တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ မှရွေးချယ်သူသာ သမ္မတဖြစ်ရန်အားသာဟု သူရဦးအောင်ကိုဆို

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ မှရွေးချယ်သူသာ သမ္မတဖြစ်ရန်အားသာဟု သူရဦးအောင်ကိုဆို
နေပြည်တော်သမ္မတအိမ်တော်တွင်ပြုလုပ်သည့် ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ - မဇ္ဒျိမ)

ရန်ကုန် ဇူလိုင် ၁၈ ။  ။ ၂၀၁၅ခုနှစ်ရွေးကောက်ပွဲအပြီး နိုင်ငံတော်သမ္မတ ရွေးချယ်ရာတွင် ရွေးကောက်ခံမဟုတ်သည့် (တပ်ကိုယ် စားလှယ်) များမှ ရွေးချယ်သူသာ သမ္မတဖြစ်ရန် အားသာနေသည်ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် သူရဦးအောင်ကို ကဖြေကြား ခဲ့ကြောင်းပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အင်တာနက် စာမျက်နှာ တွင်ရေးသားထားသည်။

"မီတာ ၁ဝဝ ပြိုင်ပွဲမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က တင်တဲ့ ဒုတိယသမ္မတနှစ်ဦးကတော့ တာထွက်လိုင်းက စထွက်တဲ့စနစ်နဲ့ ယှဉ်ပြိုင်ရတယ်။ တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့က တင်မြှောက်တဲ့ ဒုသမ္မတကတော့ ရှေ့မှာ ၂၅ မီတာ အကျောပေးရထားတယ်။  ဒီလိုရထားတော့ ဒုတိယသမ္မတသုံးဦး မီတာ ၁ဝဝ ပြိုင်ပြီးရင် ဘယ်ပုဂ္ဂိုလ်ကနိုင်မယ်ဆိုတာ အဖြေက ရှင်းနေပါတယ်" ဟု ၎င်းကဆိုထားသည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်မှ ဒုတိယသမ္မတတစ်ဦး၊ အမျိုးသားလွှတ်တော်မှ ဒုတိယသမ္မတ တစ်ဦးနှင့် လွှတ်တော်အတွင်း ၂၅ရာခိုင်နှုန်းနေရာရရှိထားသည့် တပ်ကိုယ်စားလှယ်များက ဒုတိယသမ္မတ တစ်ဦးတို့ကိုရွေးချယ် ကာ သမ္မတရွေးချယ်ရေး အဖွဲ့တို့ တင်သွင်းရသည်။

ယင်းသို့တင်သွင်းရာတွင် ရွေးကောက်ခံကိုယ်စားလှယ်သာမက ရွေးကောက်ခံကိုယ်စားလှယ်မဟုတ်သည့် ပုဂ္ဂိုလ်ကိုလည်း တင်သွင်းခွင့်ရှိနေခြင်းဖြစ်သည်။

"ဒီကနေ့ လွှတ်တော်အသီးသီး မှာပေါ့လေ။ ပါဝင်နေတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကလဲ အမျိုးသား နိုင်ငံရေးဆိုတဲ့ ရည်မှန်းချက် နဲ့ပါဝင်နေတာဖြစ်လို့ သမ္မတကြီးအနေနဲ့ ရည်မှန်းချက်ချင်းတူတဲ့  တပ်မတော်သား ကိုယ်စားလှယ် အစုအဖွ့ဲက တင်မြှောက်တဲ့ သမ္မတလောင်း အဖြစ်နဲ့ ဆက်လက်ပါဝင်လာနိုင်တယ်လို့ အများက သုံးသပ်ပြီးသားပါ"ဟု သူရဦးအောင်ကိုက ဆိုသည်။

ဦးသိန်းစိန်ကို လွှတ်တော်အတွင်း ၂၅ရာခိုင်နှုန်း တပ်ကိုယ်စားလှယ်မျာက ထပ်မံရွေးချယ်ခံနိုင်သည့် အတွက် ၎င်းအနေဖြင့်ရွေးကောက်ပွဲ ကိုမဝင်ပဲ ဒုတိယသမ္မတသက်တမ်းအတွက် အခွင့်အရေးရရှိထားသူဖြစ်သည်။

၂၀၁၅ခုနှစ်အလွန်တွင် နိုင်ငံတော်ကိုဦးဆောင်မည့် နိုင်ငံတော်သမ္မတဖြစ်ချင်ကြောင်း လက်ရှိ ပြည်ထောင်စု လွှတ်တော်နာယက ၊ပြည်ခိုင်ဖြိုးပါတီဥက္ကဌ သူရဦးရွှေမန်းကလည်းဖွင့်ဟထားသကဲ့သို့ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကလည်း ဖွင့်ဟထားကြသည်။

၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှု မအောင်မြင်ခဲ့ခြင်းကြောင့် အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကမူ သမ္မတဖြစ်ရန် အခွင့်အရေးမရရှိနိုင်သေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly