အနိုင်ကျင့်စော်ကားခံရတဲ့ အကြားအာရုံချို့တဲ့သူ အမျိုးသမီးအတွက် မှတ်တမ်းရုပ်ရှင်ဖြင့် တရားမျှတမှု ဖော်ထုတ်ပြနိုင်ခဲ့သူ ဒါရိုက်တာ စိန်လျှန်ထွန်း

09 November 2016
အနိုင်ကျင့်စော်ကားခံရတဲ့ အကြားအာရုံချို့တဲ့သူ အမျိုးသမီးအတွက် မှတ်တမ်းရုပ်ရှင်ဖြင့် တရားမျှတမှု ဖော်ထုတ်ပြနိုင်ခဲ့သူ ဒါရိုက်တာ စိန်လျှန်ထွန်း
 

အကြားအာရုံ ချို့တဲ့နေတဲ့ အမျိုးသမီးတစ်ဦးကို အနိုင်ကျင့်စော်ကားလိုက်တဲ့ အမှုတစ်ခုဟာ ၂၀၁၄ ခုနှစ်တုန်းက ကရင်ပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

ဒီအမှုမှာ အနိုင်ကျင့်စော်ကားခံလိုက်ရတဲ့ အမျိုးသမီးဖြစ်သူ “အာလူးမ” ရဲ့အကြောင်းကို မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးပြီး တရားမျှတမှု ရှာဖွေပေးလိုက်သူကတော့ ဒါရိုက်တာ စိန်လျှန်ထွန်းပါ။ ဒီမှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာနဲ့ ခိုင်မွန်ချိုနဲ့ အခုလို တွေ့ဆုံ မေးမြန်းထားပါတယ်။

မင်္ဂလာပါ အကို။ အခု အားလူးမက ညီမသိထားသလောက်ဆိုရင် အကိုက Free Dom Film Fest 2016 ဆုကို အကိုရရှိခဲ့တယ်နော်။ အဲဒီတော့ အဲဒီဇာတ်ကား ဖြစ်မြောက်လာပုံပေါ့ ဘာကြောင့် ရိုက်ဖြစ်ခဲ့တာလဲ၊ ပြီးတော့ အဲဒီအတွက် အကို ဘယ်လိုစိန်ခေါ်မှုတွေ ကြံုခဲ့ရသလဲ၊ ဘယ်လောက်တောင် အချိန်တွေပေးခဲ့ရသလဲ စပြီးတော့ ပြောပြပေးပါဦးရှင့်။

“အာလူးမဇာတ်ကား”ကို မရိုက်ခင် လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကျော်လောက်က မှတ်တမ်းရုပ်ရှင်ရိုက်မယ်။ ဒီတစ်ခါရိုက်မယ့် မှတ်တမ်းရုပ်ရှင်က အမျိုးသမီးအကြောင်း ရိုက်ချင်တယ်။ လူငယ်ဆိုရင်လည်း လူငယ်အမျိုးသမီးအကြောင်း ရိုက်ချင်တယ်။ နောက်ပြီးတော့ တိုင်းရင်းသား တစ်ခုခုကို ကိုယ်စားပြုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ရိုက်ချင်တယ်ပေ့ါနော်။

မရိုက်ခင် ဇာတ်လမး်တွေကိုရှာတယ်။ ပြီးတော့ ဘယ်လို Issue မျိုးတွေကို ရိုက်သင့်သလဲဆိုပြီးတော့ အမျိုးသမီး Organization တော်တော်များများကို အီးမေးလ်ပို့တယ်။ ပို့ရင်းနဲ့မှ ကိုယ့်ဆီကို ပြန်လာတယ်ပေါ့။ ပြန်လာတဲ့အထဲမှာမှ အကြောင်းအရာအမျိုးမျိုး ပြန်လာတယ်ပေါ့။ ဒီအကြောင်းကို ရိုက်မယ်ဆိုရင် ဒီအကြောင်းက ဒီလိုနေရာမှာရှိတယ်။ အမျိုးမျိုးပေါ့နော်။ အဲဒီမှာမှ ကိုယ်စိတ်ဝင်စားမိတာက ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှာ လက်ရှိ အမှုရင်ဆိုင်နေတဲ့ အာလူးမကို တွေ့တယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ သူက ကရင်အမျိုးသမီးတစ်ယောက်လည်း ဖြစ်တယ်။ နောက်တစ်ခုကတော့ သူ့မှာ စိတ်ဝင်စားသွားတဲ့ဟာကတော့ အကြားအာရုံ ချို့တဲ့နေတဲ့ အမျိုးသမီးဖြစ်နေတယ်ပေါ့နော်။ အဲဒါနဲ့ ဒါလေးကို စိတ်ဝင်စားတယ်ဆိုပြီးတော့ ဆက်သွယ်တယ်။

အဲဒီအချိန်မှာ ဒီအမှုကလည်း ဖြစ်နေဆဲပဲပေါ့နော်။ သူတို့ ဒီ ဘယ်လိုပြောမလဲဆိုတော့ မြို့နယ်ကနေ ခရိုင်အဆင့်အထိ တက်တဲ့အထိ ဒီအမှုက ပယ်ချခံနေရတယ်။ အဲဒီအခြေအနေကလည်း ရှိနေတယ်ပေါ့နော်။ ရိုက်မယ်ဆိုပြန်တော့လည်း DK အမျိုးသမီးအဖွဲ့က ၁၀၀ ရာခိုင်နှုနး်တော့ ရိုက်ပါလို့တော့ မပြောဘူးပေါ့။ မိသားစုနဲ့ တွေ့ကြည့်ပါဦးပေါ့ အာလူးမမိသားစုနဲ့တွေ့လို့ သူတို့ဘက်က အဆင်ပြေတယ် သဘောတူမယ်ဆိုရင် ရိုက်မယ်ဆိုတော့ အဲဒါအတွက်က အာလူးမအဖေကို ဆက်သွယ်ပြီးတော့ ပြောပြရတာပေါ့နော်။

နောက်ပြီးတော့ အာလူးမကို စပြီးတော့ ရိုက်ဖို့ဆိုပြီး ကျွန်တော်တို့ သွားကြတယ်ပေါ့နော်။ အဓိကက ဘာလဲဆိုတော့ ကျွန်တော်တို့ ရွာကိုသွားတဲ့အခါမှာ ရွာက ဒီလိုအခြေအနေမျိုးတွေ သိပ်ပြီးတော့ မရှိသေးဘူးပေါ့နော်။ ရိုက်လို့ အဆင်ပြေမပြေ မသိသေးဘူး။ နောက်တစ်ခုက အာလူးမအဖေကိုယ်တိုင်က ကြောက်တယ်။ သူတို့အကြောင်းကို ရိုက်မယ် နောက်ပြီး အာလူးမနဲ့ဖြစ်တဲ့သူက ဒီရွာထဲမှာပဲ ရှိတယ်ဆိုတော့ သူတို့က ရွာထဲမှာ နေလို့အဆင်မပြေဘူး ရွာထဲမှာရိုက်လို့ အဆင်မပြေဘူးဆိုတော့ ကျွန်တော်တို့က ရွာပြင်မှာ သူတို့လယ်တောထဲက တဲလေးမှာပဲ ကျွန်တော်တို့ နေရတယ်။ မနက် ၄ နာရီလောက်ဆိုရင် သူတို့မိသားစုက ရွာထဲကနေပြီးတော့ ရွာပြင်ကို ထွက်လာကြတာပေါ့။ အဲလိုမျိုး ရိုက်လာခဲ့ရတာပေါ့။ တစ်ခေါက်တည်းနဲ့လည်း မပြီးဘူးပေါ့။

ဒီ မသန်စွမ်း အမျိုးသမီးတစ်ယောက်နဲ့ ဇာတ်ကားကို ရိုက်ကူးတဲ့အခါမှာ သူက သရုပ်ဆောင်တစ်ယောက်လည်း မဟုတ်ဘူး။ သူ့မှာ ကြိုးစားရတာရှိမယ်။ ပြီးတော့ နောက်တစ်ခု ဒီဇာတ်ကားထဲမှာ သူ အံဝင်ခွင်ကျဖြစ်ဖို့ သူနဲ့ ရင်းနှီးမှု ယူရတဲ့အပိုင်းတွေလည်း ရှိမယ်ထင်တယ်။ အဲဒီနေရာမှာရော အကို ဘယ်လိုကြိုးစားခဲ့ရတာတွေ ရှိသလဲ။

ပထမဆုံး သွားတဲ့အခေါက်မှာ အားလူးမကတော့ စူးစမ်းတာပေါ့နော်။ ဘာလုပ်ဖို့လဲ၊ အကိုတို့ကိုတိုက်ရိုက် စကားမပြောဘူး။ ကြောက်တယ်။ သူ့အဖေနဲ့ ဒီဇာတ်ကားထဲမှာပါတဲ့ သူ့အမဝမ်းကွဲကိုပဲ သူနားလည်တဲ့ဟာမျိုးနဲ့ မေးရတာပေါ့။

သူ့အဖေနဲ့ အမကတော့ သေချာ ရှင်းပြတာပေါ့။ ပထမကတော့ ကျွန်တော်တို့ကို စကားမပြောဘူး။ ဒုတိယတစ်ခေါက် သွားတဲ့အခါကျမှာ ပထမတစ်ခေါက်က မြင်ထားဖူးတယ်ဆိုတော့ ဒုတိယတစ်ခေါက် သွားတဲ့အခါမှာ နည်းနည်း တွေ့ဖို့ကို ပြောပြလို့ရတယ်။ သူ့ကို ဘယ်လိုလုပ်ရလဲဆိုတော့ သူ့ပုံကို အရင်ရိုက်တယ်။ ရိုက်ပြီးရင် သူ့ကို ပြန်ပြတယ်။ ခဏခဏ အဲလိုမျိုး ရိုက်လိုက်ပြလိုက် ရိုက်လိုက်ပြလိုက် သူ သွားရင်လည်း လိုက်ရိုက်တာပေါ့နော်။ နောက်တစ်ခါ သွားရိုက်တဲ့အခါကျတော့ ဒီလိုပဲ လယ်ထဲမှာရိုက်တယ်။ ရိုက်ရင်းနဲ့ ကဲ မထူးတော့ဘူး ဒီလောက်နဲ့ပဲ နားလိုက်တော့မယ်ဆိုပြီးတော့ ရွာထဲကို တူတူပြန်လာကြတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ကင်မရာကို သိမ်းပြီးသွားပြီ။

အဲမှာမှ စိတ်ထဲမှာ ဒါ နောက်ဆုံး ရိုက်ကြည့်ချင်တယ်ဆိုပြီးတော့ သူ့အဖေကို ပြောတယ်။ ဦး မေးကြည့်ပေးပါလား။ ဒီနေရာမှာ သူအခုနေတဲ့ လက်ရှိအိမ် အခင်းတဲလေးမှာ ကျူးလွန်ခံရတာလေ။ အဲဒီအခင်းတဲကို ဖျက်ထားတယ်။ ဖျက်ပြီးတော့ တဲလေးပဲ ပြန်ထိုးထားတယ်။ မေးကြည့်ပါလားပေါ့။ မေးကြည့်လို့ သူတစ်ခုခုကို သတိရလို့ ဖြေချင်တဲ့စိတ်ရှိရင်လည်း သူ ဖြေလိမ့်မယ်ဆိုပြီးတော့ အဲဒီမှာမှ ကျွန်တော် ကင်မရာချိန်ပြီးတော့ သူ့ကို မေးတာ။ ပထမမေးတော့ သူ့အဖေမေးတာကို သူ ပြန်ဖြေနေတာကတော့ သူ ရယ်ရယ်မောမောပဲ။ အဲဒီအခါမှာမှ ပြောရင်းပြောရင်းနဲ့ သူ သတိပြန်ရသွားတာဖြစ်မယ် သူ့ရဲ့ အော်ငိုတာတွေ ဘာတွေ တောက်လျှောက်က ဖြစ်သွားတာပေါ့နော်။

အဲဒီမှာမှ အဲဒီတစ်ရက်ပဲ သူ့ရဲ့ လှုပ်ရှားပြောဆိုမှုကို ကျွန်တော်တို့ ရလိုက်တာပေါ့နော်။ အာလူးမ ဒီလိုငိုတာတစ်ခုတည်းနဲ့ မပြီးနိုင်ဘူးပေါ့။ တစ်ခုခု သူ ဒါကို တခြားနည်းနဲ့ ဘယ်လိုဖော်ပြလို့ရသေးလဲ ဆိုတဲ့ဟာမျိုး စဉ်းစားရင်းနဲ့ မှတ်တမ်းရုပ်ရှင် ရိုက်တဲ့အစ်မတစ်ယောက်ကနေပြီးတော့ သူကလည်း အနုပညာ ပန်းချီတွေဘာတွေနဲ့ ပတ်သက်ပြီးတော့ အရမ်းကို စိတ်ဝင်စားတယ်ဆိုတော့ အဲဒါဆိုလို့ရှိရင် သူ့ကို တစ်ခုခု ပေးရေးကြည့်ပါလားဆိုပြီးတော့ အဲဒီ အိုင်ဒီယာကို ကျွန်တော်က ရသွားတာ။ ရသွားပြီးတော့ နောက်တစ်ခေါက် သွားတဲ့အခါကျတော့ သူ့ကို စာရွက်နဲ့ ဘောလ်ပင် ပေးပြီးတော့ အနည်းဆုံးတော့ သူ တစ်ခုခုကို ချရေးလိုက်စေချင်တာပေါ့နော်။ တကယ်တမ်း သူချရေးတာက ကျွန်တော်တို့ချပေးလိုက်တဲ့ စာရွက်အပြည့်မှာ သူ မတရားခံရတဲ့ဟာတွေအကုန်လုံးကို သူ ပုံဆွဲသွားတာ။ အဲဒါကတော့ အာလူးမဆီကနေ ကျွန်တော်တို့ ပြန်ရလိုက်တဲ့ သူ့ခံစားချက်ပေါ့။

ဟုတ်ကဲ့ပါရှင့်။ ခုနက အကိုပြောသလိုဆိုရင် ဒီဇာတ်လမ်းကို အကိုတို့ စတင်ဖို့ လုပ်တဲ့အချိန်မှာ သူတို့က အမှုကိုတောင် ပယ်ချခံရမယ့်အခြေအနေတောင် ဖြစ်နေတယ်လေ။ အဲတော့ ဒါ လျစ်လျူရှုခံထားရတယ်ဆိုတဲ့ ဒီ မသန်စွမ်းအမျိုးသမီးရဲ့ မတရားခံရတဲ့ဟာကို လျစ်လျှူရှုခံထားရတဲ့ အခြေအနေ အဲကနေ အခု ဇာတ်ကားကလည်း ပြီးသွားပြီ ပြီးတော့ နိုင်ငံတကာအထိ ထိုးဖောက်ဝင်ရောက်နိုင်ပြီးတော့ အောင်မြင်မှုလည်း ရသွားပြီဆိုတော့ ဒါကို ဝိုင်းပြီးတော့ သတိထားမိလာတဲ့ အခြေအနေကို ရောက်လာပြီ အဲတော့ အဲဒီကနေ ဒီပြင်ပမှာ ဒီဇာတ်ကားကြောင့်ဖြစ်သွားတဲ့ အကျိုးသက်ရောက်မှုက ဘယ်လိုတွေ ဖြစ်သွားပြီလဲရှင့်။

ကျွန်တော် ဒီအာလူးမဇာတ်ကားကို စပြီးတော့ ရိုက်ကတည်းက ကျွန်တော်ဖေ့ဘုတ်ကနေပြီးတော့ ဒီအကြောင်းအရာလေးကို ကျွန်တေ်ာ အမြဲတမ်းပြောနေတယ်။ အားလူးမက အဒီလိုမျိုးပုံစံမျိုးတွေရိုက်တယ်။ ဒီလိုမျိုးတွေ တွေ့ကြတယ်ပေါ့။ အဓိကက ကျွန်တော့်ကားထက် ဒီအမှုက ဒီလိုရှိပါတယ်ဆိုတာကို ကျွန်တေ်ာ အမြဲပြောဖြစ်သွားတာပေါ့နော်။ နောက်ပြီးတော့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာပွဲတော်မှာ ကျွန်တော်ပြတယ်။ အာလူးမမိသားစုကို ကျွန်တော် ရန်ကုန်ကို ဖိတ်တယ်။ ကျွန်တော်အိမ်မှာပဲ ကျွန်တော်ထားတယ်။ ထားပြီးတော့ ဒီရုပ်ရှင်ကဏ္ဍ အမေးအဖြကဏ္ဍမှာလည်း အတူတူပဲ ဖြေတယ်ပေါ့နော်။ အဲဒီမှာကတည်းက အားလူးမကားကို ကြည့်ပြီးတော့ အာလူးမကို သနားလာကြတယ်။ သနားပြီးတော့ အားလူးမကို စာနာလာကြတယ်။ အခုဆိုလို့ရှိရင် အာလူးမနာမည်နဲ့ ဘဏ်အကောင့်ဖွင့်တယ်။ ဖွင့်ပြီးတော့ လစဉ်ပုံမှန် ဒီလိုမျိုး အာလူးမအတွက် ထည့်ဝင်တဲ့သူတွေရှိတယ်။ နောက်ပြီးတော့ အာလူးမအတွက်ကိုပဲ အာလူးမနေဖို့ စားဖို့ တစ်သက်စာ ထောက်ပံ့ပေးထားတဲ့ သူ့ဟာနဲ့သူတော့ နာမည်တော့ မဖော်ဘူးပေါ့နော်။ အဲလိုမျိုးလူမျိုးတွေ ရှိလာတယ်။

အာလူးမနဲ့ပတ်သက်ပြီးတော့ ဘာပဲဖြစ်ဖြစ် ကူညီမယ်ဆိုတဲ့လူတွေ ဖြစ်လာတယ်။ ဒီအာလူးမကားကို ကျွန်တော်တို့ ကရင်ပြည်နယ်မှာ အရင်ပြမယ်။ ဥပမာ ကျွန်တော်တို့ ဘားအံသွားမယ် သံတောင်ထသွားတယ်။ မြို့နယ်တွေကို သွားမယ်။ အဓိကက ဘာလုပ်ချင်တာလဲဆိုတော့ အာလူးမကားကို ပြပြီးတော့ ဒီလိုမျိုး အမှုတွေဆိုရင် ဘယ်လိုရင်ဆိုင်လို့ရတယ်။ အမှုအတွက်က ဘာတွေပြင်ဆင်ရမလဲ။ တကယ်လို့ ဖြစ်လာလို့ရှိရင် ဘယ်လိုအကြောင်းကြားရမလဲ။ ဒီလိုအမှုဆိုလို့ရှိရင် ဘယ်လို မတရားခံရလို့ရှိရင် တိုင်ကြားလို့ရတယ်ဆိုုတဲ့ အသိလေးပေါ့ နောက်တစ်ခုက ဒီ မသန်စွမ်းတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေရှိသလဲဆိုတဲ့ဟာကို ရုပ်ရှင်ပြပြီးတော့ ကျွန်တော်တို့ စီစဉ်ဖြစ်တယ်ပေါ့နော်။

အဲတော့ အကိုဖြစ်ချင်တာတွေကိုလည်း အချိန်နဲ့အမျှ ကြိုးစားလာတာလည်း အခု ဒီအခြေအနေကို ရောက်လာပြီ။ အဲတော့ အဲဒီအထဲမှာလည်း မိသားစုရဲ့ ကူညီပံ့ပိုးမှုလည်း ပါလိမ့်မယ်ထင်တယ်။ အဲတော့ အကို မိသားစုအကြောင်းလေးလည်း နည်းနည်း ပြောပြပေးပါဦး။

မိသားစုရဲ့ ပံ့ပိုးကူညီမှုဆိုတာကတော့ အခုထိတော့ ကျွန်တော်ဘာလုပ်နေမှန်းကို သူတို့ မသိတာ။ မသိကြဘူး။ လိုအပ်ရင်တော့ ပံ့ပိုးပေးဖို့ အဆင်သင့် ရှိနေကြတယ်။ ဒါပေမယ့် အခု ကျွန်တေ်ာ ဘာလုပ်နေလဲဆိုတာ ကျွန်တေ်ာကိုယ်တိုင်လည်း မပြောပြဖြစ်ဘူးလေ။ ဒါပေမယ့် ဒီလိုမျိုး မှတ်တမ်းရုပ်ရှင်တွေ ရိုက်နေတာကတော့ သူတို့ ကြားတယ်။ သူတို့သိတယ်။

ဟုတ်ကဲ့ရှင့်။ အကို ရှေ့ဆက်ပြီးတော့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ ဆက်လက်ပြီး ဖန်တီးမယ့် ဇာတ်လမ်းတွေဘာတွေရော ရှိသေးလား။

ရှိတယ်။ လောလောဆယ်က အခုကျွန်တော် ရိုက်နေတဲ့ နာဂကနေလာတဲ့ သီလရှင်ဆရာလေး ကျောင်းတက်ချင်လို့ နာဂကနေ ရန်ကုန်အထိကို လာပြီးတော့ ကျောင်းလာတက်နေတဲ့ ဆရာလေးတစ်ယောက်အကြာင်း ရှိတယ်။ အခု လက်ရှိလုပ်နေတဲ့ဟာကတော့ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ အိမ်ဖော်အမျိုးသမီးတွေရဲ့ ခံစားနေရတဲ့ ဒုက္ခတွေ အလိမ်ခံနေရတဲ့ဟာတွေကို ပြန်ပြီးတော့ ပုံဖော်ဖို့ ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly