အဏုမြူဗုံးမရရှိရေးလိုအပ်ပါက အီရန်ကိုတိုက်ခိုက်ရန် အစ္စရေး ထက်ဝက်နီးပါးထောက်ခံ

အဏုမြူဗုံးမရရှိရေးလိုအပ်ပါက အီရန်ကိုတိုက်ခိုက်ရန် အစ္စရေး ထက်ဝက်နီးပါးထောက်ခံ

ဂျေရုဆလင်၊ ဇူလိုင် ၁၇ ။   ။ အီရန်အဏုမြူဗုံးရရှိခြင်းမှ တားဆီးရန်အီရန်အား တစ်ဖက်သတ် တိုက်ခိုက်မှုပြု လုပ်ခြင်းကို အစ္စရေး လူမျိုးထက်ဝက်နီးပါးက ထောက်ခံကြောင်း ဇူလိုင် ၁၄ က အီရန်နှင့် အင်အားကြီးနိုင်ငံများကြား နျူကလီးယား သဘောတူညီချက် ရပြီးနောက် ပြုလုပ်သော လူထုသဘောထားစစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

အဆိုပါနျူကလီးယားသဘောတူညီချက်က အီရန်ကို နျူကလီးယားလက်နက်တစ်ခုရရှိရေး အရှိန်မြင့်စေနိုင်သည်ဟု စစ်တမ်းဖြေ ဆိုသူ လေးပုံသုံးပုံနီးပါးက ဖြေကြားခဲ့သည်။ အီရန်အား နျူလက်နက်မရစေရန် အစ္စရေးက စစ်ရေးအရအရေး ယူမှုကိုထောက်ခံ သလားဟု မေးသောအခါ ဖြေဆိုသူ ၄၇ ရာခိုင်နှုန်းက ထောက်ခံကြောင်း ဖြေကြားခဲ့ကြသည်။ ၃၅ရာခိုင်နှုန်းက မထောက်ခံဘဲ ၁၈ ရာခိုင်နှုန်းက သဘောထားမပေးတတ်ကြောင်း ဖြေကြားခဲ့ကြသည်။

နျူသဘောတူညီချက်က အီရန်ကို နျူဗုံးရရှိရေး ပိုမိုနီးကပ်သွားစေသည်ဟု ထင်ပါသလားဟု မေးသောအခါ နီးစပ်သွားစေနိုင်သည် ဟု ၇၁ ရာခိုင်နှုန်းက ဖြေဆိုခဲ့သည်။ စစ်တမ်းကို Panels Politics Polling Institute ကပြုလုပ်ခဲ့ပြီး နမူနာအရွယ်အစားနှင့် မှားယွင်းကိန်းပမာဏကိုလည်း မဖော်ပြခဲ့ပေ။ အစ္စရေးသည် ၎င်း၏ ကမ္ဘာရန် အီရန်နှင့် သဘောတူညီချက်မှန်သမျှ ဆန့်ကျင်နေ သည်မှာ ကြာမြင့်နေပြီဖြစ်သည်။ အီရန်နှင့် အင်အားကြီးနိုင်ငံများ၏ နျူသဘောတူညီချက်ကို သမိုင်းဝင်အမှားဟု အစ္စရေး ဝန်ကြီး ချုပ် ဘင်ဂျမင်နေတန်ယာဟုက ကင်ပွန်းတပ်ခဲ့သည်။

အီရန် နျူလက်နက်တစ်ခုမရရှိရေး တားဆီးရန် လိုအပ်ပါက စစ်ရေးအရအရေးယူမည်ဟု ၎င်းက အကြိမ်ကြိမ်ခြိမ်းခြောက်ထား သည်။အစ္စရေးသည် ကြေညာခြင်းမပြုသော်လည်း အရှေ့အလယ်ပိုင်း၏ တစ်ခုတည်းသောနျူလက်နက်ပိုင်ရှင်ဖြစ်သည်ဟု ယုံကြည်ကြသည်။

အီရန်ကမူ နျူလက်နက်တစ်ခုရရှိရန် ရည်ရွယ်ချက်မရှိကြောင်း အစဉ်တစိုက်ငြင်းဆိုလျက်ရှိပြီး ၎င်း၏ နျူကလီးယားအစီအစဉ်မှာ ငြိမ်းချမ်းသော စွမ်းအင်နှင့် ဆေးဝါးသုတေသနလုပ်ငန်းများအတွက်သာ ဖြစ်ကြောင်း ပြောကြားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly