မည်သည့် ပါတီအနိုင်ရသည်ဖြစ်စေ မြန်မာနိုင်ငံကို ကူညီပေးမည့် သဘောထားပြောင်းလဲမည် မဟုတ်ဟု အမေရိကန်သံအမတ်ပြော

မည်သည့် ပါတီအနိုင်ရသည်ဖြစ်စေ မြန်မာနိုင်ငံကို ကူညီပေးမည့် သဘောထားပြောင်းလဲမည် မဟုတ်ဟု အမေရိကန်သံအမတ်ပြော

ရန်ကုန်၊နိုဝင်ဘာ ၉ ။           ။ မည်သည့် ပါတီအနိုင်ရသည်ဖြစ်စေ မြန်မာနိုင်ငံကို ကူညီပေးမည့် သဘောထား ပြောင်းလဲမည်မဟုတ်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marcielက ပြောကြားခဲ့သည်။

နိုဝင်ဘာ ၉ရက်နေ့  ရန်ကုန်မြို့ရှိ  ၎င်း၏ နေအိမ်၌  ကျင်းပခဲ့သည့် အမေရိကန်သမ္မတရွေးကောက်ပွဲ တိုက်ရိုက်စောင့် ကြည့်သည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်း   ဖြစ်သည်။                                        

အမေရိကန် သမ္မတရွေးကောက်ပွဲ တိုက်ရိုက်စောင့်ကြည့်သည့် အခမ်းအနားတွင် အမေရိကန်သံအမတ်ကြီး Scot Marciel က " ရွေးကောက်ပွဲ ဘယ်သူ နိုင်မလဲပေါ်မှာဘဲ   စောင့်ကြည့်ရမယ်၊   ပေါ်ထွက်လာတဲ့ သမ္မတက ဘယ်လိုပေါ်  လစီမျိုးကို လက်တွေ့ အကောင်အထည် ဖော်မလဲဆိုတာ သူကပဲချမှတ်မယ်၊ ဒါပေမယ့် ဒီပေါ်လစီတွေက ဘယ်သူပဲ ချမှတ်ချမှတ် ပါတီနှစ်ခုလုံးရဲ့   မြန်မာနိုင်ငံအပေါ် အကူအညီပေးလိုတဲ့ သဘောထားက တော့ပြောင်းလဲမှာမဟုတ်ဘူး၊ ဒါကတော့ ဆက်ရှိနေမှာပါ " ဟု ပြောကြားခဲ့သည်။

ဒေါ်နယ်ထရန့် အနိုင်ရခဲ့လျှင် ဖြစ်ပေါ်လာမည့်အပြောင်းအလဲများနှင့်ပက်သက်၍ မေးမြန်းမှုကို သံအမတ်ကြီးက " ထရန့် နိုင်သွားရင်တော့ သူဘာတွေဆက်လုပ်မလဲ သူ့အပေါ်မှာပဲမူတည်တယ်၊ အသေးစိတ်လုပ် ငန်းဆောင်တာတွေ တော့ပြောင်းမယ်၊ ဒါပေမယ့် ပါတီနှစ်ခုလုံးကတော့ မြန်မာနိုင်ငံအတွက် အကောင်းဆုံးလုပ်ပေးမယ်ဆိုတဲ့ သဘောထား ကိုတော့ ပြောင်းလဲမှာမဟုတ်ပါဘူး " ဟု ဖြေကြားခဲ့သည်။                                                           

" ဒီနေ့က တစ်ကမ္ဘာလုံးက စိတ်ဝင်စားတဲ့ အမေရိကန် နိုင်ငံသမ္မတ ရွေးကောက်ပွဲနေ့ဖြစ်ပါတယ်၊ ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ပွဲကျင်းပခဲ့တာ တစ်နှစ်ပြည့်တဲ့နေ့ ဖြစ်တယ်၊ ဒီမိုကရေစီနိုင်ငံကြီး တစ်နိုင်ငံဖြစ် တဲ့ အမေရိကန်နိုင်ငံမှာပေါ်လာမယ့် သမ္မတသစ် တစ်ယောက်ရဲ့ ပေါ်လစီတွေဆိုတာ တစ်ကမ္ဘာလုံးကို ရိုက်ခတ်နိုင် ပါတယ်၊ တစ်ကမ္ဘာလုံးမှာ  ကောင်းမွန်တဲ့   ပေါ်လစီတွေ ချမှတ်နိုင်မယ့် အမေရိကန်အစိုးရအဖွဲ့ သစ်တစ်ရပ်ကိုတော့ ဒီနေ့ မှာ ရလဒ်တစ်ခု ထွက်လိမ့်မယ် လို့မျှော်လင့်ပါတယ်" ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဟုဆိုသည်။  

 အခမ်းအနား၏အဖွင့်အမှာစကားတွင်  အမေရိကန်သံအမတ်ကြီး မာစီရယ်က " မြန်မာနိုင်ငံဟာဆိုရင် ပြီးခဲ့တဲ့ တစ်နှစ် ဒီနေ့ဒီချိန် အတိအကျမှာဘဲ သူ့ရဲ့ သမိုင်းဝင် ရွေးကောက်ပွဲကြီးလုပ်နေတာနဲ့ တိုက်ဆိုင်တာဟာလည်း အင်မတန်မှကို မှတ်သားလောက်စရာ ဖြစ်ပါ တယ်၊ဒါကြောင့် မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအရေးကို ပြင်းပြင်းထန်ထန် လှုပ်ရှား ခဲ့ကြသူ အားလုံးကို ဂုဏ်ပြုသောအားဖြင့်ရော ကျွန်တော်တို့ရွေးကောက်ပွဲအတွက်ရော အားလုံးကို ဒီမှာ စုဝေးခွင့်ရတာဟာ အင်မတန်မှ ၀မ်းမြောက်ဖွယ် ဖြစ်ပါတယ်"   ပြောကြားခဲ့သည်။                                                                                                                                                

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒေါက်တာတင်မျိုးဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်အဖက်အဖွဲ့အစည်းများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly