အင်ဒိုနီးရှားတွင် ဂျီဟတ်စာတန်းပါ တီရှပ်ဝတ်လူတစ်ဦး ခရစ်ယာန်ဘုရားကျောင်းကို တိုက်ခိုက်၍ ကလေးငယ်တစ်ဦး သေဆုံး

အင်ဒိုနီးရှားတွင် ဂျီဟတ်စာတန်းပါ တီရှပ်ဝတ်လူတစ်ဦး ခရစ်ယာန်ဘုရားကျောင်းကို တိုက်ခိုက်၍ ကလေးငယ်တစ်ဦး သေဆုံး

ဂျကာတာ၊ နိုဝင်ဘာ ၁၄ ။                  ။ မွတ်စလင်အများစု အင်ဒိုနီးရှားနိုင်ငံတွင် ဘာသာရေး လူနည်းစုများအပေါ် တိုက်ခိုက်သည့် နောက်ဆုံးဖြစ်ရပ်အဖြစ် နိုဝင်ဘာ ၁၃ ရက်က ခရစ်ယာန် ဘုရားကျောင်းကို ဖောက်ခွဲရေးပစ္စည်းပစ်သွင်းကာ တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးသည်။

ဘော်နီယိုကျွန်းရှိ ခရစ်ယာန်ဘုရားကျောင်းအား ဂျီဟတ်စာတမ်းပါ တီရှပ်ဝတ်ထားသည့် အမျိုးသားတစ်ဦးက ဆိုင်ကယ်ပေါ်မှ ဖောက်ခွဲရေးပစ္စည်းများ ပစ်သွင်းပေါက်ကွဲသဖြင့် နှစ်နှစ်သမီးအရွယ် အိုလီဗာမာဘန်ဆိုသည့် ကလေးငယ်တစ်ဦး သေဆုံးကာ အခြားကလေးငယ်လေးဦး ဒဏ်ရာရသည်။

ဆာမာရန်ဒါမြို့ရှိ ဘုရားကျောင်း တိုက်ခိုက်ခံရချိန်တွင် ကလေးငယ်များမှာ ဘုရားကျောင်း၏ ကားပါကင်တွင် ဆော့ကစားနေခြင်းဖြစ်သည်။

မာဘန်သည် မီးလောင်ကျွမ်းဒဏ်ရာများ အပြင်းအထန်ရရှိခဲ့ခြင်းဖြစ်ကြောင်း ဌာနေရဲဌာန ပြောခွင့်ရသူက အေအက်ဖ်ပီသို့ ပြောသည်။ “ကံမကောင်းစွာဘဲ ဆရာဝန်တွေက ဒီကလေးမကို မကယ် လိုက်နိုင်ဘူး။ ဒီမနက်မှာပဲ ကလေးမဆုံးပါတယ်။” ဟု ၎င်းက ပြောသည်။

အခြားဒဏ်ရာရကလေးငယ်များကို ဆေးရုံတွင် ပြုစုကုသလျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ဆိုသည်။

ရဲဌာနက သံသယရှိ တိုက်ခိုက်သူအဖြစ် အသက် ၃၂ နှစ်ရှိ အမျိုးသားတစ်ဦးကို ဖမ်းဆီးထားသည်။ ၎င်းအမျိုးသားသည် ယခင် ၂၀၁၁ ခုနှစ်က အလယ်အလတ်မွတ်စလင် ဘာသာရေးခေါင်းဆောင် တစ်ဦးနှင့် တန်ပြန်အကြမ်းဖက်တပ်ဖွဲ့ အကြီးအကဲအား ပါဆယ်ဗုံးဖောက်ခွဲရန် ကြံစည်မှုတွင် ပါဝင်ခြင်းကြောင့် ထောင်ကျခဲ့ဖူးသူလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags