စီးပွားဖြစ် ကြက်မွေးမြူရေး မွေးကြစေချင်

08 November 2016
စီးပွားဖြစ် ကြက်မွေးမြူရေး မွေးကြစေချင်

ကမ္ဘာပေါ်မှာ ကြက်မွေးမြူရေးကို အာရှတိုက်က စတင်ခဲ့တာပါတယ်။ သစ်တော၊ စိမ့်စမ်းနဲ့ မြစ်ချောင်းအင်းအိုင်များ ပေါများတဲ့ အာရှတိုက်ကြီးဟာ ရေမြေ ရာသီဥတု ကောင်းမွန်တဲ့အတွက် ဇီဝမျိုးနွယ်ပင်နဲ့ တိရိစ္ဆာန်မျိုးစုံတို့ ပေါက်ဖွား ကြီးပြင်းရာလည်း ဖြစ်ပါတယ်။

တိရိစ္ဆာန်မျိုးစုံ ပေါက်ဖွားတဲ့အထဲမှာ အာရှတိုက်ရဲ့ တောကြက်များလည်း ပါဝင်ပါတယ်။ လူတို့က တောကြက်များကို အရှင်ဖမ်းမိပြီး မိမိနေထိုင်ရာ အနီးဝန်းကျင်မှာ မွေးမြူခဲ့ရာမှ အစ လူနဲ့ ယဉ်ပါးလာပြီး ကြက်မွေးမြူရေးလုပ်ငန်းက စတင်ပေါ်ပေါက်ခဲ့တာပါ။

ယခင်ကတော့ အသားစားရန်အတွက် မွေးမြူလာခဲ့ရာမှ နောက်ပိုင်းမှာ ဥစားရန်အတွက်ပါ ဥစားကြက်များကိုပါ မွေးမြူလာခဲ့ကြပါတယ်။ ကြက်များ ကြိုက်နှစ်သက်တဲ့ ဆန်ကွဲ၊ ဖွဲ၊ ပဲစေ့၊ ပြောင်းနဲ့ အစာစိမ်းများ ကျွေးမွေးလာရာမှ အသားဓာတ်၊ အဆီဓာတ်၊ ထုံးဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်ပါသော အစာများကို ရောစပ် ကျွေးမွေးခြင်းဖြင့် ကြက်စာဆိုင်ရာ အာဟာရဗေဒ ပညာရပ်ကလည်း တစ်စတစ်စ တိုးတက် ထွန်းကားလာခဲ့ပါတယ်။ ဒါ့အပြင် ဥစားကြက်များကို မွေးမြူပြီး ကြက်ဥ ထုတ်လုပ်ရောင်းချခြင်းဟူသော ကုန်ထုတ်လုပ်ငန်းတစ်ခုကလည်း အစပြု ထွန်းကားလာခဲ့ပါတယ်။ ၁၉၀၀ ပြည့်နှစ် ဝန်းကျင်ကစပြီး ကမ္ဘာ့နိုင်ငံကြီးတွေမှာ ဥစား ကြက်မများကို မွေးမြူလာပြီး ကြက်ဥ ထုတ်လုပ်ခြင်း ရောင်းဝယ်ခြင်း လုပ်ငန်းဟာ တစတစ တိုးတက်လာခဲ့ပါတယ်။ စီးပွားဖြစ် ဥစားကြက် မွေးမြူခြင်း လုပ်ငန်းကိုတော့ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဂျာမနီ၊ ဘရာဇီး၊ အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှာ အများဆုံး မွေးမြူခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာတော့ ကြက်မွေးမြူရေးလုပ်ငန်းကို စတင်ခဲ့သူမှာ မိတ္ထီလာမြို့မှ ဦးထွန်းစိန်ပဲ ဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ် ပုရွက်စိတ်ကုန်းမှာ Star Fan အမည်နဲ့ ကြက်မွေးမြူရေးလုပ်ငန်းကို စတင်ခဲ့ပါတယ်။ ၁၉၇၀ ဝန်းကျင်မှာတော့ နိုင်ငံခြားက ဥစားကြက်များကို မှာယူ တင်သွင်းပြီး မွေးမြူခဲ့ကြတာပါ။ ယခင်က ဥစားကြက် မွေးမြူခြင်းကို တနိုင်တပိုင် မွေးမြူလာရာမှ ယခုအခါမှာဆိုရင်တော့ စီးပွားဖြစ် လုပ်ငန်းများအနေနဲ့ မွေးမြူလာခဲ့ကြပါပြီ။

ကြက်များကို မွေးမြူတော့မယ်ဆိုရင် သင့်တင့်တဲ့ ရေမြေ ပတ်ဝန်းကျင်ရှိဖို့တော့ လိုပါတယ်။ ကြက်ခြံများကို လူနေအိမ်များနဲ့ ဝေးတဲ့နေရာ၊ လျှပ်စစ်မီး ရရှိနိုင်တဲ့နေရာ၊ ရေဝင်ရေထွက် ရှိနိုင်တဲ့နေရာ၊ မြို့နဲ့ မနီးလွန်း မဝေးလွန်းတဲ့နေရာ၊ ကြက်ဥနဲ့ ကြက်ရောင်းဝယ်ရေး ဈေးကွက်ရှိပြီး စီးပွားရေးအတွက် တွက်ခြေကိုက်တဲ့နေရာ။ ရေမဝပ်တဲ့ မြေပြင် ဒါမှမဟုတ်ရင် တောင်ကုန်း၊ မိမိပတ်ဝန်းကျင်ရှိ မွေးမြူရေးခြံနဲ့ အနည်းဆုံး ၁ မိုင်ခန့် ဝေးတဲ့နေရာတွေမှာ မွေးမြူရမှာပါ။ ကြက်ခြံကိုလည်း လေဝင်လေထွက် ကောင်းမွန်စေရန် အကာအရံများကို မရှိစေရပါဘူး။ ကြက်ခြံတစ်ခုတည်းကို မျိုးတူကြက်များသာ မွေးမြူရမှာပါ။

 ကြက်များကို စင်တင်မွေးမြူခြင်း စနစ်ကတော့ မြေပြင်မှ အမြင့် လေးပေငါးပေခန့် ဆောက်လုပ်ပြီး အခင်းအကျင်းများကို ဝါးခြမ်း ဒါမှမဟုတ်ရင် ဝါးလုံးများအပေါ်မှာ ပိုက်ကွန်ထပ်ခင်းပြီး မွေးမြူခြင်း စနစ်ပဲ ဖြစ်ပါတယ်။ အားသာချက်များကတော့ လေဝင်လေထွက် ကောင်းမွန်ပြီး ကြက်များဟာ သဘာဝအတိုင် လွတ်လပ်စွာ ပေါက်ဖွားနိုင်တဲ့အတွက် ကြက်ကျန်းမာရေး ကောင်းမွန်ခြင်းပဲ ဖြစ်ပါတယ်။ အားနည်းချက်ကတော့ အဆောက်အဦးအတွက် ကုန်ကျစရိတ် များပြားခြင်းနဲ့ ကြက်ငယ်များကို အနွေးပေး မီးကိုင်ရာမှာတော့ အပူချိန် ပုံမှန်ရရှိရန် ခက်ခဲခြင်းတို့ပဲ ဖြစ်ပါတယ်။ လှောင်အိမ်စနစ်နဲ့ မွေးမြူရာမှာတော့ ကြက်လတ်နဲ့ ဥကြက်အရွယ်ကိုသာ မွေးမြူရတာပါ။ ကြက်လတ် အသက် ၇ ပတ်မှ ၁၆ ပတ်အတွင်း ကြက်တစ်ကောင်ဟာ အကျယ် ၆၀ စတုရန်းလက်မ လိုအပ်မှာပဲ ဖြစ်ပါတယ်။ ဥကြက်မများအတွက်ကတော့ အလျား ၁၈ လက်မ အနံ ၁၆ လက်မ အမြင့် ၁၄ လက်မရှိတဲ့ လှောင်အိမ်တစ်လုံးမှာ ဥစားကြက် ၃ ကောင် မွေးမြူနိုင်ပါတယ်။ လှောင်အိမ်ကြမ်းခင်းကတော့ မြေပြင်မှ ၂၅ လက်မခန့် အမြင့်ထားပြီး မွေးမြူရမှာပါ။ ကြက်စာခွက်အရှည် ကြက်ရေခွက် အရှည်တိုကို တစ်ပါတည်း တပ်ဆင်ထားပြီး ကြမ်းခင်းမှ ကြက်ဥများ လျောဆင်းရန်အတွက် ဝါး၊ သစ်သား၊ သံဇကာတို့ဖြင့် အခင်း ပြုလုပ်ပေးထားရပါတယ်။ လှောင်အိမ် အပေါ်ပိုင်းနဲ့ အောက်ပိုင်းကိုတော့ လေဝင်လေထွက် ကောင်းမွန်စေရန်အတွက် အမိုးအကာများကို ဖယ်ထားပေးရမှာပါ။ ဥစားကြက်မများကိုတော့ လှောင်အိမ်စနစ်ဖြင့် မွေးမြူတာဟာ အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly