ကယားပြည်နယ်ရှိ မြေယာပြဿနာများ ဖြေရှင်းပေးရန် သမ္မတတထံ အသနားခံစာပို့

ကယားပြည်နယ်ရှိ မြေယာပြဿနာများ ဖြေရှင်းပေးရန် သမ္မတတထံ အသနားခံစာပို့

ရန်ကုန်၊ ဇူလိုင် ၁၇ ။   ။ ကယားပြည်နယ်တွင် ဖြစ်ပေါ်နေသည့် မြေယာပြဿနာများကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဝင်ရောက် ညှိနှိုင်းဖြေရှင်းပေးရန်  ကရင်နီပြည်တောင်သူ လယ်သမားသမဂ္ဂ ဗဟိုကော်မတီက ဇူလိုင်လ ၁၇ ရက် ရက်စွဲဖြင့် အသနားခံ စာပေးပို့သွားမည်ဖြစ်သည်ဟု သမဂ္ဂ ဥက္ကဌ ကိုသဲရယ်က မဇ္ဈိမကိုပြောသည်။

မြေယာ ပြဿနာများကို ဖြေရှင်းပေးရန်မှာ  ကယားပြည်နယ် တောင်သူလယ်သမားများ အားလုံး၏ ကြီးမားသောမျှော်လင့်ချက်ဖြစ်ပြီး လက်ရှိ လယ်ယာမြေပြဿနာများကို  သမ္မတ အနေဖြင့် ဝင်ရောက် ညှိနှိုင်း ဖြေရှင်းပေးမည်ဟု ယုံကြည်ကြောင်းလည်း အသနားခံ စာတွင် ပါဝင်သည်။

ကိုသဲရယ်က”    ဒီနေ့ ရက်စွဲ (ဇူလိုင် ၁၇ ) နဲ့ပဲ သမ္မတ ရုံးကို လိပ်မူပြီး စာပေးပို့သွားပါမယ်”ဟုပြောသည်။

ကယားပြည်နယ်တွင် ဖရူဆိုမြို့နယ် အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်းမှ သိမ်းယူထားသည့် မြေယာ ပြဿနာ၊ ခမရ (၅၃၁) တပ်က သိမ်းဆည်းထားသည့် ဆိုလျားကူး  ဘိုးဘွားပိုင်မြေယာပြဿနာ၊ လွိုင်ကော်မြို့နယ် ဒေါဆိုရှေးကျေးရွာတွင် အမတ (၃၆၀)တပ် သိမ်းဆည်းထားသော မြေယာပြဿနာ၊ ဒီမော့ဆိုမြို့နယ်  ဒေါကမီးကျေးရွာတွင် ထုံးကျောက်နှင့် ဘိလပ်မြေ စက်ရုံတည်ဆောက်မည့် စီမံကိန်းအတွက် သိမ်းယူထားသည့်  မြေယာပြဿနာ၊ ဖယ်ခုံမြို့နယ်  မိုးဗြဲကျေးရွာတွင် ခမရ (၄၄၂)တပ်က သိမ်းဆည်းထား သည့် မြေယာပြဿနာများကို  ကယားပြည်နယ်တွင်းရှိတောင်သူများက ရင်ဆိုင်ကြုံတွေ့ နေရသည်ဟု အသနားခံစာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ စာပေးပို့ခြင်းအားဖြင့် ကယားပြည်နယ်တွင်  ရင်ဆိုင်ကြုံတွေ့နေရသည့် လယ်ယာမြေပြဿနာ များကို  အထိုက် အလျောက်ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ကိုသဲရယ်က ဆိုသည်။

မြန်မာနိုင်ငံတွင် မြေယာ အသုံးချမှု မူဝါဒဆိုင်ရာများကို  လက်ရှိအချိန်ထိချမှတ်နိုင်ခြင်း မရှိသည့်အတွက် ပြည်သူများ၊ အစိုးရ နှင့် ရင်းနှီးမြုပ်နှံသူများ အကြား ပြဿနာများ ပေါပေါက်နေခြင်းဖြစ်သည်ဟု သဘာ၀ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းက  ဇွန်လ ၂၉ ရက်က နေပြည်တော်တွင် ပြုလုပ်သော အမျိုးသားအဆင့်မြေ အသုံးချမှု မူဝါဒ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ ပြောခဲ့သေးသည်။  မြေယာ ပြဿနာများနှင့် ပတ်သက်ပြီး စနစ်တကျ စီမံခန့်ခွဲနိုင်ရန် အတွက် အမျိုးသား မြေအသုံးချမှု မူဝါဒ ကို ရေးဆွဲထားပြီးဖြစ်ကာ  ဆဌမမှုကြမ်းအဆင့်ထိ ရောက်နေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly