ရီးယဲလ်နှင့် ဘာစီလိုနာတို့ နိုင်ပွဲ အသီးသီးရပြီး အက်သလက်ကို ရှုံးပွဲတွေ့ခဲ့တဲ့ လာလီဂါပွဲစဉ် (၁၁)

ရီးယဲလ်နှင့် ဘာစီလိုနာတို့ နိုင်ပွဲ အသီးသီးရပြီး အက်သလက်ကို ရှုံးပွဲတွေ့ခဲ့တဲ့ လာလီဂါပွဲစဉ် (၁၁)
(ဓာတ်ပုံ - အီးပီအေ)

အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဂါရတ်ဘေးလ်က လီဟာနက်စ်နဲ့ ပွဲမှာ ဂိုးနှစ်ဂိုးသွင်းပြီး (၃-ဝ)ဂိုးနဲ့ ရီးယဲလ် အနိုင်ရခဲ့သလို ဘာစီလိုနာအသင်းကလည်း အဝေးကွင်းမှာ ဆွာရက်ဇ်ရဲ့ ဒုတိယပိုင်း သွင်းဂိုးနဲ့ ဆီဗီလာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် နိုင်ငံတကာပွဲတွေမတိုင်မီ လာလီဂါ အသင်းကြီး နှစ်သင်းကြား အမှတ်ကွာဟမှု ကျဉ်းမြောင်းခဲ့ပါတယ်။

ရီးယဲလ်က တန်းတက် လီဟာနက်စ်အသင်းကို အိမ်ကွင်းမှာ ကောင်းကောင်း မကစားနိုင်ခဲ့တာဖြစ်ပေမယ့် အဖွင့်ဂိုးကို အစ္စကိုရဲ့ ဖြတ်တင်ပေးပို့မှုကနေ ဘေးလ်ကို ပင်နယ်တီဧရိယာအတွင်း ဘောလုံးကို တစ်ချက်ထိန်းကာ ဆွဲပြေးပြီး (၃၈) မိနစ်မှာ သွင်းယူခဲ့ပါတယ်။ ဒုတိယဂိုးကိုလည်း ဘေးလ်ကပဲ ပွဲချိန် (၄၅)မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပြီး တိုနီကရူးစ်ရဲ့ ပြစ်ဒဏ်ဘောတင်ပို့မှုကနေ လျှံကျလာတဲ့ ဘောလုံးကို လီဟာနက်စ် ဂိုးသမား ကာကွယ်ရာမှာ ဘေးလ်က အရင်ဦးပြီး ကန်သွားတာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဒဏ်ရာကနေပြန်တက်သာလတဲ့ မိုဒရစ် ဝင်ရောက်ကစားခဲ့တာကြောင့် ရီးယဲလ်အသင်း ကစားပုံ ပိုကောင်းလာပြီး သူ့ကြောင့်ပဲ တတိယဂိုး ရရှိခဲ့တာဖြစ်ပါတယ်။ မိုဒရစ်က ကွင်းလယ်ကနေ တိုနီကရူးစ်ကို ဖြန့်ပေးရာမှ တစ်ဆင့် ကရူးစ် ထိုးပေးလိုက်တဲ့ ဘောလုံးကို မိုရာတာက နောက်ခံလူ နှစ်ဦးကြားကနေ ရုန်းထွက်ပြီး (၇၆) မိနစ်မှာ သွင်းယူတာကြောင့် ရီးယဲလ်တို့ သုံးဂိုးပြန်နဲ့ နိုင်ခဲ့ပါတယ်။ ဒါကတော့ မိုရာတာအတွက် ဒီရာသီ လိဂ်ဂိုး (၄) ဂိုးထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာပွဲတွေ အပြီးမှာ ရီးယဲလ်ရဲ့ ပထမဆုံးပွဲကို မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းနဲ့ အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှဖြစ်သလို ဒီဇင်ဘာ ၃ ရက်မှာ ဒီရာသီ ပထမဆုံး El Clasico ပွဲကို ဘာစီလိုနာနဲ့  ရင်ဆိုင်ရမှာဖြစ်ပါတယ်။

လာလီဂါပွဲစဉ် (၁၁) ထဲက တစ်ပွဲဖြစ်တဲ့ ဆီဗီလာနဲ့ ဘာစီလိုနာပွဲမှာတော့ ဆီဗီလာရဲ့ ပီရက်ဇ်က အဖွင့်ဂိုးကို (၁၅) မိနစ်မှာ သွင်းယူခဲ့ပေမယ့် ပထမပိုင်းပြီးခါနီး (၄၃) မိနစ်မှာ မက်ဆီက ဘာစီလိုနာအတွက် ချေပဂိုးကို သွင်းယူခဲ့ပါတယ်။ ဘာစီလိုနာရဲ့ အနိုင်ဂိုးကိုတော့ ဆွာရက်ဇ်က မက်ဆီရဲ့ ပေးပို့မှုကနေ (၆၁) မိနစ်မှာ ဘာစီလိုနာနဲ့ (၁၁၂) ပွဲမှာ သူ့ရဲ့ (၉၅) ဂိုးမြောက်ကို သွင်းယူခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ဘာစီလိုနာက (၁၁) ပွဲကစားအပြီး ဇယားထိပ်က ရီးယဲလ်နဲ့ ၂ မှတ်အကွာ ရမှတ် (၂၅)နဲ့ ရပ်တည်နေပြီး ဆိုစီဒက်ကို ၂-၀ ဂိုးနဲ့ ရှုံးခဲ့တဲံ အက်သလက်ကိုမှာ အဆင့် (၄) နေရာမှာ ရမှတ် (၂၁) မှတ်နဲ့ ရပ်တည်နေသလို ဆီဗီလာကလည်း ဂိုးကွာချက်နဲ့ ရမှတ်တူ အဆင့် (၅) နေရာမှာ ရှိနေပါတယ်။

လာလီဂါပွဲစဉ် (၁၁) ရလဒ်များ

ရီးယဲလ် ၃-၀ လီဟာနက်စ်
ဆယ်လ်တာဗီဂို ၂-၁ ဗလင်စီယာ
အက်စပန်ညို ဝ-၀ ဘီလ်ဘာအို
ဗီလာရီးယဲလ် ၂-၀ ဘက်တစ်
ဆီဗီလာ ၁-၂ ဘာစီလိုနာ
ဂရန်နာဒါ ၁-၁ ဒီပို့တီဗို
ဆိုစီဒက် ၂-၀ အက်သလက်တီကို
အိုဆာဆူနာ ဝ-၁ အလာဗတ်စ်
လက်စ်ပါမားစ် ၁-၀ အီဘာ
မာလာဂါ ၃-၂ စပို့တင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags