ကြောက်စရာ အနုပညာကို ဖန်တီးနိုင်တဲ့ လက်တစ်စုံ

ကြောက်စရာ အနုပညာကို ဖန်တီးနိုင်တဲ့ လက်တစ်စုံ
Photo: ဆုယမင်းပြည့်(ဖေ့စ်ဘုတ်)

မြန်မာနိုင်ငံမှာ မိတ်ကပ်ပညာလို့ဆိုလိုက်ရင် လူတွေရဲ့မျက်နှာကို လှပအောင်ပြင်ဆင်ပေးရတဲ့ ပညာရပ်လို့ပဲ မြင်ကြမှာပါ။ ဒါပေမယ့်မိတ်ကပ်ပညာဟာ လူတွေကို လှပအောင် ပြုပြင်နိုင်သလို ထိတ်လန့်ကြောက်ရွံ့စရာကောင်းအောင်လည်း ဖန်တီးပြုပြင်နိုင်ပါတယ်။

ဒီလိုကြောက်မက်ဖွယ် မိတ်ကပ်ပညာကို ဖန်တီးတဲ့သူတွေဟာ သူတို့ပညာကို အသုံးပြုပြီး ပရော်ဖက်ရှင်နယ်အဖြစ် ရပ်တည်နေကြပါပြီ။ ဟောလီးဝုဒ်မှာဆိုရင် ဒီလို မိတ်ကပ်ပညာရှင်တွေဟာ ရုပ်ရှင်ကားတစ်ကားအတွက် တကယ့်ကို အရေးပါပြီး ဝင်ငွေလည်းအတော်ကောင်းပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီလို ကြောက်မက်ဖွယ်မိတ်ကပ်ဖန်တီးရှင်တွေဟာ လက်တစ်ချောင်းပြည့်အောင်တောင် မရှိသေးပဲ ရပ်တည်မှုအတွက်လည်း ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။ မြန်မာနိုင်ငံက လူအများစုက ဒီလို ကြောက်မက်ဖွယ်မိတ်ကပ်ပညာကို ဖန်တီးနေသူတွေဟာ စိတ်ကြမ်းကိုယ်ကြမ်းနဲ့ အမျိုးသားအများစု လုပ်ကိုင်ကြမယ်လို့ထင်မြင်ယူဆနေကြပေမယ့် လက်ရှိလူမှုကွန်ယက်ဖေ့စ်ဘုတ် စာမျက်နှာမှာ ကြောက်မက်ဖွယ် မိတ်ကပ်ပညာကို ဖန်တီးပြီး နာမည်ကြီးနေတဲ့ အမျိုးသမီးငယ်လေးတစ်ဦးရှိနေပါတယ်။ သူကတော့……..။

ယမင်းလက်နဲ့ ဘီလူးရုပ်ထွင်းနေသူ

သူ့ရဲ့လက်ချောင်းလေးတွေက သာမန်မိန်းကလေးတွေလိုပဲ နူးညံ့ပျော့ပျောင်းပြီး သွယ်လျလှပပါတယ်။ ဒါပေမယ့် ဒီလက်တစ်စုံနဲ့ လူတွေကို အထိတ်တလန့်ဖြစ်စေမယ့် အနိဌာရုံမြင်ကွင်းတွေကို ဖန်တီးနိုင်တယ်ဆိုရင် အားလုံးက အံ့အားသင့်ကြမှာပါ။ ဒီအလုပ်ကို စလုပ်မယ်ဆိုတော့ တော်တော်လေးစဉ်းစားဆုံးဖြတ်ခဲ့ရတယ်။ ပထမတော့ သူများတွေလိုပဲ အလှမိတ်ကပ်ပညာကို စိတ်ဝင်စားပြီး လေ့လာခဲ့ရာကနေ S.F.X လို့ခေါ်တဲ့ ဒီမိတ်ကပ်ပညာကို စိတ်ဝင်စားခဲ့တာ။ အမှန်အတိုင်းဝန်ခံရရင် လူငယ်စိတ်နဲ့ လူသိများချင်လို့ဒါကိ်ု စလုပ်ခဲ့ပေမယ့်နောက်ပိုင်းမှာတော့ စွဲလန်းသွားတယ်။

သူ့နာမည်က ဆုယမင်းပြည့်ပါ။ ခန္ဓာကိုယ်သေးသေးသွယ်သွယ်၊ အပြံုးချိုချိုနဲ့ သူ့ရဲ့ဟန်ပန်က ပျော့ပျောင်း နုနယ်ပေမယ့် သူ့ရဲ့မိတ်ကပ်ပညာအပေါ်မှာထားတဲ့ စိတ်ဓာတ်နဲ့ခံယူချက်ကတော့ အတော်လေးကို မာကျောပါတယ်။ ပတ်ဝန်းကျင်နဲ့ မိသားစုရဲ့ကဲ့ရဲ့ဝေဖန်မှုတွေကို ရင်ဆိုင်နေရပေမယ့် သူကတော့ တုန်လှုပ်ပုံမပြပဲ ယုံကြည်ရာအနာဂတ်ကို ဆက်လှမ်းဖို့ စိတ်ပိုင်းဖြတ်ထားပြီးသားပါ။

အဖေက လုံးဝသဘောမတူဘူး။ ဆွေမျိုးတွေပတ်ဝန်းကျင်ကလူတွေလည်း ဒီအတိုင်းပဲ။ ဒါပေမယ့် ဒီပညာကို အနုပညာတစ်ရပ်လို့သူတို့လက်ခံလာရင် သဘောထားတွေပြောင်းလဲလာမှာပါ။ သူငယ်ချင်းတစ်ချို့ဆို အပေါင်းအသင်းတောင်မလုပ်ကြတော့ဘူး။

ဆုယမင်းပြည့်တို့မိသားစုမှာ သူ့အလုပ်ကို မကူညီနိုင်ပေမယ့် အနီးကပ်အားပေးမှုတွေကိုတော့ တတိယတန်းကျောင်းသားလေးတစ်ဦးဖြစ်တဲ့ သူ့မောင်လေးကပဲ ပြုလုပ်ပေးနေပါတယ်။ သာမန်ယောကျာင်္းလေးတစ်ဦးတောင် ရင်ဆိုင်ဖို့ခက်ခဲတဲ့ဖိအားတွေနဲ့ ရင်ဆိုင်နေရပေမယ့် သူကတော့ တုန်လှုပ်မှုမရှိသလို သူ့အလုပ်ကို နောက်ဆုတ်သွားဖို့လည်း အစီအစဉ်မရှိပါဘူး။

S.F.X ဆိ်ုတာဘာလဲ

S.F.X မိတ်ကပ်ပညာဟာ မြန်မာနိုင်ငံမှာတော့ ပညာရပ်အသစ်တစ်မျိုးလို ဖြစ်နေပေမယ့် နိုင်ငံတကာ ရုပ်ရှင်လောကမှာ တကယ့်ကို မရှိမဖြစ်အရေးပါတဲ့ ပညာရပ်တစ်မျိုးပါ။ နိုင်ငံတကာမှာ ဒီလိုပညာရှင်တွေကို နှစ်စဉ်မွေးထုတ်နိုင်ဖို့အတွက် သင်တန်းကျောင်းတွေတောင် ဖွင့်လှစ်သင်ကြားနေကြတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ S.F.X မိတ်ကပ်ပညာရှင်တွေဟာ စနစ်တကျသင်ယူတတ်မြောက်ထားကြတာမျိုး မဟုတ်ပဲ ဝက်ဘ်ဆိုက်တွေကနေတစ်ဆင့် ကြည့်ရှုလေ့လာရတာပါ။

ဒါကိုစလုပ်တော့ Youtube တို့ Instragram တို့ကနေ လေ့လာခဲ့ရတာ။ သင်စရာမရှိဘူး။ မြင်ဆရာတွေအားကိုးနဲ့လုပ်လာတာ။ ကိုယ့်ကိုကိုယ်တိုးတက်ဖို့အတွက် နေ့စဉ်လေ့လာဖြစ်ပါတယ်။ ဒါပေမယ့် စနစ်တကျသာသင်ယူခွင့်ရမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ဖြစ်နိုင်ရင်တော့ သူများတွေလို နိုင်ငံတကာကျောင်းတွေမှာ ဒီပညာကို သင်ယူလေ့လာချင်ပါတယ်။ လို့ ဆုယမင်းပြည့်ကပြောပါတယ်။

ဆုယမင်းပြည့်အတွက် နောက်ထပ်ကြံုတွေ့ရတဲ့အခက်အခဲက မိတ်ကပ်ပစ္စည်းနဲ့ပိုက်ဆံပါ။ တစ်ချို့မိတ်ကပ်ပစ္စည်းတွေကို မြန်မာနိုင်ငံမှာ ဝယ်လို့မရပဲ ပြည်ပကို မှာယူရတာမျိုးတွေ ရှိပါတယ်။ သူက ဒီပညာရပ်ကို လေ့လာနေပေမယ့် တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်တာကြာင့် ဝင်ငွေမရှိပဲ ရုပ်ရှင်ကားအချို့မှာ မိတ်ကပ်လိမ်းပေးလို့ရတဲ့ ငွေနဲ့ပဲ လိုအပ်တဲ့မိတ်ကပ်ပစ္စည်းတွေကို ဝယ်ယူရတာပါ။

မြန်မာနိုင်ငံက မိတ်ကပ်ပညာရှင်အတော်များများလည်း ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်ပြီးမှ အောင်မြင်လာတာဖြစ်လို့ ဆုယမင်းပြည့်ကတော့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို မမှုဘူးလို့ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ဒီပညာကိုလေ့လာပြီးလက်တွေ့လုပ်ဆောင်နေတာ တစ်နှစ်နီးပါးရှိလာပြီဖြစ်လို့ သူ့ပညာကို လက်ခံသူတွေရှိနေပါပြီ။

ပရော်ဖက်ရှင်နယ် မိတ်ကပ်ဆရာမဖြစ်ချင်သူ

မြန်မာနိုင်ငံမှာ ပရော်ဖက်ရှင်နယ်မိတ်ကပ်ပညာရှင်အများစု အလှအပပြင်ဆင်မှုနဲ့သာ ကျော်ကြားအောင်မြင်နေကြပြီး အနိဌာရုံမိတ်ကပ်နဲ့ပတ်သက်ပြီး တတ်ကျွမ်းနားလည်သူလည်း နည်းပါတယ်။ ဆုယမင်းပြည့်ကတော့ လက်ရှိအချိန်မှာ အနိဌာရုံမိတ်ကပ်တွေပဲလိမ်းနေပေမယ့် အလှမိတ်ကပ်ပညာကိုလည်း လေ့လာနေပြီး တစ်နေ့မှာ ပရော်ဖက်ရှင်မိတ်ကပ်ဆရာမဖြစ်ဖို့ ရည်မှန်းထားပါတယ်။

ရှေ့လျှောက်မှာတော့ ဒီ Special FX မိတ်ကပ်ပညာအပြင် အလှမိတ်ကပ်ပညာကိုလည်း လေ့လာပြီး ပရော်ဖက်ရှင်နယ်မိတ်ကပ်ဆရာမတစ်ဦးအနေနဲ့ ရပ်တည်ချင်ပါတယ်။ ပြီးတော့ ဖက်ရှင်ဒီဇိုင်းလဲ စိတ်ဝင်စားတော့ ဖက်ရှင်ပညာကိုလည်း လေ့လာနေပါတယ်။

မြန်မာနိုင်ငံက လူငယ်အများစု ပုံမှန်လမ်းကြောင်းပေါ်ကနေ အောင်မြင်မှုရဖို့ကြိုးစားနေကြသလို ပုံမှန်လမ်းကြောင်းမဟုတ်ပဲ စွန့်ဦးတီထွင် ပညာရပ်တွေနဲ့ အောင်မြင်နိုင်ဖို့ ကြိုးစားနေသူတွေလည်း ဒုနဲ့ဒေးပါ။ SFX မိတ်ကပ်ပညာဟာ လက်ရှိအချိန်မှာ မတွင်ကျယ်သေးပေမယ့် လွန်ခဲ့တဲ့တစ်နှစ်ကနဲ့ နှိုင်းယှဉ်ရင်တော့လက်ခံနားလည်လာကြပါပြီ။ ဆုယမင်းပြည့်လို SFX မိတ်ကပ်ပညာနဲ့ ပရော်ဖက်ရှင်နယ်ရပ်တည်နိုင်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေ ပိုများလာမယ်ဆိုရင် SFX မိတ်ကပ်နယ်ပယ်ဟာ မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် ပရော်ဖက်ရှင်နယ်ရပ်တည်ဖို့ စိတ်ဝင်စားတဲ့ နယ်ပယ်တစ်ခုဖြစ်လာနိုင်ပါတယ်……….။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly