ့စဉ်သတင်းစာ၊ လစဉ်ထုတ်၊ အင်္ဂလိပ် သတင်းစာပေါ့လေ။ ပြီးတော့မှ မြန်မာသတင်းသိပ္ပံ ပြီးတော့ မီဒီယာကောင်စီ ပါတဲ့အခါကျတော့ ဆရာတို့ ဒီ အစိုးရအဆက်ဆက်လည်း ကြံုခဲ့တယ်။ လက်ရှိအနေအထားမှာရော သတင်းယူရတဲ့ အနေအထားက ဘာတွေများ ပြောင်းလဲ တိုးတက်မှုတွေရှိသလဲ။ ဘာတွေကတော့ ပြုပြင်ပြောင်းလဲဖို့ လိုနေဦးမလဲဆိုတာကိုလည်း တွေးနွေးပေးပါဦးခင်ဗျ။

ဦးသီဟစော

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ။

ကိုဇေယျာလှိုင်မေးတာလည်း တကယ်တမ်း ပြောရရင် ကျွန်တော်တို့ကတော့ သတင်းလောကသား တစ်ယောက်ချင်းအနေနဲ့ သတင်းသမားတွေရဲ့ တစ်ယောက်ချင်းစီအနေနဲ့ကို ခြံုပြီးတော့ ပြောချင်ပါတယ်။

ပြောရရင်တော့ ကျွန်တော်တို့ ခေတ်တွေပြောင်း ဆိုရှယ်လစ်ခေတ်ထဲက အပြင်မှာလည်း လစဉ်ထုတ်တယ်၊ အပတ်စဉ်ထုတ်တယ်၊ နေ့စဉ်ထုတ်တယ်၊ အခု သတင်းမီဒီယာ သိပ္ပံပေါ့နော်၊ သတင်းပညာသိပ္ပံပေါ့၊ ဒီပလိုမာ သတင်းပေးတဲ့ ကိစ္စကလွဲလို့ အဲအခါမှာ ကျွန်တော်တို့ သတင်းသမားတွေ အများကြီး ထိတွေ့ရတယ်။ ပြီးရင် သတင်းမီဒီယာ ကောင်စီပေါ့နော် ရန်ကုန်ရော နယ်ရော သတင်းသမားတွေနဲ့ ထိတွေ့ရတယ်။ ထိတွေ့ရသလိုပဲ အာဏာပိုင်တွေနဲ့ ထိတွေ့ခွင့်ရတယ်၊ အစိုးရနဲ့လည်း ထိတွေ့ခွင့်ရတယ်၊ တပ်နဲ့လည်း ထိတွေ့ခွင့်ရတယ်။ အခု လာမယ့် ၁၉ ရက်နေ့မှာလည်း ကျွန်တော််တို့ သတင်းမီဒီယာ ကောင်စီဝင်တွေနဲ့ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်များနဲ့လည်း တွေ့ဖို့ နေပြည်တော်မှာ စီစဉ်ထားတယ်။ စီစဉ်ထားတော့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့က သြဂုတ်လမှာ အခုလိုပဲ သတင်းသမားတွေရဲ့ အခက်အခဲတွေ ရန်ကုန်ရော နယ်ရော ပြည်နယ်တွေရော အဲဒါတွေကို သတင်းသမားတွေ ဆွေးနွေးကြတယ်။ အဲမှာလည်း အခုလိုပဲ ကိုယ့်နေရာနဲ့ကိုယ် ကြံုရတဲ့ အခက်အခဲမျိုးစုံအတွက်ကလည်း အဲဒီကနေ ကျွန်တော်တို့လိုချင်တာက အဓိက နှစ်ချက်ပါ။

တစ်ချက်ကတော့ စိန်ခေါ်မှုတွေ ဘာတွေရှိနေလဲ၊ ပြီးတော့ စိန်ခေါ်မှုတွေအတွက် သတင်းသမားတွေကရော ဘယ်လိုမျိုး အကြံပြုချင်သလဲ၊ အဲဒါတွေကို ကျွန်တော်တို့ စုထားပါတယ်။ နောက် အယ်ဒီတာတွေအနေနဲ့ အမြင်နဲ့ အပြောတွေကိုလည်း စုတယ်။ အဲတော့ အခု ချိန်းရင်း ချိန်းရင်းနဲ့ နေပြည်တော်က စီစဉ်ပေးတော့ ၁၉ ရက်နေ့မှာတွေ့တယ်။ အဓိကအချက်ကတော့ စိန်ခေါ်မှုတွေ ရှိနေဆဲဆိုတာကို ပေါ်လွင်တယ်။ စိန်ခေါ်မှုတွေက ကျွန်တော်တို့က ခွဲကြည့်တယ်။ ခွဲကြည့်တယ်ဆိုတာက ရန်ကုန်နဲ့ တိုင်းဒေသတွေနဲ့ ပတ်သက်တာတွေကိုလည်း ခွဲတယ်။ အဲတော့ တစ်ခါတစ်လေမှာ Webcast က လိုအပ်ချက်နဲ့ Print လိုအပ်ချက်က မတူညီတာတွေရှိတယ်။ ဥပမာ ဝက်ကက်ကတော့ အယ်ဒီတာတစ်ယောက်လာပါ၊ ဆရာတို့ သတင်းထောက်တစ်ယောက် လွှတ်ပါဆိုရင် ပြီးတယ်။ Webcast က ကင်မရာရော သတင်းမေးတဲ့သူရော သတင်းပြောမယ့်သူရော နှစ်ယောက် မျှတာရှိတယ်။ အဲဒါမျိုးတွေကိုလည်း တင်ပြရတာရှိတယ်။ အဲဒါတွေကို သွားပြီးတော့ တင်ပြမှာပါ။

ဒါပေမယ့် အဓိကကတော့ အရင်နဲ့အခု ဘာကွာလဲဆိုတော့ ကျွန်တော်ကတော့ ကောင်းတဲ့ဘက်က တွေးပါတယ်။ ကျွန်တော်ကလည်း ဒုက္ခတွေရောက်ဖူးတယ်။ အင်းစိန်ထဲလည်း ရောက်ဖူးတယ်။ အပြင်မှာလည်းပဲ အလုပ်ပြုတ်ဖူးတယ်။ စသဖြင့်ပေါ့။ ဒါပေမယ့် ကောင်းတာကတော့ ကျွန်တော်တို့က အခုအခြေအနေမှာ အစိုးရသစ်ဆိုပြီးတော့ အဲဒီအစိုးရသစ်က ကျွန်တော်တို့ ပြောခွင့်ရတဲ့ အစိုးရ ဖြစ်လာတယ်။ အရင်တုန်းကတော့ တစ်ဖက်သတ််ပဲ ပွင့်ပွင့်လင်းလင်းပြောရရင် ကြိုက်ကြိုက်မကြိုက်ကြိုက် ဒီအတိုင်းပဲ။ အခုကတော့ မကြိုက်လည်း မကြိုက်တာ ပြောလို့ရတယ်။ ကျွန်တော်တို့ ပြင်စေချင်တာကိုလည်း ပြင်အောင် တောင်းဆိုလို့ရတယ်။ အဲဒီအချက်တစ်ခုကတော့ ကျွန်တော်တို့အတွက် အားသာမှုရှိတယ်။

ဒါပေမယ့် အခက်အခဲကတော့ ရှိနေတုန်းပဲ။ ခုနက ဆရာမပြောတာရော ကိုဆလိုင်းပြောတာရော အဲဒီများတာတွေကိုလညး် ကျွန်တော်တို့ စုဆောင်းထာတာ ရှိပါတယ်။ သို့သော်လည်း တော်တော်များများ အခက်အခဲတွေရှိတယ်။ ရှင်းရှင်းပြောရင် သတင်းရယူခွင့်တွေ မကပဲနဲ့ သတင်းသမားရဲ့ အသက်အန္တရာယ် လုံခြံုမှုရယ် အဲဒီဘက်ကို ရောက်သွားတဲ့ဘက်ကိုလည်း ရှိတယ်။ ကိုယ်ကတော့ ပြောမယ်ဆိုရင် ကျွန်တော်တို့အားလုံးက အမှန်တရားနောက်ကိုလိုက်တာ၊ အမှန်တရားကို ယူပြီးတော့ ကိုယ့်ပရိသတ်၊ ကိုယ့်လူထုကို တင်ပြချင်တာ။ အဲဒါကို အစိုးရဆီကပဲဖြစ်ဖြစ် အပြင်က ပုဂ္ဂလိကကပဲဖြစ်ဖြစ် ယူတဲ့အခါမှာ အဲလို အာဏာနဲ့ ငြင်းပယ်မှုတွေ ခြိမ်းခြောက်မှုတွေ သို့နည်းမဟုတ် အာဏာမရှိသော်လည်း ငွေနဲ့ အခြား ပါဝါနဲ့ ခြိမ်းခြောက်မှုတွေ စသဖြင့် ရင်ဆိုင်ရတာတွေ ရှိတယ်။ အဲဒီအခက်အခဲတွေကို သတင်းမီဒီယာ ကောင်စီက ရှင်းပေးပါလား အစိုးရက ရှင်းပေးပါလားလို့ ပြောလာရင်လည်း လွယ်တာပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့အမြင်ကတော့ သတင်းသမားတွေက သတင်းမီဒီယာကောင်စီက အဲလိုပဲ သတင်းသမားတွေစုပြီး သတင်းသမားတွေ ဖွဲ့စည်းထာတာ။ ကျွန်တော်တို့က စုစုစည်းစည်းနဲ့ ပြောဆိုတဲ့ဟာဆိုရင်တော့ ဒီအစိုးရက နားထောင်မယ်လို့တော့ မျှော်လင့်လို့ ရပြီပေါ့နော်။ အရင်ထက်စာရင်တော့ပေါ့။

ကျွန်တော်တို့ အဲဒါတွေကိုလည်း တောင်းဆိုမယ်။ ခုနပြောသလိုပဲ ကျွန်တော်တို့ ဆိုပါစို့ အဓိကပြောချင်တဲ့ ပြဿနာတစ်ခုရှိတယ်။ အခု အရင်တုန်းက မထားပေးတဲ့ ဝန်ကြီးဌာန အားလုံးမှာ ပြောရေးဆိုခွင့်ရှိတဲ့သူတွေ ထားပေးတယ်ဆိုတော့ အမှန်ဘက်ကကြည့်ရင်တော့ ကောင်းတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့်လည်း မကောင်းဘူး။ မကောင်းဘူးဆိုတာက ကျွန်တော်တို့က အဲဒီစနစ်ကို ပြောင်းစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပေးထားတာက ပေးထားတဲ့ပုံစံက မှားနေလို့ရှိရင် ပေးတဲ့သူတွေက အများအားဖြင့် အတွင်းဝန်တွေ ညွှန်ချုပ်တွေ တကယ်ပဲ တာဝန်ကြီးကြီး ရှိတဲ့သူတွေ ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ဟာတွေပဲ ဆိုပြီးတော့ သတ်မှတ်ထားတယ်။ နာမည်တွေရော၊ ဖုန်းတွေရော ကျွန်တော်တို့ မီဒီယာကို ချပေးတယ်။ ဒါပေမယ့် ခုနက မအေးသူစံတို့ ပြောသလိုပဲ အဲဒီအထဲမှာ တော်တော်များများက ပြန်မဖြေတာ မအားတာတို့ပေါ့ မအားတာက တချို့ကလည်း ဆင်ခြေပေးတာဖြစ်မယ်၊ တချို့ကလည်း တကယ်ဖြစ်မယ်။ ဥပမာဆိုရင် နိုင်ငံခြားရေးရာက ညွှန်ချုပ်တစ်ယောက်ဆိုပါစို့ သူ့သွားမေးရင် သူက အစည်းအဝေးရှိရင် ဖြေမှာလည်းမဟုတ်ဘူူး။ သတင်းသမားဘက်က ကြည့်ရင်လည်း ဒီဖုန်းက မကိုင်တဲ့ဖုန်းလို့ မြင်မှာပဲ။ ကျွန်တော်က အဲဒီ System ကို ပြောင်းစေချင်တယ်။ ဘာဖြစ်စေချင်လဲဆိုတော့ ဒါ ကျွန်တော်တို့ သတင်းသမားတွေကိုယ်စား တောင်းဆိုမယ့် အချက်ပါ။ ဘာဖြစ်လို့လဲဆိုရင် ဝန်ကြီးဌာနအားလုံးမှာ ပြီးတော့ တိုင်းနဲ့ပြည်နယ် အစိုးရအားလုံးမှာ မီဒီယာယူနစ်တွေ ထားစေချင်တယ်။ သတင်းသမားတွေနဲ့ ဆက်ဆံဖို့အတွက် သီခြား အစုအဖွဲ့လေးတွေ စုဖွဲ့ပြီးတော့ သူတို့က ကိုယ့်ဌာနအကြောင်း ကိုယ်လေ့လာတယ်။ ဥပမာဆိုပါစို့ ချင်းပြည်နယ်အစိုးရ သို့မဟုတ်လည်း ကျန်းမာရေးဝန်ကြီးဌာန စသဖြင့်ပေါ့ သူတို့က မီဒီယာအကြောင်းကို လေ့လာပြီးတော့ မီဒီယာသမားနဲ့ တောက်လျှောက် ထိတွေ့နေမယ်ဆိုရင် သတင်းရယူခွင့် ပိုလွယ်မယ်ထင်တယ်။ အဲဒါကလည်း ကျွန်တော်တို့ဘက်က တောင်းဆိုတာပါ။ သူတို့ဘက်က အခက်အခဲ ရှိနိုင်တယ်။ သိပ်ပြီးတော့ အရမ်းကြီး ခက်မယ်လို့လည်း မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ကျန်းမာရေးဦးစီးဌာနနဲ့ ပတ်သက်လို့ အဲလို ကျွန်တော်တို့ မီဒီယာ Relation လို့ ကျွန်တော်တို့ ခေါ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာနဲ့ ဆက်ဆံရေးဆိုတော့ Workshop လေးခါ သွားလုပ်ပေးတယ်။ ကျန်းမာရေးဌာနမှာရှိတဲ့ မြို့နယ်ဆရာဝန်ကြီးတွေ ခရိုင် ဆရာဝန််ကြီးတွေ သူတို့လည်း မီဒီယာအကြောင်းကို သိလာအောင် မီဒီယာအကြောင်းကို သိပြီဆိုရင် မီဒီယာတွေရဲ့ အဓိက လိုအပ်ချက်က ဘာတွေလဲ ပြီးတော့ နယ်ပယ်ထဲမှာ ဘယ်သူတွေက ဘယ်မှာ လုပ်နေတဲ့သူတွေလဲ။ သူတို့ သိလာမယ် သူတို့ ပြောရဲမယ် ဖြေရဲမယ် သူတို့ဘက်ကလည်း အကြောက်တရားရှိမယ်။ သူတို့ဘက်က အစိုးရဘက်က ဝန်ကြီးဌာနဘက်က တပ်မတော်ဘက်ကစ ကျွန်တော်တို့ သတင်းသမားတွေနဲ့ ပတ်သက်လို့ တွန့်ဆုတ်နေတဲ့ သဘောတွေရှိတယ်။ အဲလို တွန့်ဆုတ်တဲ့သဘော ဖယ်မှ Relation က ပိုကောင်းလာမယ်။ Relation ပိုကောင်းဖို့အတွက် သူတို့က ကျွန်တော်တို့ သတင်းသမားတွေကို နားလည်ဖို့လိုတယ်။ ကျွန်တေ်ာတို့ကလည်း သူတို့ဟာကို နားလည်ဖို့ လိုတာပေါ့နော်။ အဲလို အပြန်အလှန် Media Relation အတွက် ဦးတည် တည်ဆောက်မယ်ဆိုရင် ပိုပြီးတော့ သတင်း ယူရတာ ပိုလွယ်မယ်လို့ ထင်ပါတယ်။

မဇ္စျိမ

ဟုတ်ကဲ့ပါဆရာ။ ဆိုတော့ ဟို ဆရာ ဦးသီဟစောကတော့ ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းလေးတွေ ပြောတာဆိုတော့ အခု ထပ်ပြီးတော့ မအေးသူစံကို မေးချင်တာက ကျွန်တော်တို့ ကိန်းဂဏန်းတွေ သုံးတဲ့အခါမှာ စာတင်ပါ စာတင်ပါပေါ့နော်။ ဆိုတော့ အဲဒီမှာ တစ်ခုရှိတာက သတင်းမီဒီယာ နည်းဥပဒေ နောက်ဆက်တွဲပုံစံ က အရ ကျွန်တော်တို့က ဥပဒေနဲ့အညီ သတင်းအချက်အလက်ကို တောင်းခံခွင့်ဆိုတာ ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော အဲဒီ ဥပဒေက သတင်းစာဆရာတွေတောင် အဲဒီဥပဒေကို အသုံးပြုကြရဲ့လားပေါ့။ အသုံးပြုတဲ့အခါမှာ အဲဒီဥပဒေက တကယ်ရော အသုံးတည့်ရဲ့လားပေါ့။ အဲဒါနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေး ဆွေးနွေးပေးပါဦးခင်ဗျ။

ဒေါ်အေးသူစံ

ဟုတ်ကဲ့။ အဲဒီ သတင်းမီဒီယာ ဥပဒေမှာ ပါတဲ့ သတင်းအချက်အလက် တောင်းခံပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ပုဒ်မပေါ့နော် အဲဒါ နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းကတော့ ဒီဥပဒေကို သေသေချာချာ သိနားလည်ပြီးတော့ အဲဒီ ဥပဒေအတိုင်း လိုက်ပြီးတော့ တောင်းခံတဲ့ သတင်းသမား တချို့ ရှိသလို ဒီ ဥပဒေကို မလေ့လာထားတဲ့ ထွက်ရှိမှန်းတောင် မသိပဲနဲ့ တချို့ သတင်းသမားတွေလည်း ရှိပါတယ်။ ရှိကောင်း ရှိပါတယ်။ လက်ရှိ ကျွန်မတို့ လုပ်နေတဲ့ အဓိကထဲမှာ တွေ့နေရသလောက်ကတော့ ဒီပုဒ်မကို သိပြီးတော့ အသုံးပြုတဲ့သူကတော့ တော်တော် နည်းနေသေးတယ်ရှင့်။ နောက် ဌာနဆိုင်ရာတွေကို ဒီလိုမျိုး စာတင်ပါလို့ ပြောတဲ့အခါမှာ ကိုယ့်ဘက်က သတင်းသမားကလည်း ကိုယ့်ဘက်က အခွင့်အရေးကို သိနေပြီးတော့ အဲဒီအခွင့်အရေးကို အသုံးချဖို့လည်း လိုသေးတယ်ရှင့်။ ဌာနဆိုင်ရာဘက်ကတော့ သူ့ဘက်က တကယ်တမ်းလည်း သူ့ရဲ့ လုပ်ပိုင်ခွင့်အရပေါ့နော် ချက်ခြင်းပေးလိုက်လို့မရတဲ့ အချက်အလက်တွေလည်း ရှိကောင်းရှိမယ်။ အဲဒီအခါမှာ တရားဝင် စာနဲ့တင်တောင်းပါလို့ သူ့ဘက်က ပြောတာလည်း ဖြစ်ကောင်းဖြစ်နိုင်မယ်။ သို့မဟုတ်သော်လည်း သူ မဖြေရှင်းချင်လို့လည်း မပေးချင် သို့သော် လည်ကောင်းပေါ့နော်။ တစ်ဖက်က ဘယ်လိုပြဿနာ ရှိမလဲ မသိဘူးပေါ့။ ဒါပေမယ့် ကိုယ်တွေ သတင်းထောက်တွေဘက်က ကြိုးစားအားထုတ်ရမှာက ကိုယ့်ရဲ့ သတင်းမီဒီယာ ဥပဒေကိုလည်း ဖတ်ထားရမယ်။ အဲဒီ သတင်းမီဒီယာ ဥပဒေမှာ ပါတဲ့ အဲဒီ ဥပဒေ ပုဒ််မရဲ့ ပေးထားတဲ့ အခွင့်အရေးကိုလည်း အသုံးချပြီးတော့ တစ်ဖက်က ဌာနဆိုင်ရာကို ပြန်ပြီးတော့ ကွန်ပလိန်း တက်သင့်တယ်လို့ ထင်ပါတယ်။ ကျွန်မတွေ့ရသလောက်တော့ အဲဒီအချက်ကို သိပြီးတော့ အသုံးပြုတဲ့ သတင်းထောက်ကတော့ အင်မတန် နည်းနေသေးတယ်ရှင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly