ပါရီမာစတာ ဆုဖလားဆွတ်ခူးပြီးနောက် ATP အဆင့် သတ်မှတ်ချက် ထိပ်ဆုံးနေရာ ရောက်လာတဲ့ မာရေး

ပါရီမာစတာ ဆုဖလားဆွတ်ခူးပြီးနောက် ATP အဆင့် သတ်မှတ်ချက် ထိပ်ဆုံးနေရာ ရောက်လာတဲ့ မာရေး
(ဓာတ်ပုံ - အီးပီအေ)
 

ဗြိတန် တင်းနစ်ကစားသမား အန်ဒီမာရေးဟာ စနေနေ့က ပါရီမာစတာ ဆုဖလား ရယူခဲ့ပြီးနောက် ရမှတ် (၁၁,၁၈၅) မှတ်နဲ့ ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (ATP) ရဲ့ တစ်ဦးချင်း အဆင့်သတ်မှတ်ချက်တွင် သူ့ရဲ့ ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံးကနေ ဦးဆောင်ခဲ့ပါတယ်။

ပါရီမာစတာ တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်မှာ အန်ဒီမာရေးက အမေရိကန်ကစားသမား ဂျွန်အစ်နာကို ၆-၃၊ ၆-၇ (၄-၇)၊ ၆-၄ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် အသက် ၂၉ နှစ်အရွယ် မာရေးက ၂၀၁၆ ခုနှစ်အတွင်း ဆုဖလား (၈) ကြိမ်ရရှိထားပြီး တင်းနစ်ကစားသမား သက်တမ်းတစ်လျှောက် စုစုပေါင်း ဆုဖလား (၄၃) ခု ရရှိထားပါတယ်။

အဆင့် (၁) မှာ ရက်သတ္တပတ်ပေါင်း (၂၂၃) ပတ်ကြာ ရပ်တည်ခဲ့တဲ့ ဆာဗီယားကစားသမား ဂျိုကိုဗစ်က မာရေးထက် (၄၀၅) မှတ်လျော့နည်း၊ ရမှတ် (၁၀,၇၈၀) မှတ်ဖြင့် ဒုတိယကို ရောက်သွားပါတယ်။

ကနေဒါကစားသမား ရာအိုနစ်ကတော့ အဆင့် (၄) နေရာ ခုန်တက်လာသလို ခရိုအေးရှား တင်းနစ်သမား မာရင်း ဆီလက်က အဆင့် (၇) နေရာကို တက်လာပါတယ်။ နာဒါးလ်က အဆင့် (၈) ထိ ကျဆင်းသွားချိန်မှာတော့ ဆွစ်ဇလန် တင်းနစ်သမား ဖက်ဒါရာကတော့ အဆင့် (၁၀) ရဲ့ ပြင်ပကို ရောက်ရှိသွားပါတယ်။

လက်ရှိ ATP (အမျိုးသား) အဆင့်များနှင့် ရမှတ်များ

၁) အန်ဒီ မူရေး (စကော့တလန်) ရမှတ် ၁၁,၁၈၅
၂) ဂျိုဂိုဗစ် (ဆားဗီးယား) ရမှတ် ၁၀,၇၈၀
၃) ဝေါ်ရီကာ (ဆွစ်ဇာလန်) ရမှတ် ၅,၁၁၅
၄) ရာအိုနစ် (ကနေဒါ) ရမှတ် ၅,၀၅၀
၅) နီရှီကိုရီ (ဂျပန်) ရမှတ် ၄,၇၀၅
၆) မွန်ဖေးလ် (ပြင်သစ်) ရမှတ် ၃,၆၂၅
၇) မာရင်း ဆီလက် (ခရိုအေးရှား) ၃,၄၅၀
၈)  နာဒါးလ် (စပိန်) ရမှတ် ၃,၃၀၀
၉) ဒေါ်မနစ်သိမ်း (သြစတြီးယား) ရမှတ် ၃,၂၁၅
၁၀) သောမတ် ဘာဒက်ခ် (ချက်) ရမှတ် ၃,၀၆၀

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly