အိုမန်နှင့် ခြေစမ်းကစားခွင့် ရရန်အတွက် ဒေါ်လာနှစ်သိန်းခန့် အဖွဲ့ချုပ်အကုန်အကျ ခံခဲ့ရ

အိုမန်နှင့် ခြေစမ်းကစားခွင့် ရရန်အတွက် ဒေါ်လာနှစ်သိန်းခန့် အဖွဲ့ချုပ်အကုန်အကျ ခံခဲ့ရ

နိုဝင်ဘာ ၁၁၊ ရန်ကုန်။                      ။ နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ကစားမည့် မြန်မာ-အိုမန်ချစ်ကြည်ရေး ခြေစမ်းပွဲအတွက် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အနေဖြင့် ကုန်ကျစရိတ် ဒေါ်လာနှစ်သိန်းခန့် သုံးစွဲခဲ့ရသည်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့် အိုမန်နှင့်ခြေစမ်းပွဲမှာ ဆူဇူကီးအကြို ပြင်ဆင်မှုနောက်ဆုံး ခြေစမ်းပွဲဖြစ်ပြီး ယင်းပွဲစဉ်အပြီးတွင် အပြီးသတ် လူစာရင်းထုတ်ပြန်မည် ဖြစ်သည်။   မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့် မူလက အီရန်လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားရန် စီစဉ်ထားသော်လည်း အီရန်အသင်းအတွက် ပေးချေရမည့် ကစားကြေးမှာ   မြင့်မားလွန်းသည့် အတွက် အိုမန်နှင့်ခြေစမ်းရန် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ အိုမန်အသင်းကို ကစားကြေးဒေါ်လာ လေးသောင်း ပေးရပါတယ်။ ပြီးတော့ လေယာဉ်လက်မှတ်ဖိုး၊ တည်းခိုစရိတ်၊ စားစရိတ် အားလုံးကို အဖွဲ့ချုပ်က အကုန်အကျ ခံရပါတယ်။ စုစုပေါင်း ဒေါ်လာ နှစ်သိန်းလောက် ကုန်ပါတယ်။ အီရန်အသင်းက ကစားကြေး ဒေါ်လာ တစ်သိန်း တောင်းတဲ့အတွက် ခြေစမ်းပွဲ ပျက်ခဲ့ရတာပါ။ ဟု မြန်မာနိုင်ငံ   ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှာ ဆူဇူကီးဖလားပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ဥရောပနိုင်ငံများသို့ ခြေစမ်းခရီးများ ထွက်ခဲ့သလို စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားစသည့် အသင်းများနှင့်   ခြေစမ်းပွဲများ ကစားခဲ့သည်။ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှာ နည်းပြ ဂတ်ဇီဆီလက်ထက် နိုင်ငံလက်ရွေးစင် အသင်းများနှင့် ကစားခဲ့သော ခြေစမ်းပွဲနှင့် ခြေစစ်ပွဲများတွင်   နိုင်ပွဲတစ်ပွဲသာ ရထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly