ကျော်ကိုကို မပါဝင်နိုင်သော်လည်း လူငယ်တိုက်စစ်မှူးများအတွက် ဖိအားမရှိဟု သန်းပိုင်ဆို

ကျော်ကိုကို မပါဝင်နိုင်သော်လည်း လူငယ်တိုက်စစ်မှူးများအတွက် ဖိအားမရှိဟု သန်းပိုင်ဆို
ဂိုးသွင်းပြီးအောင်ပွဲခံနေသော မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး သန်းပိုင်။ (ဓာတ်ပုံ- ရွှေဘုတ်)

နိုဝင်ဘာ ၈၊ ရန်ကုန်။             ။ ဆူဇူကီးဖလားပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းလူစာရင်းတွင် နာမည်ကျော်တိုက်စစ်မှူး ကျော်ကိုကို မပါဝင်နိုင်သော်လည်း လူငယ်တိုက်စစ်မှူးများအတွက် ဖိအားမရှိဟု သန်းပိုင်က သုံးသပ်ခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ဥရောပခရီးစဉ်မှ စီနီယာတိုက်စစ်မှူး နှစ်ဦးဖြစ်သည့် ကျော်ကိုကိုနှင့် သီဟဇော်တို့ကို ပြန်လည်စေလွှတ်ပြီးနောက်မြန်မာအသင်းတိုက်စစ်တွင် အောင်သူ၊ ဝင်းနိုင်စိုး၊ သန်းပိုင်၊ ကောင်းဆက်နိုင်အစရှိသည့် လူငယ်တိုက်စစ်မှူးများသာ ကျန်ရှိနေသည်။ တိုက်စစ်မှူးဆိုတာကတော့ ဂိုးမရရင် ဖိအားရှိတာပါပဲ။ ကိုကျော်ကိုကိုမရှိလို့အသင်းမှာ ကျန်တဲ့တိုက်စစ်မှူးတွေ ဖိအားရယ်လို့ ထူးထူးခြားခြားမရှိပါဘူး။ ကျွန်တော်တို့နေ့တိုင်းအကောင်းဆုံးကြိုးစားနေတာပါပဲ။ ဟု သန်းပိုင်ကပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းတွင် ကျော်ကိုကိုမပါဝင်ပြီးနောက် အင်ဒိုနီးရှားနှင့်ကစားခဲ့သောခြေစမ်းပွဲတွင် ဂိုးမရှိသရေကျခဲ့သည့်အတွက် တိုက်စစ်ပိုင်းအားနည်းနေကြောင်း ပရိသတ်အချို့ကလည်း သုံးသပ်နေကြသည်။ ပရိသတ်များ၏သုံးသပ်ချက်နှင့်ပတ်သက်ပြီး မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြ ဂတ်ဇီဆီက ယေဘုယျအားဖြင့်ပရိသတ်တွေရဲ့သုံးသပ်ချက်က မှန်ပါတယ်။ ပြိုင်ပွဲမတိုင်ခင်မှာ ဒီပြဿနာကိုဖြေရှင်းနိုင်မှာပါ။ အသင်းရဲ့ကွင်းလယ်ပိုင်းမှာ ဘောလုံးပေးပို့မှုတွေအားနည်းနေသေးသလို တိုက်စစ်ပိုင်းမှာလည်း အောင်သူ ပုံမှန်ခြေစွမ်းရဖို့လိုပါတယ်။ ပြိုင်ပွဲမတိုင်ခင် ဒါကို ဖြေရှင်းနိုင်မယ်လို့ယုံကြည်ပါတယ်။ ဟု ပြန်လည်ဖြေရှင်းခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ အိုမန်အသင်းနှင့်ခြေစမ်းပွဲကစားပြီးနောက် ဆူဇူကီးပြိုင်ပွဲအတွက် အပြီးသတ်လူစာရင်း ထုတ်ပြန်မည်ဖြစ်သည်။ မြန်မာအသင်းမှာ ဆူဇူကီးပြိုင်ပွဲအဖွင့်ပွဲအဖြစ် နိုဝင်ဘာ ၂၀ ရက်တွင် ဗီယက်နမ်အသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags