မန်ယူကစားသမားစာရင်းကိုရွေးချယ်ခွင့်ရလျှင် ရွန်နီနှင့် အီဘရာဟီမိုဗစ်ကို ချန်လှပ်မည်ဟု ဂယ်ရီနဗီးလ်ပြော

မန်ယူကစားသမားစာရင်းကိုရွေးချယ်ခွင့်ရလျှင် ရွန်နီနှင့် အီဘရာဟီမိုဗစ်ကို ချန်လှပ်မည်ဟု ဂယ်ရီနဗီးလ်ပြော

နိုဝင်ဘာ ၁၅၊ မန်ချက်စတာ။            ။ မန်ယူအသင်းတွင်နေရာမရဖြစ်နေသည့် မစ်ခီတာယန်ကို သဘောကျနေသော ဂယ်ရီနဗီးလ်က ၎င်းသာ မန်ယူကစားသမား စာရင်းကိုရွေးချယ်ခွင့်ရမည်ဆိုလျှင် ရွန်နီနှင့် အီဘရာဟီမိုဗစ်ကို ချန်လှပ်မည်ဟု ပြောသည်။

နဗီးလ်သည် တနင်္လာနေ့က အောက်စ်ဖို့ဒ်ယူနီယံတွင် ပရိသတ်များနှင့်တွေ့ဆုံစဉ် မော်ရင်ဟို၏အသင်းမှ ပွဲထွက် ၁၁ ယောက် စာရင်းကို ရွေးချယ်ပေးရန် တောင်းဆိုခံခဲ့ရသည်။

သို့ဖြစ်ရာ အင်္ဂလန်အသင်းခေါင်းဆောင်ရွန်နီမှာ ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်နှင့်အတူ စကိုင်းစပို့အားကစားသုံးသပ်သူ ဂယ်ရီနဗီးလ်၏ စာရင်းမှ ချန်လှပ်ခံရခြင်းဖြစ်သည်။

ထို့ပြင် အင်္ဂလန်လက်ထောက်နည်းပြဟောင်း နဗီးလ်မှာ မစ်ခီတာယန်ကို ရွေးချယ်ခဲ့သည်။ အာမေးနီးယန်းကွင်းလယ်လူမှာ နွေရာသီတွင် ဒေါ့မွန်မှပြောင်းလာပြီးနောက် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည်။

နဗီးလ်က ရွန်နီကိုအရန်ခုံတွင်သာထားမည်ဖြစ်ပြီး မစ်ခီတာယန်ကို ဝါရင့်ကွင်းလယ်လူ ကာရစ်၊ ဟာရဲရား၊ ကမ္ဘာ့စျေးအကြီးဆုံး ပေါ့ဂ်ဘာတို့နှင့်အတူ ပွဲထုတ်မည်ဟု ပြောသည်။

တိုက်စစ်တွင်မူ အင်္ဂလန်ဆယ်ကျော်သက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ပြင်သစ်လက်ရွေးစင် မာရှယ်နှင့်တွဲဖက်ကစားစေမည်ဟု နဗီးလ်ကပြောသည်။

မန်ယူအကယ်ဒမီထွက်ကစား လင်ဂတ်အနေဖြင့် ပွဲထွက်ခွင့်ရခြင်းမှာ ဂုဏ်ယူစရာဟု နဗီးလ်ကပြောထားသော်လည်း ၎င်း၏ စာရင်းတွင် လင်ဂတ်ပါဝင်ခြင်းမရှိပေ။

နဗီးလ်၏ ပွဲထွက် ၁၁ ယောက်စာရင်းမှာ ဒီဂီယာ၊ ဗလင်စီယာ၊ ဘိုင်လီ၊ စမောလင်း၊ ဘလိုင်း၊ ပေါ့ဂ်ဘာ၊ ဟာရဲရား၊ ကာရစ်၊ မစ်ခီ တာယန်၊ မာရှယ်နှင့် ရက်ရှ်ဖို့ဒ်တို့ဖြစ်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly