တစ်နိုင်ငံလုံး အပစ်ရပ်ဆွေးနွေးပွဲအတွက် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ အကြိုစည်းဝေး

တစ်နိုင်ငံလုံး အပစ်ရပ်ဆွေးနွေးပွဲအတွက် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ အကြိုစည်းဝေး

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် (Senior Delegation-SD) က ဇူလိုင် ၂၂ ရက် တွင် ရန်ကုန်မြို့၌ အစိုးရနှင့် ဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင် အစည်းအဝေးကို ဇူလိုင်လ ၁၇ ရက်တွင် ပြုလုပ်ခဲ့သည်။

“UPWC နှင့် ကျွန်တော်တို့ တွေ့ဖို့အတွက် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်တာပါ။ ဆွေးနွေးဖို့နဲ့ သွားရေး လာရေးအတွက် လည်းပြင်ဆင်တယ်။ ကျွန်တော်တို့ ဆွေးနွေးရမယ့် အချက်တွေ ဆွေးနွေးတယ်။ အင်န်စီအေနဲ့ ပတ်သက်တဲ့ လော်ခီးလာ တင်ပြတဲ့အချက်တွေ ဆွေးနွေးမှာ” ဟု SD အဖွဲ့ဝင် ပဒိုကွယ်ထူးဝင်းက မဇ္ဈိမကို ပြော သည်။

ဇူလိုင်လ ၂၂ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တို့ NCA အပေါ် ပြင်ဆင်ဖြည့်စွက်ချက်များ ဆွေးနွေးနိုင်ရေး၊ လက်မှတ် ရေးထိုးမှုတွင် အားလုံးပါဝင်ရေး ၊နိုင်ငံတကာ အသိသက်သေများ ပါဝင်လက်မှတ်ရေးထိုးရေးတို့ကို ဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရသည်။

အဆင်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့၏ ကြိုတင်ပြင်ဆင်သော အစည်းအဝေးကို ချင်းမိုင်မြို့ရှိ Holiday Inn တွင် ပြုလုပ်နေပြီး ဇူလိုင် ၁၈ ရက်ထိ ပြုလုပ်သွားမည် ဖြစ်သည်။

UPWC နှင့် အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့တို့ ဇူလိုင် ၂၂ ရက်တွင် တွေ့ဆုံဆွေးနွေးရန် သဘော တူညီမှု ရရှိခဲ့ ပြီးနောက် NCA နှင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရန် နိုင်ငံရေးမူဘောင်များနှင့် ပတ်သက်၍ ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ၏ ဥက္ကဋ္ဌများ ဦးဆောင်၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေ စိုက်ပြည်ထောင်စု သိပ္ဗံ (Pyidaungsu Institute) ရုံးတွင် ဇူလိုင် ၁၆ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့သည်။

“သုံးချက်ဆွေးနွေးပါတယ်။ အင်န်စီအေ၊ Framework (နိုင်ငံရေးမူဘောင်) နဲ့ ရှေ့လုပ်ငန်းစဉ်တွေ ဆွေးနွေးတယ်။ အခုအချိန် မှာဖြစ်နေတဲ့ ဖြစ်စဉ်တွေကို ပြန်ပြီး သုံးသပ်ကြတယ်။ လိုအပ်တဲ့ ဆွေးနွေးမှုကိုလည်း ညှိပါတယ်၊ ကြိုတင်ပြင်ဆင်ထားတဲ့ သဘောပါ” ဟု RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

ထိုအစည်းအဝေးသို့ KNU မှ ဥက္ကဋ္ဌ ဗိုလ်ချုပ် မူတူးစေးဖိုးအပါအဝင် ကိုယ်စားလှယ် သုံးဦးနှင့် RCSS မှ ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ် အပါအဝင် ကိုယ်စားလှယ် လေးဦးတို့ တက်ရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အလားတူ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ မူဘောင် ရေးဆွဲရေး အဖွဲ့မှ ပဒိုကွယ်ထူးဝင်း ဦးဆောင်သောကိုယ်စားလှယ် ၅ ဦးကလည်းနိုင်ငံရေးမူဘောင်နှင့် ပတ်သက်၍တွေ့ဆုံဆွေးနွေးခဲ့သည်ဟု အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ NCCT ၏ ဒုတိယ ခေါင်းဆောင်လည်း ဖြစ်သူ ပဒိုကွယ်ထူးဝင်းက မဇ္ဈိမကို ပြောသည်။

“အင်န်စီစီတီက Framework ရေးဆွဲရေး အဖွဲ့ဝင်တွေ တွေ့ကြတယ်။ ကျွန်တော်တို့ ရေးဆွဲထားတာကို ပြန်ပြီး သုံးသပ်တယ်။ ကျွန်တော်တို့ ရေးဆွဲတဲ့ မူဘောင်က အင်န်စီအေ အပေါ်မှာ အခြေခံပြီး ရေးဆွဲရမယ် ဆိုတော့ အင်န်စီအေ အတည်မပြု သရွေ့တော့ ရေးဆွဲလို့ မပြီးဘူး” ဟု ၎င်းက ပြောသည်။  

အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းလိုက်သော်လည်း NCCT အား ဖျက်သိမ်းခြင်း မရှိသေး သဖြင့် နိုင်ငံရေး မူဘောင်နှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးညှိနှိုင်းရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly