၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် သတိနဲ့ယှဉ် ဆင်ခြင်ပြင်ဆင်နိုင်ဖို့အရေး

၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် သတိနဲ့ယှဉ် ဆင်ခြင်ပြင်ဆင်နိုင်ဖို့အရေး

မိမိတို့ တိုင်းပြည်ရယ်လို့ မဟုတ်ပါ။ မည်သည့်တိုင်းပြည်မဆိုရွေးကောက်ပွဲ နီးလာတာနဲ့အမျှ နိုင်ငံရေး နယ်ပယ် အတွင်းဖြစ်ထွန်း မှုအခြေအနေတွေဟာ ပိုမိုမြန်ဆန်၊ ပိုမိုရှုပ်ထွေးလာတတ်တာ အားလုံး အသိပါပဲ။

ဘယ်လိုရှုပ်ထွေး ဘယ်လိုဖြစ်ထွန်းလာတတ်တယ်ဆိုတာသာ မတူကြတာပါ။ ဒါဟာ ဘာကြောင့်ပါလဲ။ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့်နိုင်ငံရေး  ပါတီတွေဟာ ရွေးကောက်ပွဲမှာ  အနိုင်ရဖို့ အတွက် နိုင်ငံရေး အခင်းအကျင်းတွေပြင်ဆင် ကြရသလိုပဲ တနိုင်ငံလုံး နဲ့ချီပြီး မစဉ်းစားသည့်တိုင် တစုံတရာ အင်အား ချိနဲ့တဲ့ နိုင်ငံရေးပါတီလေးတွေ အနေနဲ့လည်း မိမိတို့ပါတီ အကျိုး အတွက် မဟာမိတ်ပါတီ ရှာကြရတာမျိုးကအစ ပြင်ကြဆင်ကြရပါတယ်။

ဒီတစ်ရက်နှစ်ရက်အတွင်း မိမိတို့နိုင်ငံရဲ့ အင်အားကြီးပါတီကြီး နှစ်ခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့ရဲ့ ထိတွေ့ဆွေးနွေးနေမှုတွေ၊ တိုင်းရင်းသားပါတီတချို့နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ မဟာမိတ် ဖွဲ့နိုင်ရေး ဆွေးနွေးမှုတွေ အစရှိတဲ့ နိုင်ငံရေးပါတီများရဲ့ အလှုပ်အရှား အရွေ့များ ဟာ စိတ်ဝင်စားဖို့ ကောင်းတာ အမှန်ပါပဲ။

ဒါတွေဟာ စကားပြောရုံသက်သက် ထိတွေ့ကြတာ၊ ဟန်ပြလုပ်နေကြတာမျိုးတော့ မဟုတ်တော့ပါဘူး။ သံတမန် ဆက်ဆံရေးမျိုး လည်းမဟုတ်လောက်ပါဘူး။ အပေးအယူ အလျှော့ အတင်းနဲ့ ရွေးကောက်ပွဲဆိုင်ရာ ၊ရွေးကောက်ပွဲ ပြီးနောက်ပိုင်းဆိုင်ရာ အလားအလာတွေအပေါ် ချိန်ထိုးကြည့်ပြီးမှ မိမိတို့ ပါတီအကျိုးဖြစ်ထွန်း စေမယ့်ကိစ္စတွေကို ဆွေးနွေးလာကြတာ ဖြစ်တယ် ဆိုတာ ထင်ရှားပါတယ်။

ဒီလို နိုင်ငံရေးပါတီတွေ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ထိတွေ့နေကြတာ ကောင်းပါတယ်။ ရှောင်လွဲလို့ မရတဲ့ ကိစ္စတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံရေးပါတီမဆို ရွေးကောက်ပွဲမတိုင်ခင် တိုင်းပြည်ရဲ့ နိုင်ငံရေး အခင်းအကျင်း အနေအထားကို ထည့်တွက် ကြရမှာကလည်း မလွဲပါဘူး။

ဥပမာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး အခြေအနေ၊ စီးပွားရေးအခြေအနေ အစရှိတဲ့ မြေပြင်အခြေအနေများကို မျက်နှာလွှဲပြီးမှ လှုပ်ရှား လို့မဖြစ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ၂၀၁၅ရွေးကောက်ပွဲဟာ အဲဒီအချက် တွေအပေါ် ပုံစံတစ်မျိုးနဲ့ တည်မှီနေလို့ပဲဖြစ်ပါတယ်။

ရွေးကောက်ပွဲဆိုတာ တည်ငြိမ်အေးချမ်းမှုမရှိဘဲ ကျင်းပလို့ မရနိုင်ပါဘူး။ ကျင်းပလို့ ရတယ်ဆို ရင်လည်း အဲဒီရွေးကောက်ပွဲဟာ မှန်ကန်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ပါဘူး။ နိုင်ငံရေး စစ်ရေး စီးပွားရေး တည်ငြိမ်နေမှသာ လျှင် ကျင်းပလို့ ရနိုင်ပါတယ်။

ဒါမှသာ လွတ်လပ်ပြီး တရားမျှတ မှန်ကန်တဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာပါ။ ဒီလိုစဉ်းစားတဲ့အခါ မိမိတို့ နိုင်ငံထဲက ပြည်တွင်းစစ် မီးကြွင်းမီးကျန်တွေရဲ့အခြေအနေက အချိန်မရွေးနေရာအနှံ့ ကူးစက်တောက်လောင် သွားနိုင်စရာ အကြောင်းမြင်နေရပြန် ပါတယ်။

တစ်ခါ အချိန်မရွေး အုပ်စုဖွဲ့တိုက်ခိုက် ရမ်းကားလို့ ရနိုင်တဲ့အဖြစ်မျိုး ကလည်း အချိန်မရွေး ဖြစ်လာနိုင်ပါတယ်။ မီးစပေါ် ဓာတ်ဆီလောင်းပြီး မီး အကြီး အကျယ် မလောင်လာနိုင်ဘူးလို့ မည်သူမျှ မပြောနိုင်လောက်တဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။

တယူသန် အစွန်းရောက် အကြမ်းသမားတွေနဲ့ မသမာတဲ့ ပုဂ္ဂိုလ်များ ပေါင်းမိပြီး လူမျိုးရေး အဓိကရုဏ်း တွေ၊ ဘာသာရေး တိုက်ခိုက်မှုတွေဟာ ကံအားလျော်စွာ ဗြုန်းကနဲ ထဖြစ်လာနိုင်တဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ လည်း သုံးသပ်ကြတာ ရှိပါတယ်။

ဒါကြောင့်မို့ မိမိတို့ပြည်သူများအနေနဲ့ကော နိုင်ငံရေးပါတီများအနေနဲ့ကော ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ မထင်မှတ်တဲ့နေရာက မထင်မှတ်တဲ့ အဖျက်အဆီးလုပ်ရပ်များ ပေါ်ပေါက် မလာရလေအောင်၊ ပေါ်ပေါက်လာရင် လည်း ဘယ်လိုကာကွယ်ကြမလဲ ဆိုတဲ့ တွေးဆချက်မျိုးတော့ မလွဲမသွေ ရှိနေကြရမယ်လို့ ယူဆမိပါတယ်။

သေချာတာကတော့ ၂၀၁၅ ရွေးကောက်ပွဲဟာ လိုတဲ့သူရှိသလို မလိုတဲ့သူတွေ ရှိနေတယ် ဆိုတဲ့အချက်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ အခြေအနေ ကောင်းမယ်လို့ ယူဆရသူတွေ ရှိသလို အခြေအနေ မျှော်လင့်ချက်မဲ့တော့ မယ့် ဟန်ရှိသူတွေ ရှိနေတယ်ဆိုတဲ့ အချက်၊ ဒီအချက်တွေအပေါ် မူတည်ပြီး ပြင်ဆင်စဉ်းစား အသင့်ရှိဖို့ လိုအပ် ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags