တောင်ကိုရီးယားသမ္မတ နုတ်ထွက်ရေး ပြည်သူအင်အား တစ်သန်းကျော်ထက်မနည်း တောင်းဆိုဆန္ဒပြ

တောင်ကိုရီးယားသမ္မတ နုတ်ထွက်ရေး ပြည်သူအင်အား တစ်သန်းကျော်ထက်မနည်း တောင်းဆိုဆန္ဒပြ

ဆိုးလ်၊ နိုဝင်ဘာ ၁၂ ။             ။ တောင်ကိုရီးယားနိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း အကြီးဆုံးဖြစ်သည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှု၌ သမ္မတပတ်ဂွန်ဟေး နုတ်ထွက်ရေး တောင်းဆိုဆန္ဒပြကြသည့် ဆိုးလ်မြို့လမ်းများပေါ်က ဆန္ဒပြအင်အားသည် တစ်သန်းကျော်ထက်မနည်းအထိ ရှိလာသည်။

သမ္မတပတ်ဂွန်ဟေး၏ နိုင်ငံရေးဘဝရပ်တည်မှုအတွက် စိန်ခေါ်မှုများ ဖြစ်နေသည့် ဆိုးလ်မြို့တော်အတွင်း ဆန္ဒပြမှုများကို ထိန်းသိမ်းရန် ရဲတပ်ဖွဲ့ဝင်အင်အား ၂၅၀၀၀ နီးပါး တပ်ဖြန့်ချထားသည်။

ပြည်သူများ၏ စိတ်ဆိုးဒေါသကို ဖြေသိမ့်ပေးမှုအဖြစ် ပတ်ဂွန်ဟေးအနေဖြင့်လည်း တောင်းပန်စကားများ ပြောခြင်း၊ ထိပ်တန်းတာဝန်ရှိသူများအား ပြန်လည်ခန့်အပ်ဖွဲ့စည်းခြင်းနှင့် ၎င်း၏ အထူးလုပ်ပိုင်ခွင့် အာဏာတစ်ချို့အား စွန့်လွှတ်ဖို့ ကတိပေးခြင်းများ လုပ်ဆောင်ခဲ့သော်လည်း လူထုက ရာထူးက ဆင်းပေးဖို့သာ မရမနေတောင်းဆိုနေကြခြင်းဖြစ်သည်။

ပတ်ဂွန်ဟေးပေါ်တွင် ကာလကြာရှည်မိတ်ဆွေဖြစ်ခဲ့သူ ရိုးရာဓလေ့နတ်ဆရာတစ်ဦး၏ သမီးဖြစ်သူက လွန်ကဲစွာသြဇာလွှမ်းမိုးထားသည်ဟု စွပ်စွဲမှုများလည်း ရှိနေသည်။

ချောင်ဆောင်စီဆိုသည့် ပတ်ဂွန်ဟေး၏ သူငယ်ချင်းအမျိုးသမီးဖြစ်သူသည် ၎င်းထိန်းချုပ်သည့် ဖောင်ဒေးရှင်းများသို့ ဒေါ်လာငွေအမြောက်အမြားလှုဒါန်းရန် စီးပွားရေးလုပ်ငန်းများအား ဖိအားပေးခြင်း၊ သမ္မတလက်ထောက်များ ရွေးချယ်ရာတွင် ပါဝင်ခြင်းတို့အပြင် သမ္မတ၏ ဝတ်စားဆင်ယင်မှုကိုပင် ၎င်းက ရွေးချယ်ပေးသည်ကို  ဝတ်ဆင်နေရသည်ဟု စွပ်စွဲချက်များ ရှိထားသည်။

နိုဝင်ဘာ ၄ ရက်နေ့က ပတ်ဂွန်ဟေးအနေဖြင့် ဖြစ်ပျက်သည့် ကိစ္စရပ်များအတွက် ပြည်သူထံသို့ ရုပ်မြင်သံကြားမှတစ်ဆင့် တောင်းပန်ခဲ့သည်။

နိုင်ငံတော်သို့ ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောရာတွင် မျက်ရည်ကျလုနီးပါးဖြင့် ချောင်ဆောင်စီအပေါ် မိမိ၏ ယုံကြည်မှုအား လုံးလုံးမှားယွင်းပါသည်ဟု ပြောဆိုခြင်းအပါအဝင် ဖြစ်ပျက်သည့်
ကိစ္စရပ်များအတွက် တောင်းပန်စကားပြောကြားခဲ့သည်။

ချောင်ဆောင်စီအား နိုဝင်ဘာ ၃ ရက်နေ့တွင် အာဏာအလွဲသုံးမှု၊ ဟန်ဆောင်လိမ်လည်မှုများဖြင့် ဖမ်းဆီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly