အပြန်အလှန် ဝေဖန်မှုတွေရှိနေတဲ့ ခိုးကူးခွေနဲ့ ကော်ပီတေးသီချင်း

အပြန်အလှန် ဝေဖန်မှုတွေရှိနေတဲ့ ခိုးကူးခွေနဲ့ ကော်ပီတေးသီချင်း
ဓာတ်ပုံ- ဟောင်ဆာ

မြန်မာနိုင်ငံက တေးသီချင်း ထုတ်လုပ်ဖြန့်ချိရောင်းချတဲ့ စျေးကွက်ထဲမှာတော့ ခိုးကူးခွေဆိုတဲ့ စကားလုံးက ဆယ်စုနှစ်တစ် စုကျော်ကြာလာတဲ့ အထိစိုးမိုးလာခဲ့တာပါ။ တစ်ဘက်မှာကလည်း ဂီတအနုပညာရှင်တစ်ချို့ နိုင်ငံတကာသီချင်းတွေကို ပြန်လည်ကူးယူးပြီး စာသားထည့်သွင်း သီဆိုတာမျိုးကလည်း အမြစ်တွယ်နေသေးတာကြောင့် ခိုးကူးခွေနဲ့ ဒီအပေါ်မှာ အပြန်အလှန် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ အဲဒီတော့ ခိုးကူးခွေတွေ ဘာကြောင့် ပြန့်နှံ့နေရဆဲဖြစ်တာလဲ? ခိုးကူးခွေကိစ္စအပြင် မူပိုင်ခွင့် ချိုးဖောက်ခံရမှုတွေ ကာကွယ်ဖို့ လက်ရှိမှာ ဘာတွေလုပ်သွားဖို့ ရှိနေသလဲဆိုတာကို တင်ဆက်ပေးထားပါတယ်။

"အဆိုတော် တော်တော်များများက ကော်ပီသီချင်းတွေ ဆိုခဲ့ကြတယ်၊ ဒါပေမယ့် သူများသီချင်းကို ခိုးဆိုပြီးတော့ ကိုယ့်ရဲ့ သီချင်းကိုခိုးခံရတော့မှာ မကြိုက်တာသည် Fair မဖြစ်ဘူးဆိုတဲ့ အယူအဆရှိပါတယ်" လို့ မူပိုင်ခွင့်ချိုးဖောက်ခံရမှု

ကာကွယ်တားဆီးရေး ပူးပေါင်းကော်မတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောပါတယ်။ 

"တစ်လောကမှ ဖွဲ့စည်းလိုက်တဲ့ မူပိုင်ခွင့်ချိုးဖောက်ခံရမှု ကာကွယ်တားဆီးရေးပူးပေါင်းကော်မတီရဲ့ တာဝန်ရှိသူ တစ်ဦးကလက်ရှိ မြန်မာ့ ဂီတလောက ရေစီးကြောင်းကို ဝေဖန်လိုက်တာပါ။ ခိုးကူးခွေဖြန့်ချိတာတွေကို ဥပဒေဘောင်ထဲကနေ တားဆီးဖို့ကျတော့ ခေတ်နဲ့ လျော်ညီတဲ့ မူပိုင်ခွင့် ဥပဒေကို အမြန်ဆုံးပြဌာန်းနိုင်ဖို့ကလည်း လိုအပ်နေပြန်ပါတယ်။" လို့ ၎င်းက ဆက်ပြောပါတယ်။ 

လူငယ်အမျိုးသမီးအဆိုတော်တစ်ဦးဖြစ်တဲ့ အမွန်းကတော့ ကိုယ်ပိုင်ဖန်တီးထားတဲ့ သီချင်းတွေနဲ့ ကမ္ဘာပတ်ဖို့ ကြိုးစားနေတာပါ။ ကိုယ်ပိုင်ဖန်တီးထားတဲ့ သီချင်းတွေ ခိုးယူဖြန့်ချိခံနေရတာနဲ့ ပတ်သက်ပြီး သူမအနေနဲ့ အဲဒီအပေါ်မှာ ခံစားချက်ရှိပေမယ့် ခိုးကူးခွေတွေကြောင့် သူမရဲ့ သီချင်းတွေ တစ်နိုင်ငံလုံးကို ပြန့်နှံခဲ့တာဖြစ်တယ်လို့လည်း ပြောပြလာပါတယ်။

"ဘယ်သူမှ ခိုးကူးမလိုချင်ဘူး အမွန်းကိုယ်တိုင်လဲတိုက်ဖျက်နေတယ်၊ ဒါပေမယ့် အမွန်းတို့ရဲ့သီချင်းတွေကို ပရိသတ်တွေဆီကိုလူတိုင်းဆီရောက်တဲ့ နည်းက ခိုးကူးနည်းတစ်နည်းနဲ့က ဖြစ်ခဲ့တယ်။" လို့ တေးသံရှင် အမွန်းက ပြောပါတယ်။ 

အဲဒီ့လိုခိုးကူးဖြန့်ချိနေတဲ့ စျေးကွက် ..ဘာ့ကြောင့် ကျယ်ပြန့်နေရတာလဲဆိုတာနဲ့ ပတ်သက်ပြီး အမွန်းကသူမရဲ့ လေ့လာတွေရှိရတာကို ဒီလို ဆက်ပြောပြ ထားပါသေးတယ်။

"အမြင်တွေက အများကြီးပဲ ဘာလို့လဲဆိုတော့ ခိုးကူးကိုဘယ်သူမှ သဘောမကျကြဘူး၊ ဒါပေမယ့် တစ်နည်းဘက်က စဉ်းစားမယ်ဆိုရင် အမွန်းတို့ တစ်နိုင်ငံလုံးမှာ ဖြန့်ချိတဲ့ သူတွေက ဖြန့်ချိရင်တောင်မှ နေရာတကာမှာ စတိုးဆိုင်တွေ မရှိသေးဘူး တစ်နိုင်ငံလုံးမှာ music ဆိုင်တွေမရှိသေးဘူး အမွန်းသွားတဲ့ နယ်ဆိုရင် ဥပမာ မွန်ပြည်နယ်လား ဒါမှ မဟုတ်ဧရာဝတီတိုင်းလား တစ်နေရာရောက်သွားပြီဆိုရင် အမွန်းအမြဲစစ်ဆေးတယ်။" လို့ တေးသံရှင် အမွန်းက ဆက်ပြောတာပါ။ 

လက်ရှိအချိန်မှာဆို နိုင်ငံရဲ့ တေးသီချင်းဖြန့်ချိတဲ့ အဓိကစျေးကွက်ဖြစ်တဲ့ ရန်ကုန်မြို့မှာတောင် ဖြန့်ချိရေးဆိုင်တွေဆိုရင် လက်ချိုးရေလို့ရတဲ့ အခြေအနေပါ။ လက်ရှိအချိန်မှာ ပြည်တွင်းက အနုပညာရှင်တွေအပါအဝင် အသိပညာရှင်၊ အတတ်ပညာရှင်တွေပါ၀င်တဲ့ မူပိုင်ခွင့် ချိုးဖောက်ခံရသူများ ကာကွယ်တားဆီးရေးပူးပေါင်းကော်မတီကို ဖွဲ့စည်းထားပြီး ဒီအဖွဲ့အစည်းကနေ ခိုးကူးခွေနဲ့ မူပိုင်ခွင့်ချိုးဖောက်ခံရတာတွေကို အထိရောက်ဆုံး အကာအကွယ်ပေးသွားနိုင်ဖို့ မျှော်လင့်တယ်လို့ တေးသီချင်းမူပိုင်ရှင်များအသင်းရဲ့ တာဝန်ရှိသူဖြစ်တဲ့ တေးရေးဆရာ ဦးမြင့်မိုးအောင်က ပြောဆိုထားပါတယ်။

"မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ ပတ်သတ်တဲ့ ပြသနာကို ဆောင်ရွက်တဲ့နေရာမှာ တစ် ယောက်ဆီ ဆောင်ရွက်နေကြတာပေါ့။ ကုမ္ပဏီဆိုလည်း ကုမ္ပဏီဘက်က ချိုးဖောက်ခံရပြီဆိုလိုက်ပြီး ဖမ်းတယ်ပေါ့နော်။ ဆရာတို့ဆိုလည်း ကိုယ့်သီချင်းတွေ အတွက် ရုပ်မြင်သံကြားဌာနတွေဆီကိုသွားပြီး တောင်းဆိုရတာပေါ့နော်။ တစ်ဖွဲ့ ချင်းတစ်ယောက်ချင်းလုပ်တော့ ခက်ခဲတာပေါ့။ အခုကျတော့ အဖွဲ့အစည်း ဖြစ်သွားပြီ၊ သူ့ကို ပြည်သူ့လွှတ်တော်ကလည်း ထောက်ခံမှုပေးထားတယ်၊ အစိုးရအဖွဲ့အစည်းတွေကလည်း အသိအမှတ်ပြုထားမယ်ဆိုရင် အများကြီး ထိရောက်မယ်လို့ ထင်တယ်။" လို့ တေးသီချင်းမူပိုင်ရှင်များ အသင်းရဲ့ ဒုတိယ ဥက္ကဋ္ဌ တေးရေးမြင့်မိုးအောင်က မဇ္ဈိမကို ပြောပါတယ်။ 

တစ်ဘက်မှာလည်း ခိုးကူးခွေ ဖြန့်ချိနေတာနဲ့ ပတ်သက်ပြီးတော့ ဥပဒေအကြောင်းတရားအရ ကာကွယ်တားဆီးဖို့ အနုပညာ ပစ္စည်းဖန်တီးမှုဆိုင်ရာ မူပိုင်ခွင့်ဥပဒေကို ထုတ်ပြန်ဖို့ လိုအပ်လာနေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၁၉၁၄ ခုနှစ် လွတ်လပ်ရေးမရခင်ကတည်းက အထွေထွေမူပို်င်ခွင့် ဥပဒေရှိခဲ့ပေမယ့် ခေတ်နဲ့လျော်ညီမှု မရှိတာကြောင့် ပြန်လည်ပြင်ဆင် ပြဌာန်းရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly