သက်ငယ်မုဒိမ်းမှုတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းကြမလဲ (အပိုင်း ၃)

သက်ငယ်မုဒိမ်းမှုတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းကြမလဲ (အပိုင်း ၃)

ပျိုးလက်ဟန်

Rainfall Gender Studies Organization

မဥမ္မာမြင့်အနေနဲ့ရော ကျွန်မတို့တွေ ဥပဒေဆိုင်ရာတွေမှာပေါ့နော် တိုင်ကြားမှုတွေနဲ့ ပတ်သက်ပြီးတော့မှ ဘယ်လိုအခြေအနေတွေ ရှိနေသလဲ နောက်တစ်ခုကကျတော့ ကျွန်မတို့ ဒီ ပြစ်မှု ပြစ်ဒဏ်တွေအပေါ်မှာ အားနည်းချက်တွေ ရှိခဲ့တယ်ဆိုရင် ဘယ်လိုမျိုး အားဖြည့်တာတွေ လုပ်ဆောင်သင့်သလဲဆိုတာလေး ဆွေးနွေးပေးပါဦးရှင်။

ဒေါ်ဥမ္မာမြင့်

ပြည်ကြီးခင်အဖွဲ့

ပြစ်မှုကတော့ ကြီးလေးတဲ့ပြစ်မှု ချမှတ်တာတော့ အကောင်းဆုံးပဲပေါ့။ ဒါပေမယ့် ဒီပြစ်မှုချတိုင်းလည်း လူတွေအကုန်လုံးက လိုက်နာတာ မဟုတ်ဘူးပေါ့။ ဒါပေမယ့် လူတွေအကုန်လုံးကလည်း ခုနက အမပြောသလိုပဲပေါ့ ဒီပြစ်မှုက ကြီးတယ်ဆိုတာကို သိမှ ဒီပြစ်မှုကို ရှောင်ရှားမှာပေါ့နော်။ အဲဒါက တစ်ခုပေါ့။

နောက်တစ်ခုက အမတို့က ခုနကပြောသလို မတော်မတရား စော်ကားနေတယ်ဆိုတာကို အမတို့ သံသယရှိတယ်။ တကယ်လို့ မတော်မတရား စော်ကားနေတာကိုလည်း အမတို့ တွေ့နေပြီ။ ဒါမှမဟုတ်ရင်လည်း ကိုယ့်ဆီကို လာတိုင်တယ်။ အဲလိုမျိုးအချိန်မှာ အမတို့မှာ ပြန်ပြီးတော့ ဘယ်ကို တိုင်ရမလဲပေါ့နော်။ အမှန်တကယ်ကတော့ အမတို့မှာ တိုင်စရာ နေရာတစ်ခု ရှိရမှာပေါ့။ မဖြစ်ခင် ကြိုပြီးတော့ တိုင်ရမယ်ဆိုလည်း ဘယ်နေရာကို တိုင်ရမလဲ တိုင်ကြားသင့်တဲ့ နေရာပေါ့နော်။ အိန္ဒိယတို့ ဘာတို့မှာဆို သူတို့မှာ Hotline ရှိတယ်။ အဲဒီ Hotline ကို လှမ်းတိုင်လို့ရတယ်။ အဲလိုမျိုး အမတို့မှာ Hotline လေးရှိရင် မသင်္ကာစရာတွေ့တယ်၊ သံသယရှိစရာတွေ့တယ်၊ တကယ်ကို စော်ကားနေပြီ ကိုယ့်ကို လာဖွင့်ပြောနေပြီ ဆိုတဲ့အခါကျရင် အမတို့က တိုင်ကြားစရာ နေရာမရှိဘူး။ အဲဒါက အမတို့ရဲ့ အားနည်းချက်ပေါ့နော်။ နောက်ပြီးတော့ ဥပဒေမှာလည်း အားနည်းချက်အနေနဲ့ကတော့ ခုနကလို ဥပဒေက အမတို့ဆီမှာ အသက် သိပ်မဝင်သေးဘူးပေါ့နော်။ အရမ်းလညး် မထိရောက်သေးဘူး။ ဥပဒေက အမတို့အပေါ်မှာ ချမှတ်တာကို အရမ်းအားနည်းနေတာကို တွေ့ရတယ်။

ပျိုးလက်ဟန်

Rainfall Gender Studies Organization

ဒီ ကလေးတွေရဲ့ နောက်ပိုင်းအခြေအနေကရော ဒီလိုမျိုး ကျူးလွန်ခံရပြီဆိုရင် ဘယ်လိုအခြေအနေတွေနဲ့ သူတို့တွေ ရင်ဆိုင်ရသလဲ။ ဥပမာ ကျောင်းမှာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် မိသားစုထဲမှာပဲ ဖြစ်ဖြစ်ပေါ့နော်။

ဒေါ်နန်းထွေး

အခရာအဖွဲ့

ကျွန်မ ဥပမာလေး ပြောရမယ်ဆိုရင် ရ နှစ်သမီးအရွယ်လေးက မုဒိမ်းကျင့်ခံရတာ တစ်ရပ်ကွက်လုံး သိသွားတယ်။ ကျောင်းကလည်း သိသွားတယ်။ အဲဒီတော့ သူ့ကျောင်းခန်းထဲမှာဆိုရင် အချင်ချင်း ကလေးအချင်းချင်း ဟဲ နင့်ကို အဖိုးကြီးက စော်ချလိုက်တယ်လို့ ဆိုပြီး အချင်းချင်း ပြောဆိုတာတွေကို သူခံရတယ်။ အဲဒီတော့ သူက စာလည်းမသင်ချင်ဘူး ကျောင်းကိုလည်း မသွားချင်တော့ဘူး။ ဒါပေမယ့် အဲဒီကျောင်းက ဆရာမတွေက အရမ်းကို တော်ကြပါတယ်။ အဲလိုမပြောရဘူး အဲလိုပြောရင် ဥပဒေနဲ့ ညိတယ်ဘာညာ သေချာဆုံးမတယ်။ အဲလို ဆရာမတွေက အမျိုးမျိုး ဆုံးမတဲ့အခါကျတော့ ထပ်ပြီးတော့ အပြောမခံရတော့ဘူး။ အမေကိုလည်း နားလည်တယ်။ ကလေးကိုလည်း နားလည်တယ်။ ကျောင်းကလည်း နွေးနွေးထွေးထွေး ရှိတဲ့အခါကျတော့ သူ အခု ကျောင်းပြန်တက်နေတယ်ပေါ့နော်။

နောက်ပြီးတော့ ၁၃ နှစ်သမီး နှစ်ယောက်လောက်ရှိတယ်။ ၁၃ နှစ်ဆိုတော့ နည်းနည်းလည်း အရွယ်ရောက်နေပြီ။ သူတို့ကို ၁၃ နှစ်သမီးဆိုတဲ့ စိတ်ပိုင်းဆိုင်ရာဆိုလို့ရှိရင် သူတို့ကိုယ်သူတို့ ရ နှစ်သမီး ၈ နှစ်သမီးကတော့ ငါတို့ လုံးဝမသိလိုက်ဘူး။ အဲလို ၁၃ ၊၁၄ ၊၁၅ နှစ်သမီးကျတော့ သူတို့က သူတို့ကိုယ်သူတို့ ငါတို့ အပြစ်ရှိပါလားလို့ ဆိုတာကို သူတို့ ခံစားနေရတယ်။ ခံစားနေရတဲ့အပြင်ကို ကျောင်းတက်ချင်လားဆိုတော့ ကျောင်းတက်ချင်တယ်။ ဒါပေမယ့် အဲဒီမှာ ဆရာမတွေကို သွားပြောတဲ့အခါမှာကျတော့ ဆရာမတွေကတော့ နားလည်ပေးပါတယ်။ ဒါပေမယ့် ဒီမှာ သတင်းတွေပြန့်ထားတယ်။ တော်တေ်ာလေးသိထားလို့ ကျောင်းပြောင်းလိုက်ပါ။ ကျောင်းပြောင်းဆိုတော့ နေတာက ဒီရပ်ကွက်မှာ တော်တော်လေးခက်တယ်။ ကလေးအနေနဲ့က စိတ်ဒဏ်ရာရတယ်၊ ခန္ဓာပိုင်းဆိုင်ရာလည်း ဒဏ်ရာရတယ်၊ အမှုချိန်းတွေကိုလည်း သူ ရင်ဆိုင်နေရတယ်။ အဲလိုအခက်အခဲ ရှိတဲ့အခါကျတော့ ကျောင်းတက်ဖို့ကို လုံးဝ စိတ်မပါပဲ စိတ်လေသွားတဲ့အပိုင်းကို ရှိတယ်။ အဲလိုမျိုး အမှုတွေလည်း ရှိပါတယ်။

ပျိုးလက်ဟန်

Rainfall Gender Studies Organization

ဟုတ်ကဲ့ပါ။ ခုနက မနန့်သဇင်မင်းအနေနဲ့ ယဉ်ကျေးမှုအပိုင်းကိုလည်း ပြောသွားတယ်ပေါ့နော်။ ကျွန်မတို့ ယဉ်ကျေးမှု ရိုးရာအမြင်တွေကအစ မိဘတွေက ကျူးလွန်ခံလိုက်ရပြီဆိုတာနဲ့ ဒီကလေးရဲ့ ဘဝတစ်လျှောက်လုံးကတော့ သွားပါပြီ ပြန်ပြီး အဖတ်ဆယ်လို့ မရပါဘူးဆိုတဲ့ အယူအဆမျိုးတွေ ရှိတယ်။ ဒီအယူအဆတွေရဲ့ ဆိုးကျိုးလေးတွေပေါ့နော်၊ ဒီအယူအဆတွေကြောင့်ရော ဘာတွေဖြစ်နိုင်လဲ ဒီအယူအဆတွေကရော မှန်လားပေါ့နော်။ အဲဒါလေးကို မနန့်သဇင်မင်း ဆွေးနွေးပေးပါဦး။

နန့်သဇင်မင်း

ရောင်စုံမိန်းကလေးများအဖွဲ့

ခုနက မနန်းထွေးပြောသွားတဲ့ ဒီ ဆယ်ကျော်သက်ကလေးကိစ္စပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကျွန်မကတော့ ဆယ်ကျော်သက်ကိစ္စနဲ့ ပတ်သက်ပြီးတော့ အထူးလုပ်နေတယ်ဆိုတော့ အဲဒီ ဆယ်ကျော်သက် ဖွံ့ဖြိုးမှုဆိုင်ရာ နည်းနည်းလေး မီးမောင်းထိုးပြပြီးတော့ ပြောပြချင်ပါတယ်။

အဲဒီတော့ ခုနက မနန်းထွေးပြောသွားတဲ့ ၁၃ နှစ်အရွယ် သူတို့ကိုယ်သူတို့ အပြစ်တင်နေတယ်။ ပြန်ပြီးတော့ ကျောင်းမတက်ချင်ကြတော့ဘူး။ ကျောင်းကလည်း ပြန်ပြီးတော့ လက်မခံချင်ကြတော့ဘူး။ မိန်းကလေးတွေရဲ့ စိတ်ပေါ့နော် သူတို့ကိုယ်သူတို့ ယုံကြည်မှု လျော့သွားတယ်ပေါ့။

နောက်တစ်ခုက သူတို့ကိုယ်သူတို့ ဒီလို အပြုကျင့်ခံလိုက်ရတဲ့အတွက် ငါ အပျိုစင်ပြန်မဖြစ်တော့ဘူး ငါ့ဘဝကြီးက ဆုံးရှုံးသွားပါပြီ ငါ လူတောမတိုးတော့ဘူးဆိုတဲ့ အပြစ်ကြီးကို သူတို့အပေါ်မှာ ထမ်းထားလိုက်ရတဲ့အတွက် သူတို့ကိုယ်သူတို့ သန့်ရှင်းတယ်ဆိုတဲ့စိတ် မခံစားရတော့ဘူး။ ဘာကို ပြန်ကြည့်လို့ရသလဲလို့ ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အရိုးစွဲနေတဲ့ အပျိုစင်ဆိုတဲ့ အရာကြီးကို မီးမောင်းထိုးချင်တယ်ပေါ့နော်။ အဲဒီတော့ကျွန်မတို့နိုင်ငံရဲ့ အနေအထားက အပျိုုစင်ကို အရမ်း တန်ဖိုးထားကြတယ်။

မှန်ပါတယ်။ အပျိုစင်ဆိုတဲ့အရာက တကယ့်ကို တန်ဖိုးထားသင့်တဲ့ အရာတစ်ခုပါ။ သို့သော်လည်း သူ့ရဲ့နောက်ကွယ်မှာ ကျွန်မတို့က အပျိုစင်ဆိုတဲ့အရာက တဘဝလုံးအတွက် သက်ဆိုင်သလား။ ဘဝတစ်ခုလုံး ပေးဆပ်လိုက်ရအောင် တန်ဖိုးကြီသလား ကျွန်မတို့ရဲ့အသက်နဲ့ ရှေ့ဆက်သွားရမယ့် အနာဂါတ်ခရီးနဲ့ အပျိုစင်ဆိုတဲ့အရာက ဘယ်အရာက ပိုပြီးတော့ တန်ဖိုးကြီးနေသလဲ ဘယ်အရာက အရေးကြီးနေသလဲပေါ့နော်။ သူ့တန်ဖိုးနဲ့သူတော့ ရှိကြပါတယ်။ ဒါပေမယ့် ဘယ်အရာက ပိုအရေးကြီးသလဲဆိုတာကို စဉ်းစားဖို့ သင့်နေပြီပေါ့နော်။ တော်တော်များများရဲ့ စိတ်ထဲမှာ ဒါကကျတော့ လူမသိတဲ့နေရာမျိုးဆို တစ်မျိုး ဒါက လူသိရှင်ကြား ဖြစ်သွားပြီ။ အထူးသဖြင့် အများအမြင်မှာ သူက အပျိုုစင်မဟုတ်တော့ဘူး။ စပြီးတော့ ကျူးလွန်ခံရတဲ့သူအပေါ်မှာ အပြစ်တွေဝန်ဖန်မှုက ဆယ်ကျော်သက်အရွယ်တွေကနေ စတာ။ သူ ဘယ်လိုပဲနေနေ ဘယ်လိုပဲထိုင်ထိုင် သူ့ကြောင့် သူများကျူးလွန်တယ် သူ အနေအထိုင်မတတ်လို့ဆိုပြီး ကျွန်မတို့က ဆယ်ကျော်သက်ဘဝကတည်းက စပြီးတော့ အပြစ်တင်ခံနေရတဲ့ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်ကြီးပေါ့နော်။ အဲဒါကို ကျွန်မတို့ စပြီးတော့ ပြောင်းလဲသင့်တယ်ပေါ့နော်။

နောက်တစ်ခု ကျွန်မတို့ရဲ့ ကျောင်းအနေအထားပေါ့နော်။ ကျွန်မတို့ရဲ့ ဘာသာရေးအသိုင်းအဝို်င်း တစ်ခုချင်းစီ တစ်လွှာချင်းစီရဲ့ အနေအထားကို ကျွန်မတို့ ပြန်ကြည့်ပြီးတော့ ပြောင်းလဲယူရတော့မယ့် အခြေအနေဖြစ်နေပြီ။ နောက်တစ်ခုက ကျွန်မတို့က ယဉ်ကျေးမှုဆိုတဲ့ စံကြီးကိုလည်း ပြန်လည်ပြီးတော့ ဆင်ခြင်သုံးသပ်ရမယ့် အနေအထားဖြစ်နေပြီ အဲလိုမှ မလုပ်ဘူးဆိုရင် ကျွန်မတို့ရဲ့ အနာဂါတ်မှာရှိတဲ့ ဒီ မိန်းကလေးတွေရဲ့ ဘဝကတော့ တတ််နိုင်သလောက်တော့ တိုးတက်မှာမဟုတ်ဘူး။ နိုင်ငံတစ်ခုရဲ့ တိုးတက်မှုသမိုင်းမှာလည်း ထိထိရောက်ရောက် တိုးတက်လာမှာ မဟုတ်ဘူးလို့ ကျွန်မကတော့ မြင်တယ်။

ပျိုးလက်ဟန်

Rainfall Gender Studies Organization

အဲဒီတော့ ကျွန်မတို့ ဥပဒေဆိုင်ရာ ကူညီထောက်ပံ့မှုတွေရော ကျွန်မတို့ နားလည်တာကတော့ ဥပဒေဆိုတာက လူသားတွေရဲ့ ကောင်းကျိုးအတွက် ပေါ်ပေါက်လာတယ်ပေါ့နော်။ လူသားတွေရဲ့ လိုအပ်ချက်အပေါ်မှာ မူတည်ပြီးတော့ ပေါ်ပေါက်လာရတဲ့အတွက်ကြောင့်မို့ ကျွန်မတို့ ဥပဒေဆိုင်ရာ အကူအညီတွေကို ရယူချင်တဲ့သူတွေကို ထိထိရောက်ရောက်နဲ့ ဥပဒေက ကာကွယ်လာနိုင်ဖို့ဆိုရင် ကျွန်မတို့တွေက တိုင်ကြားတဲ့စနစ်တွေကနေ အရေးယူတဲ့စနစ်တွေ တရားရုံးစနစ်တွေ ကျွန်မတို့တွေ ဘယ်လိုမျိုး ပိုပြီးတော့ ပိုကောင်းလာအောင်လို့ အားဖြည့်သင့်သလဲရှင့်။

ဒေါ်ဥမ္မာမြင့်

ပြည်ကြီးခင်အဖွဲ့

အဲဒီမှာ အမ တစ်ခုပြောချင်တာကလေ အမတို့က ဥပဒေချည်းပဲ ပုံချနေလို့ မရဘူး။ ဥပဒေတစ်ခုတည်းကနေလည်း ဒီကိစ္စကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ဥပဒေနည်းတစ်ခုတည်းနဲ့လည်း ဖြေရှင်းရင် အောင်မြင်မယ်လို့လည်း အမ မထင်ဘူး။

အမ ဘာလုပ်ချင်လဲဆိုတော့ အကြံပေးချင်တာပေါ့နော်။ အမတို့ NGO မှာ ကလေးသူငယ်များဆိုင်ရာ ဘေးကင်းလုံခြံုရေး လမ်းညွှန်ဆိုတာ ရှိတယ်။ အမတို့ စပြီးတော့ အလုပ်ဝင်ကတည်းက အမရဲ့ အလုပ်တာဝန် ဝတ္တရား အဲဒါအပြင်ကို အမတို့ ဒီဥစ္စာကို လက်မှတ်ထိုးရတာပေါ့နော်။ အဲလိုမျိုး ရုံးတိုင်းမှာ လူမှုဝန်ထမ်းနဲ့ တွဲပြီးတော့ ဆွဲထားတာပဲဖြစ်ဖြစ် လမ်းညွှန်တွေရှိလို့ရှိရင် ဒါ ရုံးတိုင်းရုံးတိုင်း ရုံးတွေမှာရှိရမယ်။ ကျောင်းတွေမှာ ရှိရမယ်။ အခုဆိုရင် ကုမ္ပဏီတွေပေါ့နော်။ ကုမ္ပဏီ ဘယ်မှာပဲဖြစ်ဖြစ် ကလေးတွေနဲ့ ပတ်သက်လာရင် ကလေးတွေကို အကြမ်းဖက်မှုမရှိအောင် အချက်အလက်တွေ အစုံရှိတယ်။ ဒီအချက်အလက်တွေ အကုန်ဖတ်ပြီးသွားပြီလား နားလည်ပြီလား နားလည်ပြီဆိုရင် လက်မှတ်ထိုး။ အဲဒါဆိုရင် အမတို့က ဘောင်ခတ်ပြီးသား ဖြစ်သွားတာပေါ့နော်။ ဥပဒေတစ်ခုတည်းမှာသာ မဟုတ်ဘူူး။ အမတို့ရဲ့ အလုပ်ခွင် ပတ်ဝန်းကျင်မှာကလည်း အမတို့ ဘောင်ခတ််ပြီးသား ဖြစ်နေပြီ။ အမတို့ ဒီဥပဒေကို လက်မှတ်ထိုးထားတယ် ကိုယ်တိုင်သိရှိပြီ လက်မှတ်ထိုးထားတဲ့အတွက်ကြောင့် အမတို့က ဒီဘောင်ကို ကျော်ပြီးတော့ မလုပ်ရဲဘူးပေါ့နော်။ အမတို့ ဒီလိုမျိုး အကြမ်းဖတ်မှုသည် လုပ်ငန်းခွင်ကလည်း လက်မခံဘူး။ ဥပဒေကလည်း လက်မခံဘူး။ ဘယ်နေရာကမှလည်း လက်မခံဘူးဆိုတာကို အမကတော့ အဲလိုမျိုး ဖြစ်ရင် ပိုကောင်းမယ်လို့ ထင်တယ်ပေါ့နော်။

ပျိုးလက်ဟန်

Rainfall Gender Studies Organization

ဟုတ်ကဲ့ပါ။ ကျွန်မ အခု မနန့်သဇင်မင်းကို ဆွေးနွေးစေချင်တာကပေါ့နော် ခုနကပြောသလိုပဲ ကလေးတွေ အထူးသဖြင့် ဆယ်ကျော်သက်ကလေးတွေပေါ့နော် သူတို့တွေမှာ စိတ်ဒဏ်ရာကြီးက သေတဲ့အထိ ပါသွားမယ်ပေါ့နော်။ လူက ဘယ်လောက်ထိပဲ ကောင်းနေပါစေ စိတ်ဒဏ်ရာ ရှိတဲ့အခါကျရင် သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အများကြီး နှောင့်နှေးနေတာမျိုးတွေ အများကြီး ဖြစ်တတ််တယ်ပေါ့နော်။ ဒီကလေးတွေကိုလည်း ကျွန်မတို့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ ကူညီပံ့ပိုးမှုတွေ ဘယ်လိုမျိုးပုံစံနဲ့ ထိထိရောက်ရောက် ပြုလုပ်သင့်သလဲပေါ့ အဲဒါလေးလည်း အကြံပေးပေးပါဦး။

နန့်သဇင်မင်း

ရောင်စုံမိန်းကလေးများအဖွဲ့

ကျွန်မတို့ အဖွဲ့အစည်းအနေနဲ့တော့ ဒါက အခုမှစပြီးတော့ အလုပ်လုပ်တာပေါ့နော်။ လုပ်တယ်ဆိုတော့ တစ်နိုင်ငံလုံး အတိုင်းအတာမှာ ကြည့်လို့ရှိရင် အမျိုးသမီးအဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်။ ကလေးသူငယ် အဖွဲ့အစည်းတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့်လည်း ကျွန်မတို့မှာ တစ်ခု အားနည်းတာက Shutter ပေါ့နော်။ တကယ်လို့ တစ်ခုခုပဲဖြစ်ဖြစ် မုဒိမ်းမှုပဲဖြစ်ဖြစ် အိမ်တွင်းအကြမ်းဖက်မှုပဲဖြစ်ဖြစ် ဒါမှမဟုတ်ဘူးဆိုရင် သူက လိင်ပိုင်းဆိုင်ရာ အစော်ကားခံရတာပဲ ဖြစ်ဖြစ်ပေါ့နော် သူ့အတွက် စိတ်ချလုံခြံုတဲ့ နေရာတစ်ခုလေးပေါ့နော် ဒီမိန်းကလေးတွေအတွက် ဒါမှမဟုတ် ကလေးတွေအတွက် စိတ်ချလုံခြံုတဲ့ နေရာတစ်ခုလေးကို ထားထားပေးတဲ့ သူ့အတွက် စိတ်ပိုင်းဆိုင်ရာ လုံခြံုမှု ကိုယ်ပိုင်းဆိုင်ရာ လုံခြံုမှု သူ အဲဒီမှာနေတာ သူ့အတွက် လုံခြံုမှုရှိတယ် ဆိုတဲ့နေရာပေါ့နော် အဲဒီနေရာက ကျွန်မတို့ မြန်မာနိုင်ငံမှာ မရှိသေးဘူး။ တစ်ခုပဲရှိတာ ကျွန်မစိတ်ထင်တော့ လူကုန်ကူးမှု ခံရပြီးပြီဆိုရင် ပြန်လာတဲ့ အမျိုးသမီးတွေအတွက် အထားထားတဲ့နေရာကလွဲရင် ကျန်တဲ့နေရာ မရှိဘူးပေါ့နော်။ အဲဒီနေရာကတော့ လုပ်သင့်တယ်ပေ့ါနော်။ အဖွဲ့အစည်း တော်တော်များများလည်း လုပ်သင့်တယ်ပေါ့နော်။ လုပ်ရမယ့်အရာတစ်ခုလည်း ဖြစ်တယ်။ နိုင်ငံတော်က လုပ်ရမယ့် အရာတစ်ခုလည်း ဖြစ်တယ်ပေါ့နော်။

အဲဒီတော့ ဒါကလည်း ဘာဖြစ်လို့ အဲသလိုမျိုး ထားသင့်တာလဲဆိုရင် သူက အဲဒီနေရာကနေ ထွက်လာတယ်။ သူ့မိသားစုမှာ အထူးသဖြင့် ကလေးတစ်ယောက်အဖေရဲ့ အကြမး်ဖက််တာ ခံရတယ်။ အဲဒီ အိမ်တွင်းအကြမ်းဖက်တာ ခံရတယ်ဆိုရင် သူက အဲဒီအိမ်မှာ နေဖို့ အဆင်မပြေတော့ဘူး။ အဲတော့ သူ့အတွက် လုံခြံုမှုရှိတဲ့ နေရာတစ်ခုခုကို ထားထားရတော့မယ်။ သူ အိမ်မှာ မနေချင်တော့ဘူး။ အဲဒီပတ်ဝန်းကျင်မှာ မနေချင်တော့ဘူးဆိုရင် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ပြန်ပြီးတော့ ထူထောင်လာတဲ့အထိ ကျွန်မတို့က သူ့ကို ပံ့ပိုးပေးရမတော့မယ်။ အဲဒီအပြင်မှာ နောက်ဆက်တွဲ သူ့ရဲ့ ခန္ဓကိုယ်ပိုင်းဆိုင်ရာမှာ ဘာတွေက အကြမ်းဖက််မှု ခံရသလဲ ဆိုတဲ့ဟာတွေပေါ့နော် သူ့ကိုယ်သူ ယုံကြည်စိတ်ချမှု ရရှိလာတဲ့အထိ ကျွန်မတို့က ပံ့ပိုးပေးရတော့မှာပေါ့နော်။

အကယ်၍ သူက မလိုလားအပ်တဲ့ ကိုယ်ဝန် ရလာတယ်ဆိုရင် ကိုယ်ဝန်က နုတဲ့အချိန်မှာ ဆိုရင်တော့ ကျွန်မတို့က တစ်ခုခု လုပ်ပေးလို့ရတယ်ပေါ့နော်။ ငယ်တဲ့အတွက် ဒီကလေးကို သူမလိုချင်ဘူးဆိုရင် ကျွန်မတို့က တကယ်ပဲ ဥပဒေလမ်းကြောင်းအရ ဒီ မလိုချင်တဲ့ကလေးကို ပယ်ဖျက်မလား။ ဒါမှမဟုတ်ဘူးဆိုလို့ရှိရင် သူ့ကိုပဲ ကလေးမွေးတဲ့အထိ ကူညီစောင့်ရှောက်ပေးမလား။ ကလေးမွေးပြီးပြီဆိုလို့ရှိရင် သူ့ကို ဘယ်လောက်အထိ ပံ့ပိုးပေးမလဲ သူ့ရဲ့အနာဂါတ်မှာ အလုပ်လုပ်မယ်ဆိုလို့ရှိရင် သူ့ရဲ့ စားဝတ်နေရေး ဘယ်လောက်အထိ ဖူလုံလာအောင် ကူညီပံ့ပိုးပေးမလဲဆိုတဲ့ နောက်ဆက်တွဲအထိပေါ့နော် ကျွန်မတို့ ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။ အဲဒါတွေက ကျွန်မတို့မှာ မလုပ်နိုင်ဘူ။ ဘာကြောင့်လဲဆိုတော့ ဘတ်ဂျက်မရှိဘူး။ ပြီးလို့ရှိရင် လုပ်ပေးနိုင်မယ့် လူအင်အားကလည်း အားနည်းသေးတယ်ပေါ့နော်။ အဲဒါတွေကအစ ကျွန်မတို့က ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

အပိုင်း(၁) http://www.mizzimaburmese.com/article/19926
အပိုင်း(၂) http://www.mizzimaburmese.com/article/19991

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly